Breaking News

တာရို - ၂၀၂၂ မတ်လ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော




တာရို - ၂၀၂၂ မတ်လ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော

(မိုးမခ) မတ် ၅၊ ၂၀၂၂



၂၀၂၂ မတ်လ မြန်မာပြည်တွင်း နေထိုင်သော မြန်မာပြည်သူပြည်သားများအတွက်ကိုသာ ရည်ရွယ်ပြီး တားရော့ကဒ်တွေ ချကြည့်ပါတယ်။ General Reading ဖြစ်လို့ သိပ်ကြီးလည်း Serious ယူစရာမလိုပါ။ ဒါ့အပြင် ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သော မြန်မာပြည်သူများရဲ့ ယုံကြည်မှုကြောင့် မကောင်းသော ကံများကလည်း ကောင်းသောကံများအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အပြန်အလှန်လည်း ဖြစ်နိုင်တာကြောင့် ဘုရားတရား မမေ့ကြပါနဲ့။

မတ်လဟာ အဆိုးကြီးမဟုတ်လို့တော့ ပြောလို့ရပေမယ့် အုပ်ချုပ်သူပိုင်းဆိုင်ရာနဲ့ နှိုင်းလိုက်ရင် အခြေအနေက ကိုယ့်ဘက်က သိပ်မကောင်းဘူး။ ထိပ်ပိုင်းက သူတွေအတွက် ဖေဖော်၀ါရီလတုန်းက ပြောခဲ့တဲ့အတိုင်း ဆက်လက် တည်ရှိနေပြီး ပိုလာတာက ငွေရေးကြေးရေး အကျပ်အတည်း ကြုံတွေ့နေတာနဲ့ သူတို့လုပ်ပိုင်ခွင့်တွေ ရှိနေသေးတာဖြစ်ပါတယ်။ သူတို့က သတင်းကောင်းတွေတောင် ကြားနေရတာတို့၊ ပြဿနာတချို့တလေ ဖြေရှင်းနေရတာတို့လောက်သာ ရှိနေတယ်။

မြန်မာပြည်တွင်းက သူတွေ၏ စိတ်ပိုင်းဆိုင်ရာကို ကဒ်တွေ ထပ်ချဖြစ်ခဲ့တယ်။ စိတ်အခြေအနေဟာ တည်ငြိမ်နေတယ်။ သတင်းစကားတစ်ခုဟာ ရလာလိမ့်မယ်ဆိုသောလည်း ဒီသတင်းဟာ သိပြီးသားဖြစ်နေတာမျိူး ဖြစ်နေတတ်တယ်။ လူတွေဟာ စိတ်ဆိုးလွယ်နေကြတယ်။ ကိုယ်လိုချင်တာကို တောင်းဆိုတာမျိုးတွေ လုပ်တတ်တယ်။ အလုပ်အကိုင် လောဘကြီးလာတယ်။ သူလျှိုသဘောမျိူး ကိုယ့်ကို စောင့်ကြည့်တာမျိုးတွေ ရှိလာနိုင်တယ်။ တဖက်က အခြေအနေအားဖြင့် သတင်းတွေနဲ့ မွှေးနေလိမ့်အုံးမှာမို့ ကိုယ့်ဘက်က အတော်လေး စိတ်ဓာတ်ကျနေလိမ့်မယ်။ သို့သော်လည်း အမှန်တရားသည် အကြာကြီးတော့ ပုန်းမနေတာမို့ သိပ်လည်း စိတ်ကို ချမပစ်ပါနဲ့လို့ သတိပေးချင်ပါတယ်။ ကိုယ့်ဘက်က အချင်းချင်း သစ္စာဖောက်ခံရတာမျိုး ကြုံစရာ ကြီးကြီးမားမား မတွေ့ရပါ။ ဒါကြောင့် ဘက်တူတဲ့သူအချင်းချင်း အထင်လွဲတာတို့ ရန်စကားများတာတို့ ရှောင်ရှားရပါမယ်လို့ သတိပေးထားပါတယ်။ တော်တော်များများသော သူတွေကတော့ ကြုံနေကျ အခြေအနေကို နေတတ်နေကြပြီ။ အရေးကြီးအလုပ်တွေနဲ့ အချိန်ကုန်အောင် နေနေကြပြီ။ အချင်းချင်း တွေ့ဆုံပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာကိုလည်း တတ်နိုင်သလောက် ကုစားနေကြပါပြီ။ ဒီနှစ်သင်္ကြန်တော့ ထိန်းချုပ်မှုတွေနဲ့ ဆက်သွားရလိမ့်အုံးမယ်။ သတင်းကောင်းရရင်တောင် သင်္ကြန်အပြီးလောက်မှ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ နောက်တလ ကဒ်တွေ ထပ်ချရင် ကောင်းတာတွေ ပြောင်းလဲသွားနိုင်ပါသေးတယ်။ ဒါကြောင့် ဘုရား တရား ရတနာသုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ပါလေ။

ရုရှားနဲ့ ယူကရိန်း စစ်ပွဲနဲ့ ကမ္ဘာ့အခြေအနေကို မိုးမခ အယ်ဒီတာရဲ့ တောင်းဆိုချက်ကြောင့် ကြည့်မိတယ်။
ကိုယ့်တိုင်းပြည်က လူတွေအတွက် မဟုတ်တော့ သိပ်ညှာတာပြီး ရေးစရာမလိုဘူးလေ။ ကိုယ့်လူတွေကျတော့ စိတ်ဓာတ်ကျမှာ စိုးရိမ်ပြီး၊ ရှောင်ပြီး ညှာတာရေးမိတာမျိုးတွေ ဖြစ်တတ်တယ်။ ရုရှားကတော့ ငွေရေးကြေးရေး ကြီးကြီးမားမား ဆုံးရှုံးမှုတွေ ထပ်ရလိမ့်အုံးမယ်။ သူလည်း ရွေးချယ်စရာတွေ များတယ်။ စိတ်တော့ အတော်ကြီးကို ညစ်နေလိမ့်မယ်။ ရတာမလို၊ လိုတာမရ ဆိုတာ သူ့အတွက် ဖြစ်နေတယ်။ အပေါ်ပဲ ဆက်တက်ရမလို အောက်ပဲ ပြန်ဆင်းရမလို စိတ်ဒွိဟတွေ ဖြစ်နေတယ်။ ရှရှားကတော့ ပွဲကို အမြန်ပြီးအောင် လုပ်လိမ့်မယ် ဘယ်လိုလုပ်မယ်တော့ မသိဘူး။ သူတို့က ကြောက်စိတ်လည်း မရှိဘူးဆိုတော့ ဘာမှဂရုစိုက်မှာတော့မဟုတ်ဘူး။ ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ရှိလာလိမ့်မယ် အဲဒီအခါ ဆုံးရှုံးမှုနည်းနည်းနဲ့ အနိုင်ရတဲ့နည်းကို ရွေးချယ်လိမ့်မယ်တဲ့။ ပွဲဟာ အဆိုးထဲက အကောင်းဖြစ်လာနိုင်သလို အဲဒီကနေ မျှော်လင့်ချက် တစုံတရာရလာတတ်တယ်။ ဘာကြောင့်လို့ဆိုတော့ ရလဒ်က ဆုံးရှုံးတာရယ်၊ အရင်တုန်းက ရှိနေခဲ့တဲ့ ပျော်ရွှင်မှုကနေ တန်ဖိုးကြီးအရာတစ်ခု တစ်စုံတခု လက်လွှတ်လိုက်ရတာ ကြုံရတတ်လို့ဖြစ်တယ်။ အသိဉာဏ်နဲ့ဆုံးဖြတ်မှသာ အဲဒီဘေးကနေ လွတ်လိမ့်မယ်။ သူ့ကို ဆန့်ကျင်တဲ့ဘက်က ခုခံစစ် သိပ်ကို ပြင်ဆင်ထားကြတယ်တဲ့။ တိုက်ဖို့ထက်ခုခံဖို့ ပိုများတယ်။ အောင်မြင်နိုင်ခြေရှိတယ်။ သူတို့အတွက် ပြောင်းလဲမှုတစ်စုံတရာဖြစ်လာနိုင်တယ် အကောင်းဖက်ကို များပါတယ်တဲ့။

မတ်လအတွက်တော့ ဒီလောက်ပဲလို့ ရပ်ပါ့မယ်။ တားရော့ကဒ်တွေကို မိုးမခအတွက် သီးသန့် ကြည့်ပေးတာပါ။ ခု မိုးမခ ပရိတ်သတ်တွေအတွက် ၁၂ လရာသီခွင် တားရော့ ကြည့်ပေးလိုက်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုသာ အဓိကထားပါတယ်။ general reading သာဖြစ်ပါတယ်။ တားရော့ကဒ်တွေ ရဲ့ သဘောတရားက ချလိုက်တဲ့ ကဒ်တွေရဲ့အဓိပ္ပာယ်ကို ပြန်ပေးတာဖြစ်ပါတယ်။ သဘောအားဖြင့် မိုးအုံ့နေလို့၊ ထီးယူသွားပါလို့ပြောလိုက်လို့ တကယ်မိုးရွာရင် မင်း ပြောတာမှန်တယ်လို့ ချီးကျူးမယ်။ မိုးမရွာရင် မင်းကြောင့် ထီးကြီးတန်းလန်းတန်းလန်းနဲ့ အလုပ်ရှူပ်လိုက်တာ ဆိုပြီး အပြစ်တင်ခံရမယ်။ ဆိုတော့ ကိုယ်နဲ့ တိုက်ဆိုင်မှသာ အဆင်ပြေမယ်ဆိုတာပါပဲ။ ဒါကြောင့် အားလုံးလည်း ယုံစရာမလို မှန်ရင်တောင် အခုကနေ ၂ ပတ်လောက်အတွင်းသာ အလွန်ဆုံး တလ လောက်သာလို့ ဆိုလိုက်ပါရစေ။ အားလုံး ပျော်ရွှင်ကြပါစေ။

Aries (၂၁ မတ် - ၁၉ ဧပြီ)


သင့်အတွက် အရေးပါတဲ့ သတင်းစကားမျိုးရတတ်ပါတယ်။ သင် လိုချင်တဲ့ အောင်မြင်မှုမျိုးကို ရလာမယ်။ အရေးကြီးတာက ကိုယ် ဘယ်အရာကို အလေးထားရမယ်ဆိုတာ သိဖို့လိုပါတယ်။ ပျော်စရာတွေ ကြုံရတတ်ပါတယ်။ နွေးထွေးတဲ့ မိခင်မေတ္တာမျိုးကို ရယူပြီး လိုချင်တာ ဆုတောင်းပါ။ မမျှော်လင့်တဲ့ အငြင်းအခုံဖြစ်ရတာ မျိုး ကြုံရတတ်ပါတယ်။ ဒါပေမဲ့ အဲသည်ကနေ ကိုယ်လိုချင်တဲ့ ရလဒ်မျိုး ရလာတတ်ပါတယ်။ လုံခြုံမှု၊ စိတ်ချမှု စတဲ့ အကောင်းတွေ ရှိပါတယ်။ မိသားစု ဆက်ဆံရေး ပေါင်းသင်း ဆက်ဆံရေးမှာ အကောင်းမြင်ပါတဲ့။

Taurus(၂၀ ဧပြီ - ၂၀ မေ)

မမျှော်လင့်တဲ့ ပြောင်းလဲမှု စိန်ခေါ်မှုတွေ ကြုံရတတ်ပါတယ်။ ကိုယ် ဘာလဲဆိုတာတောင် ပြန်တွေးယူရတတ်တာမျိုးတွေ ဖြစ်တတ်တယ်။ ပြောင်းလဲမှုကနေ အမှန်တရားကို မြင်လာမယ်။ ရှေ့ကိုသာ ဆက်တိုးဖို့ စဉ်းစားပါ။ အဲသည်လို ကြုံလာပြီးတဲ့နောက် ဘ၀အသစ်တစ်ခုကို ပြန်စရတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်က သိပ်စိတ်တိုင်းမကျပေမယ့်လို့ သေချာတာကတော့ ခိုင်မာတဲ့ အခြေအနေ ဖြစ်လာတယ်ဆိုတာ ဖြစ်ပါတယ်။ စိတ်ရှည်ပါ။ လှပတဲ့အနာဂတ်က မမြင်ရသေးတာမို့ သည်းခံပြီး စောင့်ဆိုင်းဖို့ အကြံပေးထားပါတယ်။

Gemini (၂၁ မေ - ၂၀ ဂျွန်)

စိန်ခေါ်မှုတွေကနေ အသီးအပွင့်တွေ တွေ့ရတတ်ပါတယ်။ သင့်ဘေးကသူတွေက သင့်အပေါ် စိန်ခေါ်နေကြတယ်လို့ သင့်စိတ်ထဲ ဖြစ်လာရင် သူတို့က သင့်မှာရှိတဲ့ အရာတွေကို သဘောကျနေတာလို့ တွေးလိုက်ပါ။ မကောင်းမြင်စိတ်က သင့်ကို ဒုက္ခပေးတတ်လို့ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုက သင်နဲ့ ထိုက်တန်လို့ ရတာလို့ မြင်ပါ။ သင်အရင်တုန်းက ခံခဲ့ရတာ ပေးဆပ်ခဲ့ရတာတွေက အခုသင့်ဆီ ကံကြမ္မာ တပတ်ပြန်လည်လာတယ်လို့ သဘောထားပါ၊ အရာရာ အကောင်းမြင်ဖို့ ထပ်သတိပေး လိုက်ပါရစေ။

Cancer( ၂၁ ဂျွန် - ၂၂ ဂျူလိုင်)

ဒီမတ်လကတော့ သင့်အတွက် အတော်လေး ကောင်းတဲ့လဖြစ်တယ်။ မိသားစု ဆုံစည်းရတာ အမှတ်တရတွေ ကြုံရတာ ဖြစ်လာတတ်ပါတယ်။ ခိုင်မာတဲ့ မာန်တိုင်တစ်ခုကို ဆိုက်ထူလိုက်ရသလို ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်မှာ ပိနေတဲ့ တာ၀န်တွေက ၀န်ထုပ်၀န်ပိုးလို ဖြစ်နေတယ်။ အရေးကြီးတာလောက်သာ တာ၀န်ယူပြီး သိပ်အရေးမပါတာတွေ လွှတ်ချလိုက်ပါ။ ဒါ ဆိုရင် သင့်အတွက် လှပတဲ့ အနာဂတ်က ကြိုနေပါလိမ့်မယ်။

Leo (၂၃ ဂျုလိုင်- ၂၂ ဩဂုတ်)

သင့်အတွက် သိပ်ကိုကောင်းတဲ့ အနာဂတ် ရှိနေတယ်။ လိုတာထက်တောင်ပိုရနေသလို တောင်ဖြစ်နေတယ်။ အလုပ်အသစ်တစ်ခု လုပ်ဖို့ဖြစ်စေ၊ အကြောင်းအရာတစ်ခုကြောင့်ဖြစ်စေ ရလာမယ့် ရလဒ်ကို စိုးရိမ်ပြီး ‌‌ဝေခွဲ မရ ဖြစ်နေတတ်တယ်။ ရှေ့ကို အရမ်းကြီးတွေးပြီး ကြောက်နေတာမျိုး ဖြစ်နေတတ်တယ်။ အရေးတကြီးကိစ္စတွေကို စိတ်မချရင် ရှေ့နေနဲ့ တိုင်ပင်တာမျိုး၊ ဖခင်ဖြစ်စေ ယုံကြည်ရတဲ့ လူဖြစ်စေ အကူအညီတောင်းပြီး လုပ်ပါ။ ဆုံးဖြတ်ချက်တစ်ခုကို မဖြစ်မနေ ချရတော့မယ့် အခြေအနေမျိုး ကြုံရတတ်ပါတယ်။


Virgo (၂၃ ဩဂုတ် - ၂၂ စက်တင်ဘာ)

စိတ်ပိုင်းဆိုင်ရာမှာ အကြံသစ်တွေ ရလာတတ်တယ်။ အလုပ်အကိုင်နဲ့ပတ်သက်လို့ တော်တော်လေး အဆင်ပြေတာမျိုး ကြုံရတတ်ပါတယ်။ ကိုယ်က အကောင်းမြင်ရင် မြင်တတ်သလို တိုးတက်မှုရှိတယ်။ ဆိုလိုတာက ကိုယ်က ကောင်းတယ်လို့ထင်ရင် ကောင်းတယ်၊ မကောင်းဘူးထင်ရင် ကိုယ်ပဲ စိတ်ဆင်းရဲမယ့် သဘောလေးတွေ ရှိတာကြောင့် ကိုယ်နဲ့ပဲ အကောင်း အဆိုး ဆုံးဖြတ်တာမျိုး ဖြစ်နေတတ်တယ်။

Libra (၂၃ စက်တင်ဘာ - ၂၂ အောက်တိုဘာ)

ကိုယ့်မှာ အလုပ်အကိုင်နဲ့ပတ်သက်လို့ ဖြစ်ဖြစ် တီထွင်ကြံဆမှုပဲ ဖြစ်ဖြစ် အရည်အချင်းရှိပြီးသား ဖြစ်နေတယ်။ ဒါပေမဲ့ ကိုယ် ဖန်တီးတည်ဆောက်လိုက်တဲ့ အရာကို ဘယ်သူကမှ ကိုယ်မျှော်လင့်သလောက် အားပေးမှု မရတတ်ဘူး။ အဲဒါ အရေးမကြီးပါဘူး ကိုယ်ဖန်တီးတဲ့အရာ စိတ်တိုင်းကျအောင်သာ လုပ်ပါ။ ကိုယ့်အလုပ် ကိုယ်ကျေနပ်ဖို့သာအဓိကပါ လို့ယူဆပါ။ တဖက်ကလည်း ကိုယ့်စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ရှေ့တန်းတင်မိတာကြောင့် အမှားလုပ်မိတတ်ပါတယ်။ အချစ်ရေးမှာ ကိုယ်ကြိုးစားသလောက် အရာမထင်တတ်ဘူး။ မနာလိုဖြစ်တာ။ လိမ်ညာတာမျိုး ကြုံရတတ်ပါတယ်။ ကိုယ့်ကို မထိခိုက်အောင်နေပါ။

Scorpio (၂၃ အောက်တိုဘာ - ၂၁ နို၀င်ဘာ)

ကိုယ် မျှော်လင့်တဲ့ သတင်းစကားမျိုး ကြားရတတ်တယ်။ ကိုယ် ဘာလိုချင်တာလဲဆိုတာ သေချာပါစေ။ အတိတ်ကထက် ပိုပြီးကောင်းတဲ့ အခြေအနေမျိုး ကြုံရတတ်ပါတယ်။ ကျန်တာတော့ ကံကိုသာ ပုံထားလိုက်ပါ။ ပတ်၀န်းကျင်နဲ့ ဟာမိုနီဖြစ်တဲ့ ဆက်ဆံရေးမျိုး ဖြစ်လာတတ်တယ်။ တည်ငြိမ်မှု၊ လုံခြုံမှု သေချာမှု စတာတွေ ဖြစ်လာပါတယ်။ ငွေရေးကြေးရေး အဆင်ပြေတာ။ မိသားစုရေး ကံကောင်းတာ ကြုံရတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မူ ရှိဖို့ သတိပေးထားပါတယ်။

Sagittarius (၂၂ နို၀င်ဘာ - ၂၁ ဒီဇင်ဘာ)

ကိုယ်လုပ်ထားတဲ့ ကိစ္စတစ်ခုအတွက် ရလဒ်တစ်ခုကို စောင့်နေရတတ်တယ်။ ကိုယ့်ရဲ့ အားထုတ်မှုဟာ ဘယ်လိုဖြစ်လာမလဲလို့ စောင့်နေတာမျိုးပေါ့။ ဒါပေမဲ့ ကိုယ်က အကောင်းမြင်သမားမို့ သိပ်စိတ်မပူပါနဲ့တဲ့။ ကိုယ်က သေချာလုပ်ထားတာဆိုရင် စိုးရိမ်စရာကိုမလိုတာပါ။ ကိုယ့်ကို တိုက်ခိုက်တာ မကောင်းမြင်တာမျိုး ရှိတတ်တယ်။ အဒါတွေက အိပ်မက်ဆိုးတွေလိုပဲ သူ့ဘာသာ ပျောက်ပျက်သွားမှာပါ။ သင့်ကို မကောင်းကြံတဲ့သူတွေ ကို ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့ အကြံပေးထားတယ်။ သိပ်တော့မလွယ်ပါဘူး။ အပြောတော့လွယ် အလုပ်ခက်တယ် ဆိုရမလားပဲ။

Capricorn (၂၂ ဒီဇင်ဘာ - ၁၉ ဇန်န၀ါရီ)

အခုကာလကတော့ သင့်အတွက် တကိုယ်တည်း ခံစားနေရမယ့် အချိန်လို့ဆိုတယ်။ ပတ်၀◌န်းကျင်နဲ့ အဆက်အသွယ်ဖြတ်ပီး နေချင်နေတတ်တယ်။ ဒီလိုနေရင်းကနေ သင့်စိတ်ကို သင်နားလည်လာမယ်တဲ့။ အဖြေတစ်ခု ထုတ်လာမယ်။ ကံကြမာကလည်း သင့်ကို အကောင်းဘက်ကို တွန်းပို့လာပါလိမ့်မယ်။ ကိုယ်ဆိုလိုတာကို တည့်တည့်ပြောပါ လှည့်စားတယ်ဆိုတဲ့ စကားလုံးက ကိုယ့်စကားမဟုတ်ပါဘူးတဲ့။

Aquarius (၂၀ ဇန်န၀ါရီ - ၁၈ ဖေဖော်၀ါရီ)

သစ္စဖောက်ခံရတာမျိူးကို သတိပေးထားပါတယ်။ တပါးသူရဲ့ကြားထဲ ဘုမသိဘမသိ တန်ဆာခံဖြစ်သွားတာမျိူး ကြုံဖူးကြမှာပါ။ အဆန်းတော့ မဟုတ်ပါဘူး။ အရေးကြီးတာက ကိုယ်မှန်တယ် ရိုးသားတယ်ဆိုရင် ဘာမှ ကြောက်စရာမလိုပါဘူးတဲ့။ ပြီးတော့ ကိုယ့်နှလုံးသားကို ကိုယ် မလိမ်ညာဖို့သာ လိုပါတယ် အရာရာဟာ အေးဆေးပါပဲတဲ့။ သင်ဟာ အတွေ့အကြုံတွေ များတယ်၊ တော်တော်လေးလဲ ခံခဲ့ပီးပြီ၊ ဆုံးရှုံးမှုကိုလည်း သိပြီးဆိုတော့ ဘာတွေများထပ်လာအုံးမလဲ ဆိုပြီး စိတ်တော့ ညစ်မှာပဲတဲ့။ နားလည်လက်ခံခြင်းဆိုတဲ့ စကားလုံးက သင့်အတွက်ပဲလို့ ပြောထားပါတယ်။

Pisces (၁၉ ဖေဖော်၀ါရီ - ၂၀ မတ်)

ကိုယ့်အတွက် သူများအတွက် ဆိုပြီး စိုးရိမ်စိတ်များတာ စိတ်ပူပန်မှုတွေနဲ့ ပြည့်နေတာမျိူးတွေ ဖြစ်နေတယ်။ တကယ်တော့ သေချာစဉ်းစားကြည့်ရင် ဖြေရှင်းဖို့ အခွင့်အရေးတွေ ရှိတယ်။ မလိုအပ်ဘဲ စိတ်က များနေတာသာ ဖြစ်တယ်တဲ့။ ပြီးတော့ ကိုယ်က အတွင်းစိတ်ထဲ ခံစားတတ်တယ်။ ဒါဟာလည်း အမှန်တော့ စိတ်ကို ထိန်းချုပ်တတ်တဲ့သဘော ဖြစ်ပါတယ်။ မျှတမှု၊ အဆင်ပြေမှု၊ စိတ်ချမှုဆိုတာ သင့်အတွက်ပါတဲ့။ ငွေရေးကြေးရေး ရုပ်ပိုင်းဆိုင်ရာတွေမှာ စိတ်မပူရတော့တာမျိုး ဖြစ်လာတတ်ပါတယ်။ အပြောင်းအလဲတစ်ခုကို လှမ်းရတော့မယ်တဲ့။ ကောင်းသော အပြောင်းအလဲ ဖြစ်ပါတယ်။

တာရို 

(မှတ်ချက် - ရက်စွဲများ အနည်းနဲ့အများ မှားနေပါက ပြင်ဆင်ဖတ်လိုက်ပါ ကျေးဇူးပါ။)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar