Breaking News

အာဏာသိမ်းမှုနောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီတို့နှင့် ကွင်းဆက်များရှိသည့် လက်နက်ပွဲစားက စစ်ကောင်စီအား စစ်လက်နက်ပစ္စည်းများပေးသွင်းခဲ့

အာဏာသိမ်းမှုနောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီတို့နှင့် ကွင်းဆက်များရှိသည့် လက်နက်ပွဲစားက စစ်ကောင်စီအား စစ်လက်နက်ပစ္စည်းများပေးသွင်းခဲ့
(မိုးမခ) မတ် ၅၊ ၂၀၂၂

Dynasty Group of Companies ဟု အများသိကြသည့် အရေးပါသည့် မြန်မာစစ်လက်နက် ကုန်သွယ်ရေးကုမ္ပဏီ Dynasty International သည် စစ်တပ်၏ တရားမဝင်စစ်အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူပေးခဲ့သည်။

Dynasty International သည် ဘီလာရုစ်အစိုးရနှင့် နီးကပ်သည့်ဆက်နွယ်မှုများရှိပြီး ဘီလာရုစ်၊ ရုရှားနှင့် ဂျာမနီနိုင်ငံများမှ စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုများတွင် ကြားခံပွဲစား အဖြစ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကုမ္ပဏီကို ဒေါက်တာအောင်မိုးမြင့်က ဦးဆောင်ပြီး ၎င်းသည် ဘီလာရုစ်နိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် မြန်မာနိုင်ငံရှိ ဘီလာရုစ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များအသင်း၏ ကိုယ်စားလှယ်လည်း ဖြစ်ပါသည်။
 
ကုန်သွယ်ရေးဒေတာဘေ့စ် ImportGenius ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ မတ်လတွင် Dynasty International သည် Mi-17 စက်ပစ္စည်းအစိတ်အပိုင်းများကို Ural Avia ထံမှ တင်သွင်း ခဲ့သည်။ ရုရှားနိုင်ငံ၊ Yekaterinburg မြို့ အခြေစိုက် Ural Avia ကုမ္ပဏီသည် Mil ရဟတ်ယာဥ် အစိတ်အပိုင်းများပေးသွင်းခြင်းနှင့် လေယာဉ်ပြုပြင်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်သည်။ 

Mi-17 ရဟတ်ယာဥ်များကို စစ်ဘက်သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုပါသည်။
ဧရာဝတီသတင်းဌာန၏ အဆိုအရ ဒေါက်တာအောင်မိုးမြင့်သည် ယခင်စစ်အစိုးရ၏ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြင့်၏ သား ဖြစ်သည်။
 
ဒေါက်တာအောင်မိုးမြင့်သည် Dynasty International ကုမ္ပဏီကို ၎င်း၏ အမွှာညီအစ်ကိုဖြစ်သူ လှိုင်မိုးမြင့်၊ မျိုးသစ္စာတို့နှင့်အတူ ဦးစီးဆောင်ရွက်သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် လှိုင်မိုးမြင့်က ကုမ္ပဏီမှ နှုတ်ထွက်ခဲ့သည်။ အဆိုပါကုမ္ပဏီကို Dynasty Group of Companies အဖြစ် ညွှန်းဆို သုံးနှုန်းမှုများ ရှိနေသော်လည်း မြန်မာကုမ္ပဏီများမှတ်ပုံတင်စာရင်းတွင် အဆိုပါအမည်နှင့် တရားဝင် လုပ်ငန်း မတွေ့ရပါ။ 

ဘီလာရုစ်သည် အရေးပါသော စစ်လက်နက်တင်ပို့သည့်နိုင်ငံဖြစ်ပြီး မြန်မာစစ်တပ်နှင့် စစ်ဘက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်တစ်ရပ်လည်း ထားရှိသည်။ 

SIPRI အချက်အလက်များအရ မြန်မာနိုင်ငံသို့ ဘီလာရုစ်က စစ်လက်နက်ရောင်းချမှုများတွင် ၂၀၁၆ ခုနှစ်က ပေးပို့ခဲ့သော Kvadrat-M မြေပြင်မှဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် နှစ်ခု၊ ၂၀၁၅-၁၆ ခုနှစ်တွင် ပေးပို့ခဲ့သည့် 3M9 မြေပြင်မှဝေဟင်ပစ် ဒုံးကျည် (၁၀၀)၊ ၂၀၁၉ ခုနှစ်တွင် ပေးပို့ခဲ့သည့် Mi24/Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်  ( ၂ )စီးတို့ ပါဝင်ခဲ့သည်။

ဒေါက်တာအောင်မိုးမြင့်သည် မြန်မာစစ်တပ်အတွက် ဘီလာရုစ်နိုင်ငံမှ အဆိုပါစစ်လက်နက်ဝယ်ယူ မှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ဖွယ် ရှိသည်။

ဘီလာရုစ်စစ်လက်နက်ရောင်းချမှုများတွင် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့သော Dynasty ၏ ခြေရာလက်ရာတစ်ခုကို Distributed Denial of Secrets က ထုတ်ပြန်ခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း အပြန်အလှန်ဆက်သွယ်ထားသော အီးမေးလ်တွင် တွေ့ရသည်။ Dynasty Group မှ မျိုး နှင့် ဘီလာရုစ်ကုမ္ပဏီ Tetraedr UE ၏ "Leading specialist" တစ်ဦးဖြစ်သူတို့အကြား အဆိုပါ စာအသွားအလာတွင် စစ်လက်နက်ရောင်းချမှု ညှိနှိုင်းပေးခြင်းအတွက် Dynasty က ဝန်ဆောင်ခ ရရှိမည်ဖြစ်သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ညှိနှိုင်းဆွေးနွေးမှုများကို ဖော်ပြထား သည်။ Tetraedr ၏ ထုတ်ကုန်များတွင် ဒုံးကျည်စနစ်များ၊ ရေဒါနှင့် လေကြောင်းပစ်မှတ်စနစ်များ ပါဝင်ပါသည်။

မျိုးသစ္စာဖြစ်ဖွယ်ရှိသည့် မျိုးဆိုသူက “အခြားသောသက်ဆိုင်ရာ တတိယအဖွဲ့အစည်းများထံမှ ဖြစ် လာနိုင်သည့် အဟန့်အတားများကိုရှောင်ရှားခြင်းဖြင့် စီမံကိန်းများ ထိထိရောက်ရောက် ပြီးမြောက် အောင်မြင်စေရန်” ရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို သိုသိုသိပ်သိပ်လုပ်ဆောင်ရန် တောင်းဆိုခဲ့ပါသည်။ 

မြန်မာစစ်တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ဒေါက်တာအောင်မိုးမြင့်သည် စစ်ကောင်စီနှင့် “နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မြင့်တင်နိုင်ရေး” ဆွေးနွေးရန် ဘီလာရုစ် နိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ 
ထိုသို့သွားရောက်စဉ် ဒေါက်တာအောင်မိုးမြင့်အား အသိအမှတ်သည့်အနေဖြင့် ဘီလာရုစ်အစိုးရက ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ဆုတံဆိပ်တစ်ခုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့သည်။ 

ဘီလာရုစ်နိုင်ငံသည် ပြီးခဲ့သည့်ဇွန်လတွင် “မြန်မာနိုင်ငံသို့ စစ်လက်နက်စီးဝင်မှုမှကာကွယ်ရန်” ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုသည့် ကုလသမဂ္ဂအထွေထွေညီလာခံပြဌာန်းချက် တစ်ရပ်ကို ကန့်ကွက်မဲပေးခဲ့သည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်ခဲ့ပါတယ်။

◾️ Dynasty International ၏ ဂျာမနီနိုင်ငံနှင့် ကွင်းဆက်များ
Dynasty International သည် ဂျာမနီလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Grob Aircraft SE ၏ မြန်မာနိုင်ငံမိတ်ဖက် ဖြစ်သည်။ Grob အနေဖြင့် Dynasty International၊ မြန်မာစစ်တပ်တို့နှင့် ၎င်းတို့စီးပွားရေးလုပ်ငန်းများ၏ လက်ရှိအခြေအနေနှင့်ပက်သက်သည့် မေးခွန်းများကို တုန့်ပြန် ဖြေကြားခဲ့ခြင်း မရှိပေ။ 

မြန်မာ့လေတပ်သည် Grob G 120P အမောင်းသင် လေယာဉ် ၂၀ ပါဝင်သည့် လေယာဥ်အုပ် တစ်အုပ်ကို ပိုင်ဆိုင်ထားသည်။ အဆိုပါလေယာဉ်များကို ဒေါက်တာအောင်မိုးမြင့်က ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည့် အရောင်းအဝယ် တစ်ခုအရ ၂၀၁၅ ခုနှစ်မှစ၍ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအရောင်းအဝယ်အကြောင်း သိရှိသည့် ရင်းမြစ်တစ်ခု၏အဆိုအရ အဆိုပါလေယာဉ်တွင် ပစ်မှတ်ရှာစနစ်များ တပ်ဆင်ထားသည်။ သို့ရာတွင် Justice For Myanmar က သီးခြား အတည်ပြု နိုင်ခြင်းမရှိသေးပေ။ Grob အနေဖြင့် မှတ်ချက်ပေးရန်တောင်းဆိုမှုကို တုန့်ပြန်ဖြေကြားခြင်း မရှိပါ။

ထို့အပြင် ပေါက်ကြားလာသည့်စာရွက်စာတမ်းများတွင် Grob လေယာဉ်အုပ်အတွက် ထိန်းသိမ်း ပြုပြင်ရာတွင် မြန်မာစစ်တပ်အား Dynasty ၏ ပံ့ပိုးကူညီနေသည့် အခန်းကဏ္ဍကို ဖော်ပြထားသည်။ 

မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ဆင်ရေး ပြုလုပ်နေချိန် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် Grob ကုမ္ပဏီမှ “နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်များ” သည် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရန် အဆင့်မြင့်လေတပ်အရာရှိကြီးများနှင့် အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့သည်။

ပေးစာတစ်ခုတွင် Dynasty Group အား Grob ၏ “မိတ်ဖက်ကုမ္ပဏီ” အဖြစ် ဖော်ပြထားသည်။ 

လျှို့ဝှက်ပေါက်ကြားလာသည့် ကာကွယ်ရေးဝန်ကြီးဌာန စာရွက်စာတမ်းတစ်ခုအရ ၂၀၁၇ ခုနှစ်တွင်လည်း Grob ကုမ္ပဏီက မြန်မာစစ်တပ်နှင့် ယူရို (၃၂၂,၂၉၂) တန် စာချုပ်အရ Dynasty ကုမ္ပဏီသို့ စက်အပိုပစ္စည်း အစိတ်အပိုင်း (၁၄) ခု ပေးပို့ခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် တရားမဝင်စစ်ကောင်စီက မြန်မာစစ်တပ်၏ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် Grob လေယာဉ်များ ပါဝင်ပြသခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားသည့် မှတ်တမ်းများအရ ထိုနေ့တွင် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်သည့် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူပေါင်း (၁၆၀) ကျော်အား သတ်ဖြတ်ခဲ့သည်။

◾️စစ်လက်နက်တင်သွင်းသူများကို ဒဏ်ခတ်ပိတ်ဆို့အရေးယူပါ
Dynasty International နှင့် ဒေါက်တာအောင်မိုးမြင့် အပါအဝင် ၎င်း၏ ရှယ်ယာရှင်များသည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေပြီး ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများမှ အကျိုးအမြတ်များ ရရှိနေပါသည်။

Dynasty International နှင့် ပါဝင်သည့် လူပုဂ္ဂိုလ်များ၊ Ural Avia၊ မြန်မာစစ်တပ်သို့ စစ်လက်နက်ပစ္စည်းများနှင့် စပ်ဆက်ပစ္စည်းများ ပေးသွင်း/လွှဲပြောင်း‌ပေးကြသည့် အခြားသော စီးပွားရေးလုပ်ငန်းအားလုံးနှင့် လူပုဂ္ဂိုလ်များအား ချက်ချင်း ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က တောင်းဆိုပါသည်။

မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အခြားသော စစ်လက်နက်ပွဲစားကုမ္ပဏီ (၈) ခုနှင့်အတူ Dynasty International အား အမည်ပျက်စာရင်း သွင်းထားခဲ့ပြီးဖြစ်သည်။ လက်ရှိအခြေအနေမျိုးတွင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မဖြစ်မနေ လိုက်နာလုပ်ဆောင်ရပါမည်။ 

Dynasty International သည် ဥရောပသမဂ္ဂနှင့် ဆက်နွယ်မှုများရှိပြီး ယူရိုငွေကြေးဖြင့် ငွေလွှဲ ပြောင်းမှုများ ဆောင်ရွက်ခဲ့ပါသည်။ Dynasty International အား ဥရောပဈေးကွက်အသုံးပြုမှု ပိတ်ပင်ရန် ဂျာမနီနိုင်ငံနှင့် ဥရောပသမဂ္ဂတို့တွင် အထူးတာဝန်ရှိပါသည်။

မြန်မာစစ်တပ်သည် အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ အရပ်သားပြည်သူများကို ဆက်လက် သတ်ဖြတ်နေသည်။ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဆင်ရေးတွင် သော့ချက်မဟာဗျူဟာတစ်ရပ် ဖြစ်ပါသည်။ Grob အနေဖြင့် မြန်မာ့ လေတပ်၏ စွမ်းဆောင်နိုင်စွမ်းကိုမြှင့်တင်ပေးခြင်းဖြင့် မြန်မာစစ်တပ်၏ ရာဇဝတ်မှုများအား အားပေးကူညီနေခဲ့ပြီး ဖြစ်သည်။

Grob အနေဖြင့် ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် မြန်မာစစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများပတ်သက်မှုတွင် ပွင့်လင်းမြင်သာမှု မရှိခဲ့ပေ။ မြန်မာစစ်တပ်နှင့် Grob ၏ စီးပွားရေးလုပ်ငန်းကို နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။

Grob အနေဖြင့် ဥရောပသမဂ္ဂဒဏ်ခတ်ပိတ်ဆို့မှုများကို ဖောက်ဖျက်ကျူးလွန်ပါက မြန်ဆန်သည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် ဂျာမနီအစိုးရအား ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ကုမ္ပဏီ၏ ပြုပြင်ထိန်းသိမ်းရေးစာချုပ်များ၊ အပိုပစ္စည်းပေးသွင်းမှုများ၊ G120P လေယာဉ်တွင် တပ်ဆင်ထားနိုင်သည့် ပစ်မှတ်ရှာဖွေသတ်မှတ်စနစ်များမှတဆင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဖွယ် ရှိသည်။

စစ်တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု တစ်နှစ်ကျော်ကာလအတွင်း စီးပွားရေးလုပ်ငန်းများ သည် စစ်ကောင်စီအား စစ်လက်နက်ပစ္စည်းပေးသွင်းမှုများကို ဆက်လက်လုပ်ဆောင်နေပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် စစ်လက်နက်စီးဆင်းမှုကို ရပ်တန့်ရန် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရမည့်အချိန် ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးကို ကျွန်ုပ်တို့ တောင်းဆိုပါသည်။

✅ သတင်းဆောင်းပါး အသေးစိတ်အား အင်္ဂလိပ်ဘာသာဖြင်ဖြင့် ဖတ်ရှုရန်  https://bit.ly/344NXMW

✅ ဆက်စပ်အထောက်အထားများ
- Grob နှင့် အစည်းအဝေးနှင့် ပတ်သက်၍ မြန်မာ့လေတပ်၏ ပေးစာ (၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့)  https://bit.ly/36OCpyl 

- Dynasty Group နှင့် Tetraedr UE အီးမေးလ်ဆက်သွယ်မှုများ (၂၀၁၃ ခုနှစ်၊ မေလ) https://bit.ly/3ID9MSG

- ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ပစ္စည်းဝယ်ယူရေးဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာန လျှို့ဝှက်ပေါက်ကြား စာရွက်စာတမ်းမှ ထုတ်နုတ်ချက် (ပုံစံပြောင်း၊ ဘာသာပြန် ပြုလုပ်ထား) https://bit.ly/35H2QFw 

- ဒါရိုက်တာများနှင့် ရှယ်ယာရှင်များ၏ အမှတ်အသားအချက်အလက်များအပါအဝင် Dynasty International company ဆိုင်ရာ ကောက်နုတ်ချက် https://bit.ly/3ptpCI0

Justice For Myanmar မှာ ကူးယူသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar