Breaking News

နွေမ - နေပြည်တော်မင်းသားကြီးရဲ့ တပည့် ယတြာလှိုင်ရဲ့အုပ်ချုပ်မှုအောက်က မြန်မာပြည်

World Today News

နေပြည်တော်မင်းသားကြီးရဲ့ တပည့် 
ယတြာလှိုင်ရဲ့အုပ်ချုပ်မှုအောက်က မြန်မာပြည် 
နွေမ
(မိုးမခ) မတ် ၅၊ ၂၀၂၂

"ဟေး ဟေးလို့ အော်ကြခြင်း"

မီးပျက်သွားပြီဆို တော်တော်နဲ့မီးပြန်မလာပေ။ ပြည်သူများဟာ မီတာခများကို မပေးဆောင်ပဲ အချိန်ကာလတခုအထိ တောင့်ခံထားကြပေမယ့်လည်း နောက် ဆုံးတော့ အ ပြည့်မဟုတ်တောင် နိုင်သလောက် ဆောင်လိုက်ကြရတယ်။ ဒါကလည်း အပြစ်သွားပြောလို့ မရပေ။ အားမတန်လို့ မာန်လျှော့ကာ နီးရာ သေနတ် ကြောက်ရတဲ့ အဖြစ်ဆိုတော့လေ။ ပြောရမယ်ဆိုရင် မီတာခ ဆောင်ထားပြီး မီးကျတော့ ပုံမှန်မလာပေ။ မီးခဏ ခဏပျက်တယ်။ မီတာခတွေကို ယတြာလှိုင်ရဲ့ လက် နက်ကိုင်တွေက ဆာလာအိတ်ကြီးတွေနဲ့ လာလာသယ်သွားတယ်လို့ သတင်းတွေလည်း ကြားရတယ်။
ကျွန်မဟာ နေပြည်တော်မင်းသားကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ လူငယ်ဘဝဖြတ်သန်းလာခဲ့တာဆိုတော့ မီးပြန်လာတိုင်း "ဟေး ဟေး" လို့ ကောင်းကောင်းအော်ခဲ့ဖူးတယ်။ ဖယောင်းတိုင်မီးနဲ့ စာတွေကျက်ခဲ့ဖူးတယ်။ စာတွေဖတ်ခဲ့ဖူးတယ်။ ဘတ္ထရီအိုးတွေ ညနေတိုင်းလိုက်ငှားခဲ့ဖူး တယ်။ အဲ့ဒါကြောင့် အခုလည်း ကျွန်မဟာ "ဟေး ဟေး" လို့ အော်လိုက်တယ်။ ပြည်သူအများစုနဲ့အတူပေါ့။ မီးပြန်လာပြီဟေ့ "ဟေး ဟေး"။

"ဦးဖမ်းကြီးများ အဖွဲ့"

ယတြာလှိုင်ရဲ့ လက်နက်ကိုင်တွေလမ်းပေါ်တက်လာရင် ပြည်သူတွေခမျာ ကြောက်ရွံ့ထိတ်လန့်တဲ့ မျက်နှာအမူအယာတွေ ချက်ခြင်းပြောင်းလဲသွားတယ်။ ပြောင်းလဲဆို ယတြာလှိုင်ရဲ့ လက်နက်ကိုင်တွေက ချစ်မွှေးတပင်မှမပါသလို ပြည်သူတွေအပေါ်ကိုလည်း ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာကြောင့်လည်း ဖြစ်တယ်။
ဒီလိုနဲ့ တညနေခင်း အမှောင်ရိပ်တွေ အနည်းငယ်သန်းစပြုနေတဲ့အချိန်မှာပေါ့။ ယတြာလှိုင်ရဲ့ လက်နက်ကိုင်တွေဟာ ကားတွေ ဆိုင်ကယ်တွေနဲ့ ရပ်ကွက်တွေထဲ ဝင်လာတယ်။ ဝင်လာရင်း လမ်းတလမ်းထိပ်ကိုရောက်တဲ့အချိန်မှာ လူတယောက်ဟာ ကြောက်လန့်တကြားနဲ့ ထွက်ပြေးပါလေရော။ အဲ့ဒါကို ယတြာလှိုင်ရဲ့ လက်နက်ကိုင်တွေက လိုက်ဖမ်းကြတယ်။

ကြောက်လန့်တကြားပြေးတဲ့လူကလည်းပြေးတာပေါ့။ နောက်ဆုံးမှာ ယတြာလှိုင်ရဲ့ လက်နက်ကိုင်တွေဟာ ပြေးနေတဲ့လူကို ဖမ်းမိသွားတယ်။ ပြီးတော့ ထုထောင်းကြတာပေါ့။ သူတို့လာတာကို ပြေးလို့ဆိုပြီး။ "အမလေးကြောက်ပါပြီဗျ"လို့ အဲ့လူအော်ဟစ်တာပေါ့။ ဘယ်သူမှ လည်း ဝိုင်းမကူနိုင်ဘူး။ ရဲစခန်းကို ခေါ်သွားကြတယ်။ ရဲစခန်းရောက် ပြီး မကြာဘူး အဲ့လူကို ပြန်လွှတ် ပေးလိုက်ရတယ်။ အမှန်တော့ အဲ့ လူက ရူးနေတာ။
ရူးနေလို့ ကံကောင်းသွားတယ်လို့ ဆိုရမယ်။ တချို့ဆို ဘာအပြစ်မှ မရှိ တာတောင် ငွေညှစ်ခံရသေး။ အဲဒါ ကို ပြည်သူ့ရဲ ပြည်သူ့ စစ်သားလို့ လုပ်ချင်သေးတယ်။ ကျွန်မကတော့ ယတြာလှိုင်ရဲ့ လက်နက်ကိုင်တွေကို ဦးဖမ်းကြီးများအဖွဲ့လို့ နာမည်ပေထားလေရဲ့။

"ကောင်းကင်ထက် ရောက်နေတဲ့ စျေးနှုန်းတွေ"

ကုန်စျေးနှုန်းတွေတက်နေတယ်လို့ ငြီးငြူနေကြတဲ့ ပြည်သူတွေရဲ့ အ သံတွေဟာ လေထုထဲပြန့်နှံ့လို့နေတယ်။ အဲ့ဒီအသံတွေကို ဆူညံတယ်ဆိုပြီး ဘယ်ပြည်သူ တဦးတယောက်ကမှ ပြောနေတဲ့ အသံတွေကို ကျွန်မ မကြားမိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလို ငြီးငြူနေကြတဲ့ ပြည်သူတွေထဲ ကျွန်မလည်း အပါ အဝင်ဖြစ်သလို ပြည်သူအားလုံးတညီတညွတ်ထဲ ပြောနေကြတဲ့ အ သံတွေလည်း ဖြစ်နေတာကြောင့်ပါ။

အိမ်ရှင်မတွေဟာ ကောင်းကင်ထက် ရောက်နေကြတဲ့ ကုန်စျေးနှုန်းတွေကို မော့ကြည့်ကာ စျေးသွားနေကြတယ်။ စျေးထဲက စျေးသည်တွေဟာ ကောင်းကင်ထက်ရောက်နေတဲ့ ကုန်စျေးနှုန်းတွေကို မော့ကြည့်ကာ စျေးရောင်းနေကြရတယ်။ ဆိုင်ကယ် ကယ်ရီသမားတွေဟာ ကောင်းကင်ထက်ရောက်နေတဲ့ ဓာတ်ဆီစျေးနှုန်းတွေကို မော့ကြည့်ပြီး သူတို့ကို ကယ်ရီလာငှားတဲ့ခရီးသည်တွေကို ငှားတဲ့လမ်းကြောင်းပေါ်မူတည်ပြီး ငှားခတွေကို ပြောနေကြတယ်။
စျေးနှုန်းတွေ ကောင်းကင်ထက် ရောက်နေကြတဲ့ဒဏ်ကို ပြည်သူတွေ အလူးအလိမ့်ခံနေကြရတယ်။ စျေးနှုန်းတွေ ကောင်းကင်ထက်ကနေ ကမ္ဘာ့အပြင်ဘက်ရောက်သွားရင် ဘယ်လိုလုပ်ကြမလဲ။ ငတ်ကြရတော့မှာလား။ အငတ်ဘေးဆိုက်တော့မှာလား။ နေ့ရက်တွေထဲ ကြံ့ ကြံ့ခံရင်ဆိုင်ကာ ဖြတ်သန်းရင်းနဲ့ အရေးတော်ပုံ အောင်ရမည်။

နွေမ

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar