ကိုသန်းလွင် - နိုင်ငံများ၏ ဆီလိုအပ်ချက်နှင့် ရုရှားဆီ
ကိုသန်းလွင် - နိုင်ငံများ၏ ဆီလိုအပ်ချက်နှင့် ရုရှားဆီ
(မိုးမခ) မတ် ၁၅၊ ၂၀၂၂
( ၁ )
ရုရှားတို့သည် ယူကရိန်းကို မကျူးကျော်မီအချိန်က ကမ္ဘာကြီး၏ ဆီလိုအပ်ချက် ၁၀ စည်တွင် တစ်စည်မျှ ပံ့ပိုးခဲ့ပါသည်။
ယခုအခါ အမေရိကန်နှင့် အခြားစားသုံးသူတို့က ရုရှားဆီကို မသုံးတော့ဘူး ဆိုသောအခါ ၁၉၇၀ ပြည့်နှစ်၊အရှေ့အလယ်ပိုင်းမှ ဆီပြဿနာမှ ဖြစ်ခဲ့သည်မှစ၍ အကြီးကျယ်ဆုံး ပြဿနာကို ရင်ဆိုင်တိုးကြရပါသည်။
စွမ်းအင်ဆိုင်ရာ ဈေးများတက်ခြင်းမှာ ထိပ်တိုက်ရင်ဆိုင်မှုများ မပြေလည်မချင်း ရှိနေဦးမည်သာဖြစ်ပါါသည်။ အဘယ်ကြောင့်ဆိုသော် ရုရှားတို့ ယနေ့ ပြည်ပသို့ တင်ပို့နေသော တစ်နေ့လျှင် စည် ၅ သန်းမျှသော ဆီများကို အစားထိုးရန် မလွယ်ကူသောကြောင့်ဖြစ်ပါသည်။
ဆီထုတ်လုပ်မှုမှာ နှစ်နှစ်ခန့်က ကိုဗစ်ရောဂါကြောင့် ရပ်ထားရာမှ ဆီ လိုအပ်လာမှုကြောင့် တဖြည်းဖြည်းတက်လာခဲ့ရာမှ ဤပြဿနာကို ရင်ဆိုင်ခဲ့ရပါသည်။
ယခုအခါ ကုန်သည်များသည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည့် ဆီတင်ပို့ရာနိုင်ငံ အမေရိကန်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား သုံးနိုင်ငံအနက်မှ ရုရှားကို ဘေးဖယ်ရန် ရည်ရွယ်ရာမှ စတင်လာခဲ့ပါသည်။ အကဲခတ်များ က အမေရိကန်၏ အင်္ဂါနေ့က ကြေညာခဲ့သော ရုရှားဆီကို မသုံးတော့ရန် ဆုံးဖြတ်ချက်ကြောင့် ပို၍သာ ဈေးတက်ရန် အကြောင်းရှိပါသည်ဟု ဆိုသည်။
တစ်နည်းဆိုသော် နိုင်ငံတိုင်းက ဆီကို ပိုမို၍များများစားစား ထုတ်ရန် လိုပါသည်။ ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများနိုင်ငံ ကူဝိတ်တို့တွင် တစ်နှစ်လျှင် စည် ၂ ဒသမ ၅ သန်းမျှ ပိုထုတ်ရန် စွမ်းနိုင်ပါသည်။ ဗင်နီဇွဲလားနှင့် အီရန်တို့က ၁ ဒသမ ၅ သန်းမျှ ပို၍ ထုတ်နိုင်ပါသည်။
သို့သော် ထိုနိုင်ငံများအပေါ် အမေရိကန်က ချမှတ်ထားသော ဆန်ရှင်များကို ရုပ်သိမ်းပေးရန် လိုပါသည်။
အမေရိကန်တို့က တစ်နှစ်လျှင် စည် ၁ သန်းမျှ ပိုထုတ်နိုင်ပါသည်။ သို့သော် ထိုသို့ ထုတ်နိုင်ရန် တစ်နှစ်မျှ အချိန်ယူရပါလိမ့်မည်။
ရေနံကုမ္ပဏီများအနေဖြင့် လူအင်အားကို ပိုသုံးပြီး ကိရိယာသစ်များလည်း သုံးရန်လိုပါသည်။
( ၂ )
ဆီပို့ကုန်ပိတ် ထောက်ခံခြင်းအတွက် ကမ္ဘာကြီးတွင် အတွေ့အကြုံများ ရှိပါသည်။
၁၉ ရာစု အီရန် တော်လှန်ရေးကြောင့် ဆီ ၅ ဒသမ ၆ သန်းမျှ ဈေးကွက်မှ ပျောက်သွားခဲ့ဖူးပါသည်။ ၁၉၇၃၊ ၁၉၇၄ ခုနှစ်တွင် OPEC မှ အာရပ်မင်ဘာများ သပိတ်မှောက်စဉ်ကနှင့် ၁၉၉၁ ခုနှစ်တွင် ပါရှန်ပင်လယ်ကွေ့ စစ်ဖြစ်စဉ်က ၄ ဒသမ ၇ သန်းမျှ ပျောက်ခဲ့ဖူးပါသည်။
မျှော်လင့်ချက်အနည်းငယ်ရှိသည်မှာ ဗင်နီဇွဲလား သမ္မတ နီကိုလတ် မာဒူရို (Nicolas Maduro) က သူ၏ အတိုက်အခံများနှင့် ညှိနှိုင်းမည်။ ဖမ်းထားသော အနည်းဆုံး အမေရိကန် တစ်ယောက်ကို အမြန်ဆုံးပြန်လွှတ်ပေးမည်ဟု ဆိုနေပါသည်။
ဤသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်မှ ဘိုင်ဒန်အစိုးရမှ စေလွှတ်လိုက်သော အဖွဲ့၏ စေ့စပ်မှုအရ ဖြစ်ပါသည်။ ၂၀၁၉ ရွေးကောက်ပွဲရလဒ်ကို မလိုက်နာခဲ့မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အီရန်နှင့် ရင်းနှီးစွာဆက်ဆံမှုတို့ကြောင့် ချမှတ်ထားသော ဆန်ရှင်ကို ရုပ်သိမ်းပေးရန် ဖြစ်သည်။
သို့သော် ဗင်နီဇွဲလား၏ ဆီထုတ်လုပ်ရေးအခြေအနေမှာ လွန်ခဲ့သော နှစ် ၃၀ က အတောင့်တင်းဆုံး ဖြစ်ခဲ့သော်လည်း ယခုအခါ စိတ်ပျက်စရာ အခြေအနေ ဖြစ်သည်။ ဆီချက်သည့် စက်များမှာ သံချေးတက်၍နေပြီး သူ့လူထုကိုပင် အနိုင်နိုင် ဆီဖြန့်ဝေပေးနိုင်သည်။
အဓိက ဆီတင်ပို့ပေးနိုင်ငံ ဖြစ်နိုင်ရန်မှာ ငွေဘီလီယံချီ၍ အသုံးပြု၍ ပစ္စည်းများကို ဝယ်ရဦးမည် ဖြစ်သည်။
အီရန်နိုင်ငံနှင့် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သော စာချုပ်ကို ပြန်လည်အသက်သွင်းပြီး အီရန်နိုင်ငံမှ ဆီ ရရှိရေးမှာ အခြေအနေ နီးစပ်နေပြီ ဖြစ်သည်။
သို့သော် ရုရှားနိုင်ငံက အမေရိကန်တို့ထံမှ ချမှတ်ထားသော ဆန်ရှင်များသည် အီရန်နှင့် မသက်ဆိုင်ပါဟုတောင်းဆိုထားသည်။ ထို့ကြောင့် အီရန်နှင့် ပြောကြသော စကားဝိုင်းမှာ အထစ်အငေါ့များ ရှိနေသည်။
အီရန်တို့တွင် ထောင်ပေါင်းများစွာသော ဆီ၊ စည်များမှာ တင်ပို့ရန် သင်္ဘောများပေါ်တွင် အဆင်သင့်ရှိပါသည်။ ထို့နောက် အီရန်က အနောက်က တောင်းဆိုလျှင် သူ့တွင် တစ်နေ့လျှင် ဆီစည် ၅ သိန်းမျှ မြန်မြန်ထောက်ပံ့နိုင်ပါလိမ့်မည်။
အရေးကြီးဆုံးမှာ ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့ ဖြစ်သည်။
သူတို့သည် အိုပီအီးစီ အဖွဲ့ကြီး၏ အသင်းဝင်များဖြစ်ပြီး အမေရိကန်တို့၏ ကုန်သွယ်နေကျ ဖောက်သည်နိုင်ငံများ ဖြစ်၏။
အိုပီအီးစီ အဖွဲ့ကြီး၏ တွဲဖက်ဥက္ကဋ္ဌဖြစ်သော အလက်ဇန္ဒားနိုဗယ်မှာ ရုရှား၏ လက်ထောက်ဝန်ကြီးချုပ်လည်း ဖြစ်သည်။ သူတို့က စည် ၄ သိန်းကျော် ပိုမိုထုတ်လုပ်ရေးကို ဧပြီလတွင် စတင်ပါလိမ့်မည်။
ဆော်ဒီအာရေးဗီးယားနှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးမှာ ဂျာနယ်လစ် ခါရှောက်ဂျီ သတ်မှုကြောင့် အခက်အခဲများ ဖြစ်ခဲ့ရသည်။
ရုရှားတို့နှင့် အဆက်ဖြတ်ရေးမှာ အဓိကတရားခံဖြစ်သော အိမ်ရှေ့မင်းသား ဆော်လမွန်၏ ဆုံးဖြတ်ချက်က အဓိကဖြစ်နေသည်။
အမေရိကန်တို့ကမူ ဆော်ဒီအာရေးဗီးယားနှင့် အခြားအရှေ့အလယ်ပိုင်းမှ ဆီထုတ်လုပ်သောနိုင်ငံများသည် ဆီကို ပိုမိုထုတ်လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြသည်။
အမေရိကန်တို့အနေဖြင့် ကုန်ခဲ့သော ဆောင်းရာသီက ရုရှားတို့ထံမှ ဆီစည်ပေါင်း ၇ သိန်းကျော်ကို တင်သွင်းခဲ့ပါသည်။ ၎င်းသည် အမေရိကန်တို့အသုံး၏ ၃ ရာခိုင်နှုန်း ရှိပါသည်။
ထိုအချိန်မှစ၍ တင်သွင်းသည့် ပမာဏမှာ လျှော့ချခဲ့ရာ လွန်ခဲ့သော နှစ်ပတ်၊ သုံးပတ်အတွင်း လုံးဝ မတင်သွင်းတော့ဟု သိရပါသည်။
သို့သော် ဆီဈေးမှာ ဆီပန့်တွင် ရောင်းသော ဓာတ်ဆီနှင့် ဒီဇယ်ဈေးဖြစ်ပြီး တကမ္ဘာလုံး ထိခိုက်နိုင်သော ဈေးများ ဖြစ်ပါသည်။
အမေရိကန်တို့က ဆီကို ဘရာဇီး၊ ကနေဒါ၊ ကိုလံဘီယာမှ တင်သွင်းသည်ပင် ဖြစ်စေ အမေရိကန်တို့ တင်သွင်းသဖြင့် ဈေးကွက်မှ လျော့သွားပြီး ဈေးမှာ အပြောင်းအလဲ ရှိပါလိမ့်မည်။
ဗြိတိန်က ရုရှားဆီကို သည်နှစ်ကုန်တွင် ပပျောက်သွားရန် ရည်ရွယ်သည်ဟု ကြေညာပါသည်။ ဥရောပနိုင်ငံ
အများအပြားမှာ ထိုသို့ လုပ်ဆောင်နိုင်ရန် ပိုမိုခက်ခဲပါလိမ့်မည်။
အပြည်ပြည်ဆိုင်ရာဘဏ်များ၊ သင်္ဘောဖြင့် ဆီသယ်သူများ၊ အာမခံလုပ်သူများက ရုရှားဆီကို ကိုင်တွယ်ရန် ငြင်းဆန်နေကြပါသည်။
ဘီပီ၊ ရှဲလ်၊ အက်စွန်မိုဘိုင်း တို့သည် သူတို့၏ ဆီနှင့်ပတ်သက်သည့် လုပ်ငန်းများကို ရုရှားတွင် ရပ်ဆိုင်းလိုက်ကြပါသည်။ သင်္ဘောကုမ္ပဏီများမှာ ပင်လယ်နက်တွင် ဖြတ်သန်းသည့် သူတို့ တင့်ကားများအတွက်ပူပင်လျက်ရှိကြပြီး ဆီကို ချက်လုပ်သူများမှာ သူတို့ဆီကို ဆန်ရှင်ကြောင့် အပေးအယူ မလုပ်နိုင်ကြမှာကို ပူပင်ကြသည်။
ဗြိတိန်က လွန်ခဲ့သောအပတ်တွင် ရုရှားပိုင် သင်္ဘောများ၊ ရုရှား အလံကိုင်သင်္ဘောများကို ၎င်းဆိပ်ကမ်းသို့ ကပ်ရန် ငြင်းဆန်လိုက်ပြီး ဥရောပကောင်စီကလည်း အလားတူ ရည်ရွယ်သည်။ ၎င်းသည် သင်္ဘော ၁၃၀ စီးခန့်ကို ထိခိုက်ပါလိမ့်မည်။
နောင်နှစ်တွင် ဘရာဇီး၊ ကနေဒါနှင့် ဂူရာနာ ရေနံမြေအသစ်များမှ ဆီများကို သုံးနိုင်တော့မည် ဖြစ်သည်။
သို့သော် ၎င်းက ပန့်များ၏ ဆီဈေးအပေါ်တွင် အကျိုးသက်ရောက်မှုရှိမည် မဟုတ်ပါ။
တရုတ်တို့ ဘာလုပ်မည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ တရုတ်ပြည်တွင်းတွင် ဆီထုတ်လုပ်ရန် လက်နက်ကိရိယာများမှာ ယိုယွင်းပျက်စီးလျက်ရှိပြီး သူတို့က ရုရှားမှ ဆီကို သုံးနိုင်ရန် အကြောင်းရှိသည်။
တရုတ်တို့က နေ့စဉ် စည် ၄ သန်းကျော်ကို အမေရိကန်နှင့် ဥရောပနိုင်ငံများမှ တင်သွင်းနေရရာ ရုရှား ဆီဖြင့်အစားထိုးနိုင်ဖွယ် ရှိသည်။
သို့သော် ထိုသို့ ပြောင်းလဲတင်သွင်းမည်ဆိုလျှင် အရှေ့အလယ်ပိုင်းမှ ဆီများပါ အသုံးပြုမည်ဆိုပါက လမ်းကြောင်းပြောင်းသွားဖွယ်ရှိပြီး ရက်သတ္တပေါင်းများစွာ သို့မဟုတ် လနှင့်ချီ၍ ကြာမြင့်နိုင်ပါသည်။
( ၃ )
အမေရိကန်ပြည်တွင် လွန်ခဲ့သော ၃ နှစ်အတွင်း လုပ်သားများကို လျှော့ချခဲ့ရပြီး ဆီထွက်နိုင်သော ရီဆာဗာ များမှာလည်း လျော့နည်းလာနေသည်။ ရေနံတွင်းတူးမှုကို ရုတ်တရက် အရှိန်တိုးမြင့်လိုက်လျှင် ဈေးကွက်ပျက်သွားပြီး ဘာမှ လုပ်မရတော့သည်ကို လွန်ခဲ့သောအတွေ့အကြုံများ ရှိသည်။
အမေရိကန်တို့သည် တစ်နှစ်လျှင် စည် ၁၂ သန်းမပြည့်ရုံကလေးသာ ထုတ်လုပ်ပြီး ၎င်းသည် တနိုင်ငံလုံးအသုံး၏ ၆၀ ရာခိုင်နှုန်း ရှိပါသည်။ ဆီနှင့်သဘာ၀ဓာတ်ငွေ့ကို နိုင်ငံခြားသို့ တင်ပို့လျက်ရှိသည်။ ဆီ၏ အရည်အသွေးအလိုက် မတူညီမှုကြောင့် တင်ပို့ခြင်းနှင့် တင်သွင်းခြင်းတို့သည် တစ်ခုနှင့် တစ်ခု အစားထိုး ပြောင်းလဲ၍ မရပါ။
စွမ်းအင်ဌာနမှ ခန့်မှန်းသည်မှာ ယခုနှစ် တစ်နှစ်လုံး ထုတ်ကုန်သည် ၁၂ သန်းသာရှိပြီး ၂၀၂၃ တွင် ၁၃ သန်းကျော်မျှ ထုတ်မည်ဟု ခန့်မှန်းသည်။
အကြမ်းအားဖြင့် တွင်း ၄ ထောင်မျှရှိပြီး ၎င်းတို့သည် ဖရက် (Fract) မလုပ်ရသေးပါ။ ဟယ်လီဘာတန် ကဲ့သို့သော ဆားဗစ်ကုမ္ပဏီများမှာ အလုပ်ကို အချိန်ပြည့်လုပ်ရပြီး ထိုတွင်းများ ဆောင်ရွက်ရန် လပေါင်းများစွာ လိုပါသေးသည်။
တွင်းအသစ်များ တွင်းတူးစဉ် စတင်ထောင်စဉ်ကစပြီး ရေနံများ စတင် စီးဆင်းသည်အထိ ၆ လခန့်စောင့်ဆိုင်းရတတ်ပါသည်။
ကိုသန်းလွင်
Ref: No Quick Way to Replace Russian Oil output. By Clifford Krauss N.Y. Times March 10,
2022
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar