Breaking News

နေချိုသွေး - မိုးဦး‌ရောက်ရင်

နေချိုသွေး - မိုးဦး‌ရောက်ရင်
(မိုးမခ) မတ် ၁၅၊ ၂၀၂၂

ထန်ပြင်းတဲ့ အပူတွေ ငြိမ်းအေးစေဖို့
မိုးဦးကို မမျှော်ပဲ
ကိုယ်တိုင် မိုးစက်တွေအဖြစ် ရွာသွန်းချင်တဲ့
ခံယူချက်နဲ့
ခေတ်ဝန်ကိုထမ်းပြီး လျှောက်နေတဲ့
လူငယ်လေးတယောက်။

နိုင်ငံရေးသတ္တဝါမဟုတ်တဲ့သူက
ကဗျာလေးရေးမယ်
စာလေးရေးမယ်
ရိုးရှင်းစွာနဲ့
ဘဝကို
လဲမှို့ပွင့်လေးလို လွင့်နေချင်ပေမယ့်
ကိုယ့်လိပ်ပြာကို ရှက်လွန်းလို့
လက်သုံးချောင်းကို တော်လှန်ရေး‌ အလံလို့ဝံ့ဝံ့မားမားထောင်
အရေးတော်ပုံကြီးအောင်မှ
အသိုက်ရှိရာ ပြန်ရမယ့် ငှက်လို
မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကြမ်းမှာ
မုန်တိုင်းထန်တဲ့လေဆန်ကို ပျံတက်ခဲ့ပါတယ်။

လွမ်းတာတောင်
လွတ်လွတ်ကျွတ်ကျွတ် လွမ်းခွင့်မရတဲ့
အကျဉ်းထဲအကျပ်ထဲ ဖြတ်သန်း‌နေရသူပါကွယ်။

လမ်းမပေါ်
ကျွတ်ကျန်ခဲ့တဲ့ ဖိနပ်တဖက်ရဲ့ ဈာပနကို
လွမ်းတယ်။

မြန်မာပြည် အရှေ့မြောက်ဖျား
အဖျားတောထဲ
အသက်ဓါတ်လေးကို ဖက်တွယ်ထားခဲ့တဲ့ နေ့ရက်တွေကို
လွမ်းဖူးပါတယ်။

ကျဆုံးသွားသူတို့ရဲ့
လွမ်းသူပန်းခွေလေးရဲ့  ညှို့ရော်ခြောက်သွေ့နေမှုတွေကို ကြည့်ပြီး
မျက်ရည်ဝဲ ဆို့နစ်ကြေကွဲခဲ့ပေမယ့်
ရောက်ရှိနေတဲ့ နေရာဒေသကနေ
နိုင်ငံတော်ကြီးကို မျှော်ကြည့်ရင်း
လူငယ်လေးတယောက်
အာဏာရှင်စနစ်ဆိုးကြီးကို ဖြိုချပစ်ဖို့အတွက်
ခေတ်ကြီးတခုလုံးကို ထမ်းပိုးလို့
တလူလူ ချီတက်နေပါတယ်။

နေချိုသွေး

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar