Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၄ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၄ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၅၊ ၂၀၂၂

မတ်လ ၁၄ ရက် - လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ နိုင်ငံရေးရေချိန်နဲ့ အမိန့်တခုထဲအောက် ရှိခြင်း မရှိခြင်း

Union Defense & Liberation Alliance စုပေါင်းအဖွဲ့က ယင်းမာပင်ခရိုင်က YMB PDF ရဲ့ နယ်မြေဒေသအတွင်း ကျေးရွာသား နဲ့ ဒေသ PDF တွေကို သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တစောင် ထုတ်ပြန်လိုက်တာတွေ့ရပါတယ်။

ထုတ်ပြန်ချက်မှာ ယင်းမာပင်ဒေသ အခြေစိုက် ဗိုလ်သံမဏိ (သပြေအေးဆရာတော်) ဦးဆောင်တဲ့ YMG PDF အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက စလို့ အခုလက်ရှိ အချိန်အတွင်း အဲဒီဒေသက PDF အဖွဲ့ဝင် ၊ ကျေးရွာသား စုစုပေါင်း ၂၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

အောက်တိုဘာလမှာ ဇီးတောရွာမှာ ပြည်သူ ၄ ဦး၊ အဲဒီနောက် လာပို့ရွာ ဖြစ်စဥ်မှာ PDF နဲ့ ကျေးရွာသားစုစုပေါင်း ၁၀ ဦး၊ ရွာအမည် ဖေါ်ပြမထားတဲ့ အခြားအဖြစ်အပျက် တခုမှာ ကျေးရွာသား ၁ ဦး၊ မင်းကင်းနယ်မှာ PDF တွေကို ထောက်ပို့ လုပ်ဆောင်သူ ၁ ဦးနဲ့ ချင်းပုန်းရွာ မှာ ပြည်သူ ၃ ဦးနဲ့ PDF ၂ ဦးတို့ စုစုပေါင်း ၂၁ ဦး ကို YMB PDF က သတ်ဖြတ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒီစာရင်းတွေက အတည်ပြုပြီး စာရင်းတွေ ဖြစ်ပြီး အခြားသော ဖြစ်စဥ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

ဒီလို အဖြစ်အပျက်တွေ ဖြစ်ပျက်တာဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု အတွက်ကောင်းတဲ့ သတင်းတော့မဟုတ်ပါဘူး။ တဖက်က ဝါဒဖြန့်ဖို့ PDF တွေကို သိက္ခာချဖို့ နာမည်ပျက်အောင် လုပ်ဖို့အတွက် သာဓက တခုသဖွယ် ဖြစ်စေပါတယ်။ ဒီလိုပြောလို့ အခုလို သတင်းထုတ်ပြန်တာ အများသိအောင် လုပ်တာကို မှားတယ်လို့ ဆိုတဲ့သဘောမဟုတ်ပါဘူး။ ပြဿနာရှိနေတာကို ဖုံးကွယ်ထားဖို့ မလိုအပ်သလို လက်နက် အားကိုးပြီး သတ်ဖြတ်တာတွေဟာ စစ်အာဏာရှင်တွေရဲ့ လုပ်နည်းလုပ်ဟန်နဲ့ အတူတူပဲမို့လို့ ဒီလိုဖြစ်စဥ် ဖြစ်ရပ်ဖြစ်လာရင် တာဝန်ခံမှုရှိလာစေဖို့အတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ တာဝန်ခံလာအောင် နစ်နာသူ အသက်ဆုံးရှုံးရသူတွေအတွက် တရားမျှတမှု ရဖို့၊ နောက်နောင် အခုလို ရုပ်ဆိုးလှတဲ့ ဖြစ်ရပ်မျိုးမဖြစ်အောင် တားဆီးဖို့ လုပ်ဆောင်ရမှာ အမှန်ပဲဖြစ်ပါတယ်။

ဒီနေရာမှာ PDF အဖွဲ့တွေအနေနဲ့ ကျေးရွာလိုက် ဒေသအလိုက်ဖွဲ့စည်းကြတာကြောင့် တကြောင်း တဖွဲ့ထဲအောက်မှာ အမိန့်တခုထဲအောက်မှာ မရှိနိုင်ကြသေးတာကို ကာလတခုအထိ နားလည်သဘောပေါက်ပေးကြရမှာဖြစ်ပေမယ့် လနဲ့ နှစ်နဲ့အထိ ကူးပြောင်းလာတဲ့ အချိန်အတိုင်းအတာအတွင်း နိုင်ငံရေး ဦးဆောင်မှု တခုရဲ့ အောက်မှာ စစ်ရေး အမိန့်၊ ကျင့်ဝတ်စည်းကမ်း တခုရဲ့ အောက်မှာရောက်ဖို့ ကြိုးစားကြဖို့ လိုအပ်မယ် ထင်ပါတယ်။ အဲလို မဟုတ်ခဲ့ရင် ကြာလာသည်နဲ့ အမျှ ရိက္ခာ၊ ငွေကြေးရရှိဖို့ စုဆောင်းရာမှာ နိုင်ငံရေးအရ စည်းရုံးတာထက် လက်နက်အားနဲ့ တောင်းခံတာမျိုး ရယူတာမျိုးတွေ ဖြစ်ပွားနိုင်ခြေရှိတာကြောင့် ဖြစ်ပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတခုအနေနဲ့ အမျိုးသားရေး နိုင်ငံရေး ရည်မှန်းချက် အားကောင်းစွာရှိပြီး အခြေခိုင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ခဲ့ရင် ရန်သူအဖွဲ့အစည်းတခုကို တိုက်ဖို့ကိုသာ ဦးတည်ပြီး ကျန်တဲ့ ပြဿနာတွေ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ စည်းရုံးရေး နည်းလမ်း၊ နိုင်ငံရေး ရည်မှန်းချက်တူတဲ့ အဖွဲ့အစည်းတွေနဲ့ မဟာမိတ်အဖြစ် လက်တွဲ ဆက်ဆံဖို့ လူထုကို စည်းရုံးဖို့တွေ အထိ ရှင်းလင်းတဲ့ ရည်မှန်းချက် မရှိခဲ့ရင် စစ်ဘုရင်တွေ (တချို့က စစ်မင်း လို့ခေါ်ဆိုကြ) ဖြစ်လာနိုင်ပါတယ်။ ဒီထက် ဆိုးရွားတဲ့အခြေအနေမျိုးမှာ ဓါးပြတွေ ဖြစ်သွားနိုင်ခြေရှိလို့လည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုတဲ့ ရည်ရွယ်ချက် အပြင် အခြားသော လိုက်နာရမယ့် ကျင့်ဝတ်၊ စည်းမျဥ်း စည်းကမ်း ၊ အမိန့်စတာတွေဟာ နိုင်ငံရေး ရည်မှန်းချက်နဲ့ လက်နက်ကိုင် တပ်ဖွဲ့ရဲ့ နိုင်ငံရေး ရေချိန်နဲ့ ဆက်နွယ်နေတယ်လို့ ဆိုရပါလိမ့်မယ်၊ နိုင်ငံရေး အားမကောင်းတဲ့ နိုင်ငံရေး ရည်မှန်းချက် မရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ဖြစ်နိုင်ခြေတွေကို လက်နက်ကိုင် တော်လှန်ရေးစတင်စဥ် ကတည်းက မှန်းဆထားပြီး ဖြစ်ရမှာပါ။

အဲဒီအတွက် ထိန်းသိမ်းမယ့် နိုင်ငံရေး ရည်ရွယ်ချက် ရှင်းလင်းစွာ ရှိဖို့ ၊ နိုင်ငံရေး ရေချိန်မြင့်တက်လာအောင် ဆွေးနွေး စည်းရုံးတာမျိုးတွေ လုပ်ဆောင်ဖို့ အစီအစဥ်တွေ ချမှတ်ထားသင့်တယ်လို့ မြင်ပါတယ်။

ခုဖြစ်လာတဲ့ ပြဿနာက နောက်နောင် ကြုံရနိုင်ချေရှိတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြလိုက်သလို ဖြစ်စေပြီး လက်နက်ကိုင် တော်လှန်ရေးကို ဦးဆောင်တဲ့ NUG အနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှု အရေးယူမှု ၊ ယန္တရားစနစ်တွေ အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်နေတာကို နှိုးဆော်လိုက်သလို ဖြစ်စေတာလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar