မောင်နန်းဝေ (ဗန်းမော်) - ရန်သူထံ အညံ့မခံ၊ အသေခံ ပြန်တိုက်ခဲ့တဲ့မြို့
(မိုးမခ) မတ် ၂၀၊ ၂၀၂၂
အိမ်နဲ့ဝေးနေရချိန်
အိမ်ပြန်ချင်စိတ်တွေ
မကြာမကြာ ပေါ်လာတတ်ပေမယ့်
ခုကျ ပြန်စရာအိမ်မပြောနဲ့
ပြန်စရာမြို့တောင် မရှိတော့တဲ့အဖြစ်......။
မြစ်ငယ်ဟာ
ဒီနွေဦးမှာ
သတ္တိမငယ်၊ သမိုင်းမငယ်သလို
ဂုဏ်လည်း မငယ်ခဲ့တဲ့မြို့။
အခုတော့
သုဿန်တစပြင်လို ခြောက်ကပ်ကပ် မြို့ပျက်ကြီး။
မြစ်ငယ်ကို
အာဏာဓားထက်ထက်နဲ့
အစိမ်းသက်သက် အရှင်လတ်လတ်
လှီးထုတ်ပစ်ခဲ့ကြပေါ့။
ဒီအရပ်မှာ
အရင်က စည်စည်ကားကား၊ ဖွံ့ဖွံ့ထွားထွား
မြစ်ငယ်မြို့ဆိုတာ ရှိခဲ့ဖူးတာအမှန်ပဲ။
ရပ်ကွက် ၁၃ ရပ်ကွက်။
အိမ်နဲ့ဆိုင်ခန်း ၆၀၀ နီးပါး။
အိမ်ထောင်စုပေါင်း၂၀၀၀ လောက်။
လူဦးရေ ၈၀၀၀၀ ကျော်။
နှစ်ပေါင်း ၆၀ ကျော် အခြေချခဲ့တဲ့နေရာ။
အခု နှစ်ရက်အတွင်း အပြီးဖျက်ခိုင်းတာ။
စာနာစိတ်ကင်းပြီး ရက်စက်တဲ့အမိန့်စာတစ်ခုအောက်မှာ
တစ်စစီပြိုပျက်၊ ကွဲထွက်၊ ကျိုးပဲ့၊ ပြန့်ကြဲ
လွင့်စင်သွားရတဲ့ ဘဝတွေ။
စီဒီအမ် လုပ်ထားတဲ့
ငါ့မိတ်ဆွေ မီးရထားဝန်ထမ်းကြီး
ခု ဘယ်ရောက်နေရှာပါလိမ့် ?
စကားအော်ကျယ်အော်ကျယ် ပြောတတ်ပေမယ့်
စိတ်သဘောကောင်းလွန်းတဲ့အဒေါ်ကြီးနဲ့
သူ့မိသားစုရဲ့အိမ်လေးလည်း
ဒီအပျက်အစီးပုံကြီးထဲ ပါသွားရှာပြီ။
မသိနားမလည်တတ်သေးတဲ့ ကလေးဘဝအရွယ်မှာ
မန်ကျည်းပင်ပေါ်က
စာငှက်ကလေးတွေရဲ့အသိုက်ကို
ဝါးလုံးနဲ့ထိုးချမိတော့
အမေက
သူတပါးရဲ့ ဘယ်အသိုက်အမြုံပဲဖြစ်ဖြစ်
မဖျက်ဆီးကောင်းဘူး။
ဝဋ်လိုက်တတ်တယ်ဆိုပြီး တားမြစ်ဖူးတယ်။
စာငှက်မကြီးက
ကောက်ရိုးမြက်ခြောက်တွေ တစ်စချင်း၊ တစ်ပင်ချင်း
ခေါက်တုံ့ခေါက်ပြန်ချီသယ်ပြီး
ခက်ခက်ခဲခဲအချိန်ယူ ဆောက်လုပ်ထားရတဲ့အသိုက်လေး။
ပြီးတော့ ငှက်တွေက မိသားစုလိုက်။
အတောင်ပေါက်ကာစ ကောင်းကောင်းမပျံနိုင်သေးတဲ့
ငှက်ပေါက်စလေးတွေနဲ့။
ခုဟာကျ
ငှက်မဟုတ်၊ ခြကောင်နဲ့ ပုရွက်အုံလည်းမဟုတ်
ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့တိုင်းပြည်ကလူတွေ
ဒီနွေဦးတော်လှန်ရေးအတွင်း
မြို့ကို စတေးလိုက်ရတယ်လို့ ပြောရတော့မပေါ့။
ရန်သူထံ အညံ့မခံ
အသေခံ ပြန်တိုက်ခဲ့တဲ့မြို့တွေထဲက တစ်မြို့။
ဒါမှမဟုတ် မြစ်ငယ်။
လက်ရှိ ရုပ်ဝတ္ထုအနေနဲ့
မြို့က သေသွားတယ်ဆိုပေမယ့်
သမိုင်း မသေဘူး။
ခုဆို
နေစရာအမိုးအကာမရှိ၊
ခိုကိုးရာမဲ့ ဒုက္ခသည်အပေါင်းရဲ့ မျက်ရည်တွေနဲ့အတူ
ဒုဌဝတီမြစ်ရေက စီးဆင်းလို့။
မြစ်ငယ်ဆိုတဲ့ အမည်နာမကို သတိရမိတဲ့အခါ
နှလုံးသားဟာ တောင်တန်းလို ခုံးထလာပြီး
ခန္ဓာကိုယ်ထဲက
သွေးကြောအားလုံး လက်ရုံးဆန်တန်းမိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြစ်ငယ်ဟာ
ရန်သူ့လက်အောက် ဒူးထောက် အညံ့မခံခဲ့ဘူး။
မြို့က
သိက္ခာနဲ့လိပ်ပြာကို မစွန့်ဘဲ
သူ့အသက်ကို စွန့်သွားတယ်။
မောင်နန်းဝေ (ဗန်းမော်)
၂၀၂၂ မတ် ၁၉
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar