မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၄ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၄ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၅၊ ၂၀၂၂
မတ်လ ၂၄ ရက် - အပစ်ရပ်ရေး ခက်ခဲနေတဲ့ မြန်မာနိုင်ငံအခြေအနေ
မတ်လ ၂၁ ရက်ကနေ ၂၃ ရက်ထိ လာရောက်သွားတဲ့ အာဆီယံ အထူးကိုယ်စားလှယ် ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးက ဖြစ်နိုင်ခြေ အလားအလာ နည်းပါးနေကြောင်း ခရီးစဥ် ပြန်ရောက်ရောက်ချင်းမှာပဲ မှတ်ချက်ပေးလိုက်သလို မြန်မာနိုင်ငံပြဿနာက ကမ္ဘောဒီးယားနိုင်ငံ အလှည့်ကျတာဝန်ယူချိန် ကာလအတွင်းမှာ ပြေလည်ချင်မှ ပြေလည်မှာဖြစ်ပြီး ပြဿနာက လက်ဆင့်ကမ်းရမယ့် အနေအထားရှိတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။
ဒီမတိုင်ခင် အရင်နှစ် ဘရူနိုင်းနိုင်ငံ အလှည့်ကျတာဝန်ယူစဥ်ကလည်း ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီးက လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးအပ်နိုင်အောင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး ခေတ္တဖြစ်စေ အပစ်ရပ်ကြဖို့ ပန်ကြားခဲ့ဖူးပါတယ်။
သို့ပေမယ့် အဲဒီပန်ကြားချက်ကို သက်ဆိုင်တဲ့ အဓိကကျတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ စိတ်မဝင်စားကြသလို အောင်မြင်မှုမရခဲ့ပါဘူး။ လူသားချင်းစာနာမှု အကူအညီတွေလည်း ဖြန့်ဝေပေးနိုင်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတာ အဲဒီကာလကတည်းက အခုထက်ထိတိုင်ပဲ ဖြစ်ပါတယ်။ PDF လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ် တောင်ပိုင်းလို ကယားပြည်နယ်လို ကရင်ပြည်နယ် လိုဒေသတွေမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ အနေနဲ့ ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ အမိုးအကာ လိုအပ်ချက်တွေကို မိမိတို့ဘာသာ ဖြေရှင်းနေကြရတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း ရွာတွေကို ဝင်ရောက်စီးနင်းနေတဲ့ဖြစ်စဥ်တွေ ၊ PDF တွေကို ပစ်မှတ်ထား ရှာဖွေနေတဲ့ စစ်ကောင်စီတပ်တွေ ရဲ့ မီးရှို့မှု ၊ ဖမ်းဆီးမှု သတ်ဖြတ်မှုတွေကို ရှောင်တိမ်းနေကြရတာ စစ်ဘေးရှောင်စခန်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိပေမယ့် ရွာနီးချုပ်စပ် တောထဲ ကွင်းထဲ တောင်ခြေတွေမှာ ရွှေ့ပြောင်းတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
အပစ်ရပ်စဲဖို့ ကမ်းလှမ်းအဆိုပြုချက်တွေက အခုအချိန်မှာ ဘယ်လက်နက်ကိုင် အဖွဲ့ကိုမှ ဆွဲဆောင်နိုင်ခြင်းမရှိတာ တွေ့ရမှာဖြစ်ပါတယ်။ လက်နက်ကိုင်အင်အားအများဆုံးကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီ အနေနဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေးဆိုတာကို အပြသဘောကြေညာထားပေမယ့်လည်း နေ့စဥ်နဲ့အမျှ ပြည်နယ်နဲ့ တိုင်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ယခုနှစ်ကုန်ထိ စစ်ကောင်စီက အပစ်ရပ်ကြေညာခဲ့ပေမယ့်လည်း အဲဒီလို ကြေညာချက်ဟာ လက်နက်ကိုင် အင်အားထောင်ဂဏန်းချီ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့ကို အပစ်ရပ်ထားဖို့ ရည်ရွယ်လုပ်ကိုင်တာလို့ ကောက်ချက်ချရပြီး အဲဒီအချိန်မှာ PDF လိုအဖွဲ့တွေကို အင်အားသုံး တိုက်ခိုက်ကာ ကြီးထွားမလာအောင် သို့မဟုတ် ချေမှုန်းနိုင်အောင် ရည်ရွယ်တာလို့ ယူဆရပါတယ်။
ဒါကြောင့် အခုကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်အတွင်း အပစ်ရပ်ဖို့ အလားအလာက အရာမရောက် သလို စိတ်ဝင်စားမှု မရှိကြတဲ့ သဘောလည်း ဖြစ်ခဲ့တဲ့ သဘောတွေ့ရပါတယ်။
မြန်မာ့နိုင်ငံရေးအကြပ်အတည်း တနည်းအားဖြင့် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ မြန်မာ့နိုင်ငံရေး အာဏာကို ရယူစီမံခန့်ခွဲနိုင်ဖို့ရာအတွက် ပါဝင်တဲ့ အဖွဲ့အစည်းတွေက စစ်ရေးနည်းနဲ့ နိုင်ငံရေး အဖြေထွက်အောင် ကြိုးပမ်းမယ့် သဘောမျိုးကို ဦးတည်သွားနေတာ ဖြစ်ပါတယ်။ လက်နက်ကိုင် လမ်းစဥ်က ဗမာလူမျိုး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအကြား ရေပန်းစားလာတာ ဖြစ်ပါတယ်။
ဒီအခြေအနေကို တခြားသောစကားလုံးတခုနဲ့ ပြောရင် ပြည်တွင်းစစ်လို့ဆိုကြတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်က ပြီးခဲ့တဲ့ နှစ် ၇၀ လုံးလုံးလည်း ဖြစ်ပွားနေခဲ့တာ ဖြစ်ပြီး အခု ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ ပိုကျယ်ပြန့်လာတာ အရင်တုန်းက မဖြစ်ခဲ့တဲ့ ဒေသတွေ မှာပါ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဖြစ်နေတာမျိုး မဟုတ်သေးပေမယ့် လက်နက်ကိုင် ပဋိပက္ခဧရိယာက ၂ ဆနီးပါး ကျယ်ပြန့်လာတာမျိုး ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာတော့ နိုင်ငံရေးအားပြိုင်မှုမှာ အဓိကကျတဲ့ အင်အားစုတွေဖြစ်တဲ့ စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၊ NUG နဲ့ ဒေသအလိုက် PDF တွေ ရဲ့ တိုက်ပွဲတွေက လာမယ့် လတွေ နှစ်တွေ အထိဆက်လက်ဖြစ်ပွားနေဦးမယ့် အလားအလာရှိနေပါတယ်။
ဒီလို လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ လူသားချင်းစာနာမှု အကူအညီ၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုကို ထိခိုက်မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးပြီး ဝင်ငွေလျော့နည်းလာတဲ့ ပြည်သူလူထုတွေအနေနဲ့ လိုအပ်လာမယ့် အကူအညီ အထောက်အပံ့တွေစတဲ့ ကြုံရနိုင်ချေရှိတဲ့ အခြေအနေတွေကိုလည်း နိုင်ငံရေးခေါင်းဆောင်တွေ ကြိုတင်တွေးဆပြီး စီမံခန့်ခွဲနိုင်သလောက် စီမံခန့်ခွဲထားကြဖို့ အရေးကြီးမယ်လို့ ထင်ပါတယ်။
နိုင်ငံတကာမှာ ယူကရိန်းအရေးကြောင့် အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံများက ယူကရိန်း စစ်ပွဲ၊ ဒုက္ခသည် အရေးနဲ့ တခြားသော ကမ္ဘာ့နိုင်ငံတွေအရေး ဂရုသိပ်မထားနိုင်ကြမယ့် သဘောလည်း ရှိပါတယ်။ ဒီအခြေအနေ အခင်းအကျင်းမျိုးမှာ မြန်မာ့အရေးက မြန်မာနိုင်ငံက နိုင်ငံရေးအဖွဲ့အစည်းတွေကသာ ဝိုင်းဝန်း ထိန်းကျောင်းကြရမယ့် အလားအလာ ဖြစ်နေတယ်လို့ ခန့်မှန်းမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar