Breaking News

နိုင်ငံတကာ သာဂိ - အသေဖြောင့်အောင်လုပ်ပေးတယ်

နိုင်ငံတကာ သာဂိ - အသေဖြောင့်အောင်လုပ်ပေးတယ်

(မိုးမခ) မတ် ၂၅၊ ၂၀၂၂

Time Magazine - March 14, Being There, By Melisa Chan ဆောင်းပါးကနေ ကိုးကားရေးသားပါတယ်

သေတယ်ဆိုတာ လူတိုင်းအတွက် အခက်ခဲဆုံးအရေး ဖြစ်ပါတယ်။ သူ့ဆောင်းပါးမှာ နောက်ဆုံးချိန်ရောက်နေသူတွေအတွက် မသေခင်အချိန်လေးမှာ အသေဖြောင့်ဖို့ ငြိမ်းချမ်းစေဖို့ ဝန်ဆောင်မှုပေးတဲဲ့ Death Doulas ဆိုတဲ့ အလုပ်ဆိုတဲ့အကြောင်း ရေးထားပါတယ်။ ကိုဗစ်ကာလမှာ မိသားစုတိုင်း အသေအပျောက်တွေ ရင်ဆိုင်ကြရတော့ အသေဖြောင့်ဖို့ လုပ်ပေးတဲ့ ဝန်ဆောင်မှုပေးသူတွေရဲ့ အခန်းကဏ္ဍကို လူတွေက အလေးပြုလာကြပါတယ်တဲ့။

ဒိုလပ်စ်ဆိုတဲ့အလုပ်က ကျန်းမာရေးလုပ်သားမဟုတ်၊ သို့သော် ကျန်းမာရေး၊ နာရေး၊ သေရေး၊ ကလေးမီးဖွားရေး စတဲဲ့ အရေးပါတဲ့အချိန်တွေမှာ မိသားစုဝင်တွေ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ဝန်းယံပေးတဲ့ အားပေးမှုပေးတဲ့ ဝန်ဆောင်မှုအလုပ်ဖြစ်ပါသတဲ့။

ဆောင်းပါးအဖွင့်မှာ အသက် ၇၉ နှစ်၊ ကင်ဆာနောက်ဆုံးအဆင့် လူနာအဖိုးကြီး၊ ကုတင်မှာ သတိလစ် မိန်းမော ကိုမာဝင်နေပြီ။ သူ့ဝါသနာက ရေငုတ်သမား။ သူ့နောက်ဆုံးအချိန်မှာ အသေဖြောင့်အောင်ဝန်ဆောင်မှုပေးတဲ့ အလုပ်လုပ်သူက သူ့ကို စကားလုံးများနဲ့ ပင်လယ်ကမ်းခြေခေါ်သွားတယ်၊ လှိုင်းသံတွေ စက်နဲ့ ဖွင့်ပေးတယ်၊ ရေထဲမှာ ကူးခတ်နေတယ်လို့ မျက်စိထဲမြင်အောင် ပြောပြပေးတယ်။ အဲသည်လို လူနာကို စိတ်ချမ်းသာတဲ့အတွေ့အကြုံရအောင် ဝန်ဆောင်ပေးသူက လုပ်ဆောင်ပေးပါတယ်။ နောက်ဆုံးတော့ အဲသည် ကင်ဆာရောဂါသည်အဖိုးကြီး အိပ်ပျော်နေရင်းနဲ့ သက်တောင့်သက်သာ အသက်ကုန်သွားတယ်။

အသေဖြောင့်အောင် လုပ်ပေးတဲ့ ဝန်ဆောင်မှုပေးသူတွေ အရေအတွက်က ကိုဗစ်ကာလမှာ ပိုတိုးလာတယ်။ ကိုဗစ်ကာလမှာ သေခြင်းကို အချိန်မရွေးရင်ဆိုင်နေရတော့ မိသားစုဝင်တွေက လူနာတွေ အသေဖြောင့်စေဖို့ အဲသည်အသေဖြောင့်ရေးဝန်ဆောင်မှုပေးသူတွေကို ငှားရမ်းလာကြတယ်။ လူတွေဟာ သေခြင်းကို ဘယ်လို ရင်ဆိုင်ရမယ် မသိကြဘူး။ ကပ်ရောဂါကြောင့် လူတွေ တဖြုတ်ဖြုတ်သေနေကြတော့ အသက် ၂၀ ကနေ ၃၅ အောက်က လူတွေတောင် သေတမ်းစာတွေ ဘာတွေ ရေးလာကြတယ်။ အလုပ်အခြေအနေတွေ ကပ်ရောဂါအခြေအနေတွေအရ အချို့ ပုံမှန်အလုပ်လုပ်နေကြရာကနေ အလုပ်ထွက်ပြီး သေခြင်း ရှင်ခြင်းကို စဉ်းစားလာကြတယ်။ သူတို့တွေက ခုနင်က အသေဖြောင့်ရေးဝန်ဆောင်မှုအလုပ်ကို ပြောင်းလုပ်ကြတယ်။

နောက်ထပ် ကေ့စ်တခုက - သမီးက အသက် ၂၀ ကျော်၊ အမေက ကင်ဆာနဲ့ နောက်ဆုံးအဆင့်။ ဆေးတွေအရှိန်နဲ့ အမေဟာ တဖြေးဖြေး ဆုတ်ယုတ်လာပြီ။ အမြဲတန်း အိပ်ယာထဲ အချိန်ကုန်နေတော့တယ်။ သမီးမှာလဲ တငိုငိုနဲ့ ဘယ်လို ရင်ဆိုင်ရမယ် မသိ။ သည်လိုနဲ့ အသေဖြောင့်ဝန်ဆောင်ပေးသူကို အကူအညီတောင်းရတယ်။ ဝန်ဆောင်မှုပေးသူက သူတို့ ဘ၀တွေ မှတ်တမ်းတွေ အတွေ့အကြုံတွေကို ပြန်မေးမြန်းစုံစမ်းတယ်။ သူတို့သားအမိ ငယ်စဉ်က အတူတူကြည့်ကြတဲ့ ရုပ်ရှင် - Wizard of Oz ကို အမေနဲ့ သမီးကို အတူတူ ပြန်ကြည့်ခိုင်းတယ်။ အမေဟာ သမီးနဲ့အတူတူ သည်ရုပ်ရှင်ပြန်ကြည့်ရတော့ လန်းလန်းဆန်းဆန်း ပျော်ရွှင်လာတယ်။ သမီးနဲ့ စကားတွေ ပြန်ပြောတယ်။ ရုပ်ရှင်သီချင်း အတူတူ ပြန်ဆိုကြတယ်။ နောက်ဆုံးသေဆုံးချိန်မှာ သမီးနဲ့ အမေတို့ ငြိမ်းချမ်းစွာ လမ်းခွဲကြတယ်။ သမီးက အမေနဲ့အတူ ဆိုခဲ့တဲ့ သီချင်းလေးကို လေချွန်နေရင်း နှုတ်ဆက် လို့ တဲ့။ အသေဖြောင့်အောင်လုပ်ပေးသူတွေရဲ့အလုပ်က ကာယကံရှင်ရဲ့နောက်ဆုံးအချိန်မှာ ငြိမ်းချမ်းမှုနဲ့ ဆောက်တည်ရာကို အတတ်နိုင်ဆုံး ရှာပေးရတာလို့ ဆိုပါတယ်။

အသေဖြောင့်အောင်လုပ်ပေးတာ ဘာသာရေးဆရာတွေလို့ ဆိုကြတယ်။ လူနာနောက်ဆုံးအချိန်မှာ သေပျော်အောင် တရားရွတ်ဆိုတာ၊ ကောင်းမှုပြုခိုင်းတာ၊ တရားမှတ်ခိုင်းတာ လုပ်ခိုင်းကြပါတယ်။ အသေဖြောင့်အောင်ကိုလည်း ကျန်းမာရေးဝန်ထမ်းတွေ ပညာရှင်တွေက လုပ်ပေးနိုင်တယ်။ ဝေဒနာနဲ့ ကိုမာဝင်နေသူတွေကို အသက်ရှုဆက် ဖြုတ်ပေးတာ၊ ငြိမ်းချမ်းစွာ အသက်ကုန်အောင် ဆေးအကူအညီလုပ်ပေးတာတွေ လုပ်ကြပါတယ်။ အခု အသေဖြောင့်ဝန်ဆောင်မှုပေးသူတွေကတော့ ဘာသာရေး ကျန်းမာရေးနဲ့ မဆိုင်ဘဲ လူနာကာယကံရှင်၏ ဘ၀ဖြတ်သန်းမှု၊ မိသားစုအရေး၊ လူမှုဘ၀နဲ့ ခံစားချက်တွေနဲ့ ပိုမိုသက်ဆိုင်ပါတယ်။ ဘ၀တခု အဆုံးသတ်နေချိန်မှာ ငြိမ်းချမ်းစွာနဲ့ တည်ငြိမ်စွာနဲ့ အသက်ကုန်နိုင်ဖို့ ဝေဒနာမျိုးစုံနဲ့ ပင်ပန်းဆင်းရဲမှုများကို ကာယကံရှင်များနဲ့ သက်ဆိုင်သူများ ထံက သက်သာလျော့ပေါးစေဖို့ အသေဖြောင့်ပေးသူတွေက လုပ်ပေးနိုင်ကြပါတယ်။

လူနာရဲ့ နောက်ဆုံးချိန်တွေမှာ အသေဖြောင့်ပေးသူက သူတို့ပြောသမျှ နားထောင်ပေးတယ်၊ နှစ်သိမ့်ပေးတယ်။ သူတို့အတွက် နှုတ်ဆက်စကားတွေ လက်ဆောင်တွေ ပို့စကဒ်တွေအတွက် ပြင်ဆင်ပေးပါတယ်။ သေခြင်းကို ရင်ဆိုင်နီုင်အောင် အဖော်လုပ်ပေးတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အခက်အခဲ ဆင်းရဲဒုက္ခတွေကိုလည်း ဝေမျှခံစားပေးပြီး သက်သာရာ ရစေတယ်လို့ ဆိုပါတယ်။ လူနာကွယ်လွန်သွားပြီးနောက်လည်း ဈာပနနဲ့ အသုဘအခမ်းအနားတွေ အတွက် ဝန်ဆောင်မှုပေးပါတယ်။ လူတွေဟာ စားဝတ်နေရေး လိုအင်ဆန္ဒတွေနဲ့ လုံးပမ်းနေရင်း အချိန်ကုန်ကြပါတယ်။ ပြီးတော့လည်း နာမကျန်းဖြစ်ကြတဲ့အချိန်မှာလည်း ခွဲခွာခြင်းကို ရင်ဆိုင်နိုင်ဖို့ အစွမ်းသတ္တိလိုကြပါတယ်။ နောက်ဆုံးအချိန်တွေ ဘ၀နေဝင်ချိန်တွေအတွက် တစိမ်းတွေရဲ့ အကူအညီလိုအပ်ကြတယ်ဆိုတာ သိရှိကြရပါမယ်။

တခါက အဖွားအိုတယောက် နောက်ဆုံးအချိန်မှာ သူ့မှာ ရှိနေတဲ့ ကြောင်လေး ၂ကောင်အတွက် နောက်ဆံတင်းနေချိန်မှာ အသေဖြောင့်ပေးသူက သူတို့အတွက် အိမ်ရှာပေးပါတယ်။ အဲသည်နောက်မှာ အဖွားအိုလည်း ငြိမ်းချမ်းမှု ရသွားတယ်။ ဘယ်လိုမျိုး ဘ၀ကို အဆုံးသပ်ချင်သလဲဆိုတာကို မေးဖို့ ခက် ဖြေဖို့ခက်ကြတဲ့ မိသားစုဝင်တွေ အချင်းချင်းကြားမှာ အသေဖြောင့်ပေးတဲ့ဝန်ဆောင်သူတွေက အရေးပါတယ် ဆိုနိုင်ပါတယ်။

ဘ၀နေဝင်ချိန် ဝန်ဆောင်မှုလုပ်ငန်းဆိုပြီး လုပ်ငန်းတွေ ရှိကြပါတယ်။ ဝန်ဆောင်သူတွေကလည်း တနာရီ ၄၅ ကနေ ၁၀၀ ဒေါ်လာ သတ်မှတ်ကြပါသတဲ့။ အစိုးရက သည်အလုပ်ကို ဥပဒေတွေ နည်းဥပဒေတွေ တိတိကျကျ မသတ်မှတ်ထားပေမယ့် ဝန်ဆောင်မှုလုပ်သူတွေက ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဝန်ထမ်းဆိုင်ရာ ပညာပေးသင်တန်းတွေ ကို တက်ရောက်ကြလေ့ ရှိပါတယ်တဲ့။ လူတွေက သည်အလုပ်ကို အထင်သေးကြတတ်ပါတယ်။ အထင်လွဲကြပါတယ်။ တကယ်က သေခြင်းကို ရင်ဆိုင်ဖို့ အင်အားလိုပါတယ်။ သေခြင်းကို ဘယ်သူမှ မတားနိုင်ပေမယ့် သေခြင်းမှာ အားပေးဖို့ ဝန်းယံပေးဖို့ အင်အားလိုပါတယ်လို့ ဝန်ဆောင်မှုဆောင်ရွက်နေသူတဦးက ပြောပါတယ်။

အမေရိကားမှာ အိုနာသေခြင်း ရှင်သန်ခြင်းတွေ အကုန်လုံးကို စီးပွားဖြစ်အောင် ပုံသွင်းထားကြပါတယ်။ ရှင်သန်ချိန်မှာလဲ ကျန်းမာအောင် နေပျော်အောင် ဝန်ဆောင်မှုတွေ အာမခံလုပ်ငန်းတွေ က တာဝန်ယူကြပါတယ်။ နာမကျန်းချိန်မှာလည်း ကျန်းမာရေးဝန်ဆောင်မှု ဆေးရုံဆေးခန်းတွေက လူတွေကို တာဝန်ယူပေးကြတယ်။ စီးပွားဖြစ်ကြပါတယ်။ သေဆုံးချိန်မှာလည်း လူအိုရုံတွေ ဆေးရုံတွေ အသေဖြောင့်ပေးသူတွေက ဝန်ဆောင်မှုတွေ ပေးကြတယ်။ သေပြီးသွားရင်လဲ ဈာပနာနဲ့ နောက်ဆုံးနှုတ်ဆက်တဲ့ အခမ်းအနား သင်းဂြိုဟ်ခြင်းလုပ်ငန်းတွေ စတဲ့ အလုပ်တွေ ရှိကြပါတယ်။

သေဆုံးခါနီးလူအနားမှာ ပျော်ရွှင်ဖွယ် အမှတ်တရတွေ ချစ်ခြင်းမေတ္တာတွေ ပန်းတွေ ပွင့်နေတာ၊ သာယာတဲ့ တေးသံတွေ ပျံလွင့်နေတာတွေ လိုပါတယ်။ သေခြင်းကို နာကျင်ဖွယ်ရာ ဆိုးဝါးသော ဝေဒနာများအဖြစ် ရင်ဆိုင်ကြတာ ဝမ်းနည်းကြေကွဲဖွယ်ရာအဖြစ် ပုံသွင်းတွေတာကို ဖယ်ရှားနိုင်ခွင့်ရှိရင် ဖယ်ရှားဖို့ လိုပါတယ်။ ရှင်သန်ခြင်းနဲ့ ဘ၀ကို စတင်ပြီး သေဆုံးခြင်းနဲ့ အဆုံးသတ်ကြတာကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ရင်ဆိုင်ကြမလားဆိုတာ မေးခွန်း ဖြစ်ပါတယ်။







Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar