နေစိမ့် - တာတာတွတ်မြို့သားများကောင်းမှု
နေစိမ့်
(မိုးမခ) မတ် ၂၄၊ ၂၀၂၂
လေညင်းကိုထွေးပွေ့ထားလို့မရ
မီးတောင်က ဖောက်ထွက်လာတဲ့ဒေါသ
အနက်ရှိုင်းဆုံးတွင်းထဲအထိခုန်ချ
အမြင့်မားဆုံးနံရံမှာတက်ချိတ်နေတဲ့ကြယ်ဝိညာဉ်
ဘယ်သူတွေအသက်ရှူရပ်ရပ်
ကျန်ခဲ့သူတွေဆက်ပြီးအသက်ရှူနေတယ်
လွတ်လပ်ရေးကျောက်တိုင်ကြီးမားမားရပ်နေတယ်
တာတာတွတ်မြို့တော်မှာ
တာတာတွတ်မြို့သားတွေ
ဆုပ်လည်းစူး စားလည်းရူး
ဟေ့ ဟေ့
အပင်းသွင်းခေါစာအရသာတွေ့သူတွေရဲ့
သားသတ်သမားကိုဘုရားထူးနေသူတွေရဲ့
သမိုင်းကအရူးမီးဝိုင်းခဲ့လေတော့ အပိုင်းပိုင်းပြတ်
ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့စကားပုံဟာ
မဆလလက်ကျန် ဟင်းချက်နည်းတခု
ပလာဇာမှာခလုတ်တိုက်မိသူမှန်သမျှ
နပိုလီယံဖြစ်ချင်သူတွေချည်း
ဟစ်တလာစစ်ရှုံးတော့
ကိုယ်ဝန်အရင့်အမာနဲ့ကျန်ရစ်သူဟာ
ဘာလင်မြို့ကြီး
ဗင်းဆင့်ဗန်ဂိုး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားလည်း
အဝါရောင်နေကြာပန်းတွေဆက်ပွင့်တယ်
တာတာတွတ်မြို့သားတွေရှေ့
ဟပ်ထိုးလဲကျတဲ့အဝါရောင်နွေဦးက
ချစ်စိတ်တွေပြင်းပြလှပါတယ်
အခုပြောနေတာ နိုင်ငံတော်မိန့်ခွန်းလား
မိုးလေဝသ အရေးပေါ်သတင်းလား .............
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar