Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၄ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၄ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) မတ်လ ၅၊ ၂၀၂၂

◾️ရုတ်တရက်မြင့်တက်လာတဲ့ စားသုံးဆီနဲ့ စက်သုံးဆီစျေး၊ အင်တာနက်သုံးမရတော့တဲ့မြို့နယ်တွေ 
မြန်မာနိုင်ငံက ပြည်သူလူထုအဖို့ တဖက်မှာ တိုက်ပွဲတွေ ကျေးရွာတွေမီးရှို့ခံရတာတွေ၊ အသက်ဆုံးရှုံးတာတွေ ရင်ဆိုင်နေကြရသလို တဖက်မှာလည်း အသက်မဆုံးရှုံးရင်တောင်မှ စားဝတ်နေရေး အလုပ်အကိုင် အခွင့်အလမ်း ကျဆင်းလာတာ၊ ဝင်ငွေနည်းပါးလာတာအပြင် အခြေခံစားသောက်ကုန်တွေထဲက အများဆုံးသုံးကြတဲ့ စားအုန်းဆီနဲ့ ဟင်းရွက်ဆီစျေးနှုန်းတွေ ၁ လကျော်အတွင်း ၂ ဆနီးနီး မြင့်တက်လာတဲ့ဒဏ်၊ မကြုံဖူးတဲ့ စက်သုံးဆီစျေးနှုန်းတွေရဲ့ ဒဏ်ကိုခံစားနေကြရပြန်ပါတယ်။
 
မြန်မာနိုင်ငံဟာ စားသုံးဆီဖြစ်တဲ့ မြေပဲဆီ၊ နှမ်းဆီတွေ ထွက်ရှိပေမယ့်လည်း စျေးနှန်းအရတော့ အများစုစားသုံးနိုင်တဲ့စျေးနှုန်းမဟုတ်တာကြောင့် အများစုက စျေးနှုန်းသက်သာတဲ့ ပြည်ပမှတင်သွင်းတဲ့ စားအုန်းဆီကို သုံးစွဲကြရတာ ဖြစ်ပါတယ်။ ယခင် စစ်အာဏာမသိမ်းမီ ဒေါ်လာစျေးနှုန်းတွေ ၂ ဆနီးနီး မမြင့်တက်ခင်က တပိသာကို ၃ ထောင်နဲ့ ၄ ထောင်ကြားသာရှိခဲ့တဲ့ စားအုန်းဆီက အခုလပိုင်းမှာ တဖြည်းဖြည်းမြင့်တက်လာတာ ကျပ် ၆ ထောင်လောက်ကနေ ခုရက်ပိုင်းမှာ ၈ ထောင်ကျပ်အထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ပြည်ပက ပုံမှန်တင်သွင်းနေရတဲ့အထဲ စားအုန်းဆီကို စက်သုံးဆီတို့လိုပဲ နိုင်ငံခြားငွေပမာဏ အတော်များများ သုံးစွဲကာ တင်သွင်းနေရတာ ဖြစ်ပါတယ်။ 

စားအုန်းဆီစျေးနှုန်း မြင့်တက်ခြင်းက နေ့စဉ်မိသားစုတွေရဲ့ အသုံးစရိတ်ကို တိုက်ရိုက်ထိခိုက်စေမှာဖြစ်ပြီး အစားအသောက် ထုတ်လုပ်ရောင်းချတဲ့ ထမင်းဆိုင်၊ အကြော်၊ အခြားစားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းတွေကိုလည်း ထုတ်လုပ်မှုစရိတ်မြင့်တက်စေမှာ ဖြစ်ပါတယ်။ နေ့စ​ဉ်စားသုံးနေကြရတဲ့ အကြော်၊ ဟင်းလျာတွေရဲ့ စျေးနှုန်းကို ထိခိုက်စေနိုင်သလို အချို့သော တပိုင်တနိုင် စားသောက်ကုန် ရောင်းချသူတွေအဖို့ လုပ်ငန်းရပ်နားထားရတဲ့အခြေအနေမျိုးလည်း ဖြစ်ပေါ်စေနိုင်တာဖြစ်ပါတယ်။ 

ရိုက်ခတ်မှုက တခုထဲလားလို့ဆိုရင် တခုထည်းမဟုတ်ပဲ ခုရက်ပိုင်း ယူကရိန်းစစ်ပွဲရဲ့ ဂယက် ကမ္ဘာ့ရေနံစျေး စံချိန်တင်မြင့်တက်မှုကလည်း ပြည်တွင်းမှာ စက်သုံးဆီစျေးတွေ မြင့်တက်စေပြီး တခါမျှမကြုံဖူး မကြားဖူးတဲ့ ဓါတ်ဆီတဂါလံ ၉ ထောင်နဲ့ တချို့နယ်တွေမှာ သယ်ပို့စရိတ်ကြောင့် ကျပ် ၁ သောင်းနီးနီးထိ မြင့်တက်သွားတာကလည်း လူအများရဲ့ စားဝတ်နေရေးကို ကြီးမားစွာထိခိုက်မှု ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။ သွားလာရေးစရိတ်မြင့်တက်တာ၊ စိုက်ပျိုးရေး ထုတ်ကုန်၊ သယ်ယူပို့ဆောင်ရတဲ့စရိတ် စတာတွေအားလုံး အပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနေပြီး လူထုအနေနဲ့ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို အကာအကွယ် အခုအခံမရှိ  ခံစားနေကြရတာ ဖြစ်ပါတယ်။ 

အခုလိုပြည်တွင်းမှာ နေရေးစားရေး ကြပ်တည်းလာလေလေ ပြည်ပမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဆုပ်ကိုင်ဖို့ ပွဲစားတွေ၊ လူမှောင်ခိုကူးသူတွေကို အားကိုးပြီး အိမ်နီးချင်းနိုင်ငံကို တရားမဝင်တဲ့ နည်းလမ်းနဲ့ နေ့စဉ်ဝင်ရောက်ဖို့ ကြိုးစားမှုတွေ ပိုမြင့်တက်လာစေတာလည်း ဖြစ်ပါတယ်။ နေ့စဉ်လိုလို သတင်းတွေထဲ ထိုင်းနိုင်ငံ နယ်စပ်မြို့တွေမှာ မြန်မာနိုင်ငံသား ရာနဲ့ချီ တရားမဝင်ဝင်ရောက်ဖို့ ကြိုးစားတာကြောင့် ဖမ်းဆီးခံနေကြရတဲ့ သတင်းတွေ ဖတ်ရှုကြားသိနေရတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေ အဖြစ်အပျက်တွေက တခုနဲ့တခု ဆက်စပ်နေကြပြီး စစ်ပွဲ၊ စားဝတ်နေရေးကြပ်တည်းမှု၊ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ခြင်းတွေက တိုက်ရိုက်ဆက်နွယ်နေကြတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်းထဲမှာ မြို့နယ် ၆ ခုလောက်ကလွဲလို့ ကျန်မြို့နယ်ပေါင်း ၃၀ ကျော်လောက်မှာ အင်တာနက် ဆက်သွယ်မှု ဖြတ်တောက်တာ၊ မြန်နှုန်းလျော့ချတာတွေ စစ်ကောင်စီက လုပ်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ လက်ရှိ 4G ဆက်သွယ်မှုအနေနဲ့ မိုဘိုင်းအင်တာနက်တွေကို အများစုသုံးစွဲနေကြရာက အဲဒီမြို့နယ်တွေမှာ အင်တာနက် လုံးဝပြတ်တောက်တာဖြစ်စေ မဟုတ်ရင် 2G လောက်သာ ရတာကြောင့် အင်တာနက်ဆက်သွယ်ကြည့်ရှုဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေဖြစ်ပါတယ်။ နကိုကတည်းက ၃/၄ မြို့နယ်ကို ဖြတ်တောက်ထားတယ်လို့ ဆိုကြပေမယ့် အခုမတ်လ ၄ ရက်နေ့မှာ မြို့နယ်ပေါင်း ၃၀ ကျော်အထိ ပုံသေ ဖိုင်ဘာအင်တာနက်မဟုတ်တဲ့ ဆက်သွယ်မှုတွေ မရတော့အောင် ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။ 

အင်တာနက် ဖြတ်တောက်မှုက ငွေပေးငွေယူ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ K Pay, Wave Money လို လူအများအကြားသုံးစွဲနေကြတဲ့ ဘဏ်မဟုတ်တဲ့ ငွေပေးချေမှု ပေးပို့မှုတွေကိုလည်း ထိခိုက်စေတာ ဖြစ်ပါတယ်။ 

ဒီသတင်းတွေနဲ့ အတူ လူနေအိမ်တွေ မီးရှို့ခံရတဲ့သတင်း၊ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုမှာပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်၊ မိသားစုဝင်က အဖမ်းမခံပဲ တိမ်းရှောင်သွားတဲ့အခါ နေအိမ်ကို ဝရန်းကပ် ချိတ်ပိတ်တာတွေ လုပ်ဆောင်နေတဲ့သတင်းတွေလည်း ဖတ်ရှုကြားသိနေရပါတယ်။ စီအာရ်ပီအိတ်ချ်မှာ ပါဝင်လုပ်ဆောင်နေတဲ့ ဒေါ်ဖြူဖြူသင်း ရဲ့ မိသားစုနေအိမ်ကို ဝရန်းကပ် ချိတ်ပိတ်တဲ့သတင်း၊ ဒီဇင်ဘာလဆန်းမှာ စစ်ကြောရေးမှာ အသက်ဆုံးရှုံးသွားရတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုသတင်းထောက် ကိုစိုးနိုင်ရဲ့ နေအိမ်ကို ချိတ်ပိတ်လိုက်တ​ယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီအာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပြီး ဖမ်းဆီးမခံရပဲ နယ်စပ်ဒေသတွေမှာ တိမ်းရှောင်လုပ်ကိုင်နေသူ၊ အချို့လည်း တတိယနိုင်ငံတွေအထိ ရောက်ရှိသွားသူတွေထဲက လူသိများထင်ရှားသူတွရဲ့နေအိမ်တွေကို ဝရန်းကပ် ချိတ်ပိတ်တာတွေကို ပြီးခဲ့တဲ့ ၄/၅ လကတည်းက လုပ်ဆောင်လာရာက အခုလပိုင်းမှာ ပိုမိုများပြားလာပြီး အရေအတွက် ရာချီရှိနေပြီလို့ မှန်းဆရပါတယ်။ ယခုတကြိမ် စစ်အာဏာသိမ်းတဲ့ အဖြစ်အပျက်အပြီး ဒီလိုနည်းနာကို ပထမဆုံးအကြိမ် အသုံးပြုလာတာ ဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားသူတဦးထဲကို ပစ်မှတ်ထားတာထက် မိသားစုဝင်တွေကိုပါ ထိခိုက်အောင် ရည်ရွယ်လုပ်ဆောင်လာတာဖြစ်ပြီး ဥပဒေကြောင်းအရလည်း အကျုံးမဝင်သလို ဥပဒေကို တလွဲအသုံးချမှုတွေသာ ဖြစ်တယ်လို့ အများက ရှုမြင်ကြတာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar