Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၅)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၅)
(မိုးမခ) မတ် ၄၊ ၂၀၂၂

တော်လှန်ရေးတိုင်း အဆင်ပြေပြေ မရှိခဲ့သလို အချို့သောဖြစ်ရပ်တွေကလည်း သမိုင်းအလှည့်အပြောင်း ကြီးကြီးမားမား ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် အလှည့်အပြောင်းတွေက လူ့သမိုင်းအတွက် ကောင်းသွားတာတွေရှိသလို၊ ပိုမို ဆိုးရွားသွားစေတာလည်း ရှိပါတယ်။ ဒါပေမယ့် လူဆိုးက လုပ်တဲ့အလှည့်အပြောင်းတွေကတော့ ဘယ်တော့မှ ကောင်းတဲ့အချိုးအကွေ့မဖြစ်ပါဘူး။ 

အမေရိကန်သမိုင်းထဲက အလှည့်အပြောင်းလေးတစ်ခုကို ပြောပြချင်ပါတယ်။ ဖြစ်ရပ်က နှစ်ပေါင်း ၂၅၀ နီးပါးက အဖြစ်အပျက်ဆိုတော့ လူသိနည်းတဲ့ဖြစ်ရပ် ဖြစ်နိုင်ပါတယ်။ အမေရိကန်လွတ်လပ်ရေးအတွက် တော်လှန် ရေး ဆင်နွှဲနေချိန်ပါ။ ဂျော့ဂျ်ဝါရှင်တန် (George Washington) ကို သူစားမယ့် ပဲပန်းကန်မှာ အဆိပ်ထည့်ပြီး လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်ပါ။ 

အမေရိကန် တော်လှန်ရေးတပ်ရဲ့ဗိုလ်ချုပ်ကြီး ဖြစ်တဲ့ ဂျော့ဂျ်ဝါရှင်တန်ကို သူ့ရဲ့အစောင်တပ်မှ သောမတ် ဟစ်ကီ (Thomas Hickey) က လုပ်ကြံဖို့ စီစဥ်တာပါ။ သူက လုပ်ကြံမှုအတွက် အိမ်အကူအမျိုးသမီး ဖီဘီ ဖရောင့်စ်(Phoebe Fraunces) ကို သိမ်းသွင်း ပြောဆိုပါတယ်။ သူမလုပ်ရမယ့်တာဝန်က အဆိပ်ခတ်ထားတဲ့ ပဲပန်းကန် ဂျော့ဂျ်ဝါရှင်တန်ကို ကျွေးမွေးဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဖီဘီက သဘောတူလိုက်ပါတယ်။ ဒါပေမယ့် ပဲပန်း ကန်သွားပေးတဲ့အခါ သူက ဂျော့ဂျ်ဝါရှင်တန်ကို ခပ်တိုးတိုး သတိပေးစကားပြောခဲ့ပါတယ်။ 

ဒီတော့ ဂျော့ဂျ်ဝါရှင်တန်က လာကျွေးတဲ့ ပဲတွေကို မစားဘဲ ပြတင်းပေါက်ကနေ သွန်ချလိုက်ပါတယ်။ မြေကြီးပေါ်ကျတဲ့ပဲစေ့တွေကို စားမိတဲ့ကြက်တွေ သေကုန်ပါတယ်။ ဒီဖြစ်ရပ်ဟာ တိုင်းပြည်အတွက် အင်မတန် ကံကောင်းတဲ့ဖြစ်ရပ်ပါ။ အကယ်၍ လုပ်ကြံမှု အောင်မြင်သွားခဲ့ရင် တော်လှန်ရေးတပ်ကြီးကို ဂျော့ဂျ်ဝါရှင်တန်က ဦးဆောင်နိုင်တော့မှာ မဟုတ်သလို အမေရိကန်ပြည်ထောင်စု ဆိုတာလည်း ပေါ်ပေါက်လာဖို့ မလွယ်ပါဘူး။ 
ဒီနေရာမှာ အရေးပါတဲ့အရာတစ်ခုက သစ္စာရှိမှုပါ။ အဆိပ်ခတ်တာကို သိထားတဲ့၊ ကိုယ်တိုင်က အဆိပ်ခတ်ထားတဲ့ ပဲပန်းကန်ကို သွားပေးရတဲ့ အိမ်အကူ အမျိုးသမီး ဖီဘီဟာ သူ့ရဲ့အသက်ကိုရင်းပြီး ခေါင်းဆောင်ကို ကယ်တင်လိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ကယ်တင်မှုက ဂျော့ဂျ်ဝါရှင်တန် တစ်ယောက်တည်းကို ကယ်တင်လိုက်တာမဟုတ်ဘဲ အမေရိကန်တော်လှန်ရေးနဲ့ အမေရိကန်ပြည်ထောင်စုကို ကယ်တင်လိုက်တာ ဖြစ်ပါတယ်။ 
ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့ဖူးတဲ့ လုပ်ကြံမှုတွေမှာ အာဏာရှင်တွေထက် လူကောင်းသူကောင်းတွေကို လုပ်ကြံခံရတာ ပိုများပါတယ်။ အထူးသဖြင့် အများအတွက် လုပ်ကိုင်ဆောင်ရွက်သူတွေက ကြောက်ရွံ့ဖို့မကောင်းတာ၊ တပါးသူအပေါ် ယုံကြည်စိတ် ပိုထားတာတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ကောင်းမွန်တဲ့အမူအကျင့်တွေက သူတို့လုံခြုံရေးအတွက် အားနည်းချက် ဖြစ်ရတာကတော့ စိတ်မကောင်းစရာ အချက်ပါ။ 

ခံစရာရှိရင် လူကောင်းတွေက ခံကြရပြီး စံစရာရှိရင် လူဆိုးတွေက စံနေကြတဲ့ အာဏာရှင်စနစ်ဆိုးကလည်း အမြန်ဆုံး ပျောက်ကွယ်ဖို့လိုပါတယ်။ မြန်မာ့လွတ်လပ်ရေး ၇၅ နှစ်ထဲ ဝင်လာချိန်မှာ နှစ်ပေါင်း ၆၀ လောက် အာဏာရှင်စနစ်လက်အောက် နေထိုင်ခဲ့ရတဲ့အဖြစ်က ဒီတိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရအောင် လုပ်ဆောင်ခဲ့တာနဲ့အတူတူပါပဲ။ ဒါတွေ ပပျောက်ဖို့ ယခုဆင်နွှဲနေတဲ့တော်လှန်ရေး အောင်မြင်ဖို့အရေးကြီးပါတယ်။ 

သစ္စာရှိမှုတွေအကြောင်း ပြောကြတဲ့အခါ ဆန့်ကျင်ဘက်ဖြစ်တဲ့ သစ္စာမဲ့မှု၊ သစ္စာဖောက်မှုတွေကိုလည်း ပြောရပါလိမ့်မယ်။ သစ္စာဖောက်တယ်ဆိုတာ ယုံကြည်ထားရသူက ဆန့်ကျင်တာ၊ ဘက်ပြောင်းတာ၊ အနှောင့်အယှက်လုပ်တာဖြစ်ပြီး အဲဒီလိုလုပ်ရပ်တွေက ပျက်စီးရာပျက်စီးကြောင်းကို ဦးတည်ပါတယ်။ တော်လှန်ရေးတရပ် ဆင်နွှဲရတဲ့အခါ နဂိုက မညီညွတ်မှုတွေကို ညီညွတ်အောင်၊ အားရှိအောင် ကြိုးစားဆောင်ရွက်နေရသလို အာဏာရှင်တွေရဲ့ ဖိနှိပ်ရက်စက်မှု၊ သပ်လျှိုသွေးခွဲမှုတွေကိုပါ ရင်ဆိုင်ကြရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အချင်းချင်း နောက်ကျောလုံလုံ စိတ်ချထားရဖို့ဟာ သိပ်အရေးကြီးပါတယ်။ 

တော်လှန်ရေးအင်အားစုတွေက ပိုမို ညီညွတ်ရမယ့်အချိန်ပါ။ ယခုအခါက "သွေးကွဲရင် ခွေးဆွဲမယ်" ဆိုတဲ့အဆင့်တောင် မဟုတ်ပါဘူး၊ "သွေးမကွဲဘဲ ခွေးဆွဲနေတဲ့ခေတ်" ဖြစ်ပါတယ်။ ဒီအချိန်မှာ တော်လှန်ရေး ရဲဘော်အချင်းချင်း၊ အမှန်တရား ဘက်တော်သားအချင်းချင်း ညီညွတ်ဖို့၊ သစ္စာရှိဖို့၊ ကျရာနေရာက ထမ်းနိုင်တဲ့တာဝန်တွေကို ထမ်းကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေ ကောင်းစားဖို့၊ သာယာဝပြောဖို့ ဆိုတဲ့ စိတ်စေတနာနဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 

ဒီတော်လှန်ရေးဟာ အားလုံးက ကိုယ်စီကိုယ်စီ လမ်းဖောက်နေရတဲ့ တော်လှန်ရေးဖြစ်သလို အနှောင့်အယှက် အဟန့်အတားတွေ နည်းရင်နည်းသလို ခရီးပေါက်နိုင်မယ့် အနေအထားဖြစ်ပါတယ်။ ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ သာသနာ့ဝန်ထမ်း စသဖြင့် အားလုံးက မူလဝတ်စုံတွေကို ပစ်ပြီး တော်လှန်ရေးဝတ်စုံကို ပြောင်းလဲဝတ်ဆင်၊ ကြိုးစားဆောင်ရွက်နေကြချိန်လည်း ဖြစ်ပါတယ်။ ဒါကို နားမလည်နိုင်ရင်တော့ တော်လှန်ရေးရေစီးကြောင်းမှာ ကိုယ်က ကျန်ရစ်ခဲ့ရမှာပါ။ 

ဒီတော်လှန်ရေးဟာ လူတစ်ဦးချင်း ပုဂ္ဂိုလ်ရေးတည်ဆောက်ဖို့၊ တစ်ဦးတည်း ကောင်းစားဖို့၊ နာမည်ကြီးဖို့ လုပ်ဆောင်နေကြတဲ့ တော်လှန်ရေးမဟုတ်ဘဲ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်တစ်ခု ပေါ်ပေါက်ဖို့ ကြိုးပမ်းအားထုတ်နေကြတာ ဖြစ်ပါတယ်။ ဒီလို သဘောထားချင်း တူသူတွေက စုပေါင်းလုပ်ဆောင်နေကြတာဖြစ်လို့ ဘာမှ အားငယ်စရာ၊ မအောင်မြင်စရာ မရှိပါ။ 

ငါတို့မှာ ငါတို့ရှိပါတယ်။ ။ 

ထိန်လင်း
၁၊ ၃၊ ၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar