ကိုအောင်မှိုင်း - သမိုင်း
ကိုအောင်မှိုင်း - သမိုင်း
(မိုးမခ) ၂၉၊ ၂၀၂၂
အခုလူငယ်
နောင်ဝယ်လူကြီး
သင်လည်းတဦး ဖြစ်လိမ့်မယ်။
လူကြီးဖြစ်လာ
ထိုအခါဝယ်
သင် ပြုသမျှ သင် ပြန်ရမယ်။
သမိုင်းဆိုတာ
သင်ကိုယ်တိုင်ရေး
သင်ကိုယ်တိုင် တေးဆိုခဲ့တာပဲ။
သမိုင်းဆိုတာ
သူများမကောင်းကြောင်း
သင် ကောင်းကြောင်း ဖော်ပြနေတဲ့
ဇာတ်ဝင်ခန်းတခု မဟုတ်ဘူး။
သမိုင်းဆိုတာ
လူဆိုးလဲ သင်
ဇာတ်ပို့လဲ သင်
ဇာတ်လိုက်လဲ သင်
ဒါရိုက်တာလဲ သင်
ဖြစ်ချင်ရာဖြစ်
ရွေးချယ်မှုအစစ်က သင်ပဲလေ။
ရိုက်နေတဲ့ဒုတ်နဲ့
အရိုက်ခံရတဲ့ခေါင်း
ဘက်တွေအကြောင်း
ကောင်းကောင်းသိရင်ပေါ့။
သင့်ရွေးချယ်မှုက
သင့်ဘဝအကြောင်း
သင့်သမိုင်းကြောင်းကို
မှတ်တမ်းတင်နေလိမ့်မယ်။
သမိုင်းဆိုတာ
အနာဂတ်ကို
မျှော်မှန်းခြင်းဖြစ်သလို
အနာဂတ်ကို
ပိုင်ဆိုင်ခြင်းဖြစ်တယ်။
ကိုအောင်မှိုင်း
မတ်လ ၂၈ ရက် ၂၀၂၂ ခုနှစ်
(မတ်လရနံ့ကို ဤကဗျာဖြင့် ဂုဏ်ပြုပါသည်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar