လှကျော်ဇော - တပ်မတော်နေ့တဲ့လား
(မိုးမခ) မတ် ၂၉၊ ၂၀၂၂
၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်နေ့မှာ ဗမာပြည်သူတရပ်လုံးဟာ ရရာလက်နက်စွဲကိုင်ပြီး အလွန်စည်းလုံးညီညွတ်စွာနဲ့ ဗမာပြည်ကြီး ၃ နှစ် ၃ မိုး (၁၉၄၂-၄၅) ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ဂျပန်ဖက်ဆစ်တွေကို စတင်တော်လှန်ကြရာမှာ အဲဒီနှစ် သြဂုတ်လ (၁၅) ရက်နေ့မှာ အောင်ပွဲရခဲ့ပါတယ်။ အဲဒီဂျပန်တော်လှန်ရေးအောင်ပွဲအရှိန်နဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီ (၄) ရက်မှာ ဗမာပြည်လွတ်လပ်ရေးကို ရရှိခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက် မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့လို့သတ်မှတ်ပြီး နှစ်စဉ် တခမ်းတနားကျင်းပခဲ့ကြပါတယ်။ ဂျပန်တွေကိုတော်လှန်စဉ်က ရရှိခဲ့တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ရေးအတွက် ရည်ရွယ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဗမာပြည်ရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးပြိုကွဲသွားပြီနောက် ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်ကြီးအတွင်း အခွင့်ကောင်းတွေရရှိသွားတဲ့ အသွင်ပြောင်း ဗမာ့တပ်မတော်ဟာ ဗမာပြည်သူတရပ်လုံး စစ်ကျွန်ဇာတ်သွင်းဖို့ ၁၉၅၈ ကစလို့ တဖြည်းဖြည်း နည်းလမ်းပေါင်းစုံသုံးပြီး စစ်အာဏာရှင်စနစ် တည်ဆောက်လာပါတယ်။
ဒီလိုနဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ ဗမာတပ်မတော်နေ့ ဖြစ်သွားပြီး စစ်အာဏာရှင်အဆက်ဆက်ရဲ့ သိဒွ္ခိတင်တဲ့ပွဲ၊ သူတို့ရဲ့စစ်အင်အားတွေထုတ်ပြတဲ့ပွဲ၊ ဗမာပြည်သူတွေအပေါ် သူတို့ပေးချင်တဲ့သတင်းစကားတွေကို သူတို့လိုချင်သလို သမိုင်းကို ပုံအမျိုးမျိုးဖျက်ပြီး (အခုခေတ်စကားအရပြောရရင် ဂျင်းထည့်ပြီး) မိန့်ခွန်းတွေချွေတဲ့ပွဲအဖြစ် ကျင်းပလာရာမှာ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ် စကစရဲ့ တပ်မတော်နေ့များဟာ အဆိုးဆုံးအဖောက်ပြန်ဆုံးနှစ်များအဖြစ် ဗမာပြည့်ရဲ့ အမျိုးသားလွတ်မြောက်ရေးသမိုင်းမှာ ကမ္ပည်းတင်ခံရမတတ်ပါပဲ။
၂၀၂၁ မတ်လ (၂၇) ရက်နေ့မှာ ဗမာတပြည်လုံးက စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှုများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းရာမှာ စံချိန်တင် ပြည်သူရာကျော် အသတ်ခံလိုက်ရပါတယ်။ ဒီနှစ် ဒီနေ့မှာပဲ အဲဒီအကြမ်းဖက်စစ်တပ်ကပဲ တပြည်လုံးကို စစ်ကြေညာလိုက်ပါတယ်။ မအလရဲ့မိန့်ခွန်းမှာ ဘယ်အကြမ်းဖက်အဖွဲ့အစည်းမှ မဆွေးနွေးဘူး။ အပြုတ်တိုက်မယ်တဲ့။
ဒီတော့ ဒီဖက်ဆစ်တော်လှန်ရေးနေ့နဲ့ ပတ်သက်တဲ့ သမိုင်းအကြောင်းအရာတွေကို အခုခေတ် ဗမာပြည်သူတွေရဲ့ ပခုံးပေါ်ရောက်နေတဲ့ သမိုင်းပေးတာဝန် (စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး) ကို ဆက်လက်ထမ်းဆောင်နေကြတဲ့ လူငယ်တွေ တီးမိခေါက်မိဖို့ ပြောပြချင်လာပါတယ်။ဒါတွေဟာ ရှေ့တော်လှန်ရေးခရီးအတွက် တစုံတရာ အကျိုးရှိနိုင်လို့ပါ။
------
ဖက်ဆစ်ဂျပန်တော်လှန်ရေး ဘာလို့အောင်မြင်ခဲ့သလဲ။
ဗမာပြည်မှာ ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်နေ့မှာ စတင်ခဲ့တဲ့ ဂျပန်တော်လှန်ရေးဟာ အဲဒီနှစ်မှာပဲ ကမ္ဘာအရပ်ရပ်က ဖက်ဆစ်တော်လှန် ရေးအောင်ပွဲများနဲ့အတူ သြဂုတ်လ (၁၅) ရက်နေ့မှာ အောင်ပွဲရခဲ့ပါတယ်။ လအနည်းသာကြာပေမယ့် ဗမာပြည်ရဲ့စစ်မြေပြင်မှာ ဂျပန်နှစ်သောင်းကျော်ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။
(၁)။ ပြင်ဆင်မှုပိုင်း
၁၉၄၂ ဂျပန်များစတင်ဝင်ရောက်ချိန်ကစလို့ ဂျပန်ရဲ့ဖက်ဆစ်ဝါဒအခြေခံကို နားလည်သဘောပေါက်တဲ့ သူများက (အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ သူရဲ့ခေါင်းဆောင်များ ကေဒါများက) ဒီဂျပန်ဖက်ဆစ်တွေကိုတော်လှန်ဖို့အတွက် စတင်စည်းရုံးခဲ့တာပါ။ သမိုင်းအရ ဒီနေရာမှာ လူပုဂ္ဂိုလ်အရပြောရရင် သခင်စိုးအပါအဝင် သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ ဗိုလ်မှူးဗထူး၊ သခင်သန်းဖေ၊ ဗမာပြည်ကွန်မြူနစ်ပါတီတည်ထောင်သူတဦးအဖြစ်ပါဝင်ခဲ့သူ သခင်ဗိုလ်၊ ဦးသိန်းဖေမြင့်၊ ဗိုလ်မှူးချစ်ကောင်း အစရှိတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေ အတော်များများ ပါဝင်ခဲ့ပါတယ်။ သခင်စိုးဟာ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဦးအနေနဲ့ အလွန်လျှို့ဝှက်စွာ မြေအောက်လျှိုးပြီး စနစ် တကျ တပြည်လုံးကလူတွေပါဝင်တဲ့ကေဒါအဖွဲ့ကိုတည်ဆောက်ခဲ့ပါတယ်။ ထို့အတူ သခင်သန်းဖေကလည်း ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ရန်သူတွေကို အများဆုံးချေမှုန်းနိုင်တဲ့ တောင်ငူပြောက်ကျားဒေသ ဖြစ်ပေါ်တိုးပွားလာဖို့ တောင်ငူခရိုင်ထဲမှာပဲ လယ်သမားတွေနဲ့ ပါတီရဲဘော်တွေကို စစ်ရေးနိုင်ငံရေးတွေ သင်တန်းပေးခဲ့ပြီး တောင်ငူပြောက်ကျားတပ်ဖွဲ့ကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။
(ခ)။ တပ်ပေါင်းစုဖွဲ့မှု
၁၉၄၄ မှာ သခင်စိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့တွေ့ဆုံဆွေးနွေးပြီး ဖက်ဆစ်တိုက်ဖျက်ရေးတပ်ပေါင်းစုကြီး (ဖတပလ နောင်ဖဆပလ) ကိုဖွဲ့စည်းလိုက်နိုင်ပါတယ်။ ဒါဟာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဗမာ့တပ်မတော်နဲ့ ပူးပေါင်းလိုက်နိုင်လိုက်တာပါ။ တော်လှန်ရေးအတွက် ပြတ်သားတဲ့ ခေါင်းဆောင်မှုအခန်းကို တည်ဆောက်လိုက်တယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းကတပ်မတော်တွင်း နိုင်ငံရေးအရ ပညာပေးတည်ဆောက်ဖို့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီက ကေဒါများကို နိုင်ငံရေးမှူးများအဖြစ် တာဝန်ပေးခဲ့ပါတယ်။ ဒါဟာ ဗမာ့တပ်မတော်သားများအတွက် အလွန်အရေးကြီးတဲ့အလှည့်အပြောင်းပါ။ ဒီနိုင်ငံရေးအရပညာပေးမှုများက သာမန်မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်များကို အရာရာစွန့်လွှတ်နိုင်တဲ့အလွန်ခိုင်မာတဲ့ ရာသက်ပန် ပြည်သူ့အကျိုးပြုတော်လှန်ရေးသမားများအဖြစ်သို့ ပြောင်းလဲစေနိုင်ခဲ့ပါတယ်။
မိမိထက်အဆမတန်အင်အားကြီးသူများကို ပြန်ပြီးတော်လှန်တိုက်ခိုက်ဖို့ပြင်ဆင်ရာမှာ မိမိရဲ့ အခြေခံနိုင်ငံရေးအမြင်တည်ဆောက်မှုကအရေးကြီးပါတယ်။ မိမိတို့ရဲ့ရည်မှန်းချက်ဟာ တရားမျှတမှုရှိတာ၊မိမိတို့ဦးတည်တိုက်နေသူတွေဟာ ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်နေသူများဖြစ်လို့ မိမိတို့ကို ပြည်သူက အားပေးထောက်ခံလာနိုင်တာ၊ စတာ စတာတွေကို သဘောပေါက်နားလည်လာအောင်ဒီနိုင်ငံရေးသင်တန်းများက လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ (ဂျပန်ကတည်ထောင်ပေးခဲ့တဲ့) ဗမာ့တပ်မတော်ကြီးတရပ်လုံးကို ဂျပန်တော်လှန်ရေးအတွင်းသို့ ပူးပေါင်းပါဝင်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုနည်းတွေနဲ့ပဲ၊ ဖတပလ ညီညွတ်ရေးတပ်ပေါင်းစုကြီးရဲ့အလံအောက်ကို နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေ အားလုံးပါဝင်လာခဲ့ကြပါတယ်။
(ဂ)။ ပြည်သူလူထုအခန်း
ပြည်သူလူထုတရပ်လုံးက ဂျပန်ဖက်ဆစ်ဝါဒကို မုန်းတီးရွံရှာတဲ့ ကိုယ်ပိုင်အသိ (သေမထူး-နေမထူး) စိတ်ဓာတ်နဲ့ တက်ကြွစွာပါဝင်ပြီး တော်လှန်တဲ့ပြည်သူ့စစ်သဘောတရားနဲ့ အဖက်ဖက်ကပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ပြည်သူလူထုတွေဟာ မိမိတို့အသက်ကိုတောင်ပေးပြီး ပြည်သူဘက်သား (တပ်မတော်သားတွေအပါ) တွေကို ဂျပန်တွေလက်ထဲမကျအောင် (သို့မဟုတ်) လွတ်မြောက်အောင် နည်းအမျိုးမျိုးနဲ့ ကာကွယ်ပေးခဲ့၊ ကယ်တင်ပေးခဲ့ကြပါတယ်။
(ဃ)။ နိုင်ငံတကာအခန်း
ဗမာပြည်ရဲ့ဖက်ဆစ်တော်လှန်ရေးဟာ ကမ္ဘာဖက်ဆစ်တော်လှန်ရေးရေစီးကြောင်းထဲမှာ အစိတ်အပိုင်းတရပ်အဖြစ် ပါဝင်တော်လှန်တာဖြစ်လို့ နိုင်ငံတကာရဲ့ အကူအညီအထောက်အပံ့ တစုံတရာရခဲ့ပါတယ်။ ဒါတွေဟာ ဗမာပြည်သူတွေရဲ့ ၁၉၄၅ ကဆင်နွှဲခဲ့တဲ့ ဂျပန်ဖက်ဆစ်တော် လှန်ရေးအောင်မြင်ရတဲ့အကြောင်းများဖြစ်ပါတယ်။
အခုတကြိမ် ၂၀၂၁ ကစလို့ (တကယ်တော့ ၁၉၆၂ ကစတာပါ) ဒုတိယအကြိမ် ဗမာ ဖက်ဆစ် တော်လှန်ရေး (သို့မဟုတ်) စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲကြီးအတွင်းမှာလည်း ဂျပန်တော်လှန်ရေးအတွင်းက အတွေ့အကြုံအဖြစ်အပျက်များကို လေ့လာဆန်းစစ်ဝေဖန်ပိုင်းခြားပြီး စနစ်တကျ ဆက်လက်ဇွဲခတ်တိုက်ပွဲဆင်နိုင်ကြရင် ဂျပန်ဖက်ဆစ်ဝါဒ ကျဆုံးသလို ဗမာဖက်ဆစ်ဝါဒဖြစ်တဲ့ စစ်အာဏာရှစ်စနစ်လည်းမုချကျဆုံးရမွာပါ။
ဗမာပြည်ရဲ့ ဒုက္ခအဖုံဖုံဟာ ဒီစစ်အာဏာရှင်စနစ်က မြစ်ဖျားခံတာပါ။ ဒါ့ကြောင့် ဒီစစ်အာဏာရှင်စနစ်မပျက်ပျက်အောင်တိုက်ဖို့ တိုင်းချစ်ပြည်ချစ်များအားလုံးအပေါ်မှာ တာဝန်ရှိပါတယ်။ ဒီအတွက် နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်ကြပါစို့။
လှကျော်ဇော
၂၈-၃-၂၀၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar