မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၈ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၈ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၉၊ ၂၀၂၂
မတ် ၂၈ - ဇီလန်စကီးနဲ့ သူတို့ပြည်ကို ခက်ဆစ်ထုတ်ကြည့်မိသမျှ
သည်နေ့တော့ နွေဦးတော်လှန်ရေး တနှစ်အကြာ ယူကရိန်း ရုရှား ကျုးကျော်စစ် ဖြစ်ပွားလာပါတယ်။ ယူကရိန်းအရေးကို ဘယ်လိုမျိုး ခက်ဆစ်ထုတ်ကြည့်မလဲလို့ တွေးမိလို့ သည်နေ့တော့ သည်အကြောင်းပဲ ရေးလိုက်ပါတယ်။
ယူကရိန်းက ဆိုဗီယက်ပြိုကွဲပြီး ၁၉၉၁ က စပြီး လွတ်လပ်တဲ့ နိုင်ငံဖြစ်လာတယ်။ အရှေ့နဲ့ အနောက် နိုင်ငံရေးလွန်ဆွဲမှုတွေထဲမှာ လူးလိမ့်နေတဲ့ ပြည် ဖြစ်တယ်။ ရုရှား လိုလားတဲ့ အစိုးရ တက်လိုက်၊ အနောက်အုပ်စုအကြိုက်အစိုးရ တက်လိုက်နဲ့ အတက်အကျများတဲ့ တိုင်းပြည်ပါ။ သို့သော်လည်း တိုင်းပြည်မှာ စက်မှုလက်မှု စိုက်ပျိုးရေးနဲ့ နျူကလီယားစွမ်းအင်ရှိလို့ စီးပွားရေး လူမှုရေး အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။ မတည်ငြိမ်တာက နိုင်ငံရေးဖြစ်ပါတယ်။
အစပိုင်းမှာ ရုရှားယိမ်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ လက်ဝဲဩဇာ သိမ်းသွင်းမှုတွေက တလှည့်၊ အမျိုးသားရေးရှေ့တန်းတင်တဲ့ လက်ယာခေါင်းဆောင်တွေဘက်ကလည်း တိုင်းသူပြည်သားတွေကို နည်းအမျိုးမျိုးနဲ့ အစွန်းရောက် လူမျိုးရေး ဘာသာရေး အတွေးအခေါ်တွေ သွတ်သွင်းခဲ့ကြပါတယ်။ ရွေးကောက်ပွဲဆိုတာကလည်း နိုင်ငံရေးသမားတွေက မဲဆန္ဒရှင်တွေကို လိုရာဆွဲ ကြိုးဆွဲပြိုင်ကြတဲ့ ပွဲတွေထက် ပိုမထူးပါဘူး။
၂၀၀၄ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲ (Second round)မှာ သမ္မတ Kuchma အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် Viktor Yanukovych က အနိုင်ရတယ်ဆိုပြီး စာရင်းထွက်လာတယ်၊သူက Pro Russia၊ ပူတင်ကတောင် Congratulation လုပ်လိုက်တယ်၊ ဒါပေမဲ့ မဲမသမာမှု/လိမ်မှုတွေ ရှိတယ်ဆိုပြီး ကန့်ကွက်ရင်း Orange Revolution ဖြစ်လာတယ်၊ ရွေး/ကော်က ရွေးကောက်ပွဲ ပြန်ကျင်းပပေးတော့ Yanukovych ရှုံးပြီး လက်ယာယိမ်း Viktor Yushchenko သမ္မတ ဖြစ်လာတယ်။
၂၀၁၀ သမ္မတရွေးကောက်ပွဲ (Second round) မှာ ရုရှားနောက်ခံ Yanukovych ပြန် အနိုင်ရပြီး သမ္မတ ဖြစ်လာတယ်။ Yushchenko က သက်တမ်းတစ်ခုပဲ သမ္မတလုပ်ခဲ့တယ်။ ရုရှားယိမ်းခေါင်းဆောင်က ရှေ့အစိုးရက လက်မှတ်ထိုးထားတဲ့ အီးယူအဖွဲ့ထဲဝင်မယ့် အစီအစဉ်ကို ဖျက်ပစ်လိုက်တယ်။ အဲသည်မှာ သွေးစွန်းသော ဂုဏ်သိက္ခာတော်လှန်ရေး ဖြစ်တယ်။ မြို့တော်ရင်ပြင်မှာ လူ ရာနဲ့ချီ သွေးမြေကျတယ်။ စစ်တပ်နဲ့ အကြမ်းဖက် ခုခံစစ်ဖြစ်ရတယ်။ ရုရှားယိမ်းခေါင်းဆောင် ပြုတ်ကျတယ်။ အဲသည်နောက်မှာ အနောက်ယိမ်းခေါင်းဆောင် ပြန်တက်လာတယ်။ ရုရှားက ပြုတ်ကျသွားတဲ့ Yanukovych ဘက်ကနေ ထောက်ခံအားပေး သွေးထိုးမှုတွေ လုပ်ပြီး ယူကရိန်းကို အရှေ့နဲ့ အနောက်ခြမ်း ကွဲသွားအောင် ဝင်လုပ်ကြံပါတယ်။ ပြီးတော့ ယူကရိန်းရဲ့ပိုင်နက် ခရိုင်းမီးယားကို စစ်အင်အားနဲ့ ဝင်ကျူးကျော်သိမ်းပိုက်လိုက်တယ်။
သည်လို နိုင်ငံရေးခြစားမှုတွေ အရှေ့အနောက်အားပြိုင်မှုတွေ ဘတပြန် ကျားတပြန် ဖြစ်နေတဲ့ ယူကရိန်းပြည်ရဲ့ ၂၀၁၅ မှာ လူရွှင်တော် ဇီလန်စကီက ပြည်သူ့၏ ကျေးကျွန်ဆိုတဲ့ တီဗီစီးရီး ရိုက်ကူးတယ်။ ဇာတ်လမ်းက သည်လိုပါ။ ဇာတ်ကောင် ကျောင်းဆရာတဦးက စာသင်ခန်းမှာ သူတို့တိုင်းပြည် နိုင်ငံရေးခြစားမှုတွေကို ဝေဖန်ပြစ်တင်တဲ့ စကားပြောခန်းကို ကျောင်းသားတဦးက ဖုန်းနဲ့ ရိုက်တယ်။ ပြီးတော့ ကျောင်းသားတွေက ယူကျုဆိုရှယ်မီဒီယာပေါ် တင်တာလိုက်တာက စပြီး တိုင်းပြည်က ကျောင်းဆရာကို အရမ်း သဘောကျနှစ်သက်သွားကြတယ်။ အဲသည် ကျောင်းဆရာကို သမ္မတ ခန့်လိုက်ကြတယ်။ အဲသည် တီဗီစီးရီးနဲ့ ဇီလန်စကီ လူရွှင်တော် လူသိများ ထင်ရှားလာတယ်။
သူက အဲသည် ဇာတ်ကောင်အတိုင်း ၂၀၁၉ မှာ ယူကရိန်းသမ္မတ ဝင်ပြိုင်တယ်။ သူ့ကို ပြည်သူက ရုပ်ရှင်ထဲက ကျောင်းဆရာလိုမျိုး မျှော်လင့်ပြီး မဲပေးလိုက်ကြတာပဲ။
သူ တက်လာတော့ ပြည်သူတွေက မင်းသားလိုလို သူရဲကောင်းလိုလို သဘောထားကြတယ်။ သူကလည်း နေ့တိုင်း ဖေ့စ်ဘွတ်ကြည့်ပြီး တိုင်းပြည်အုပ်ချုပ်နေတယ်လို့ ဆိုကြတယ်။ သူက ရုရှားနဲ့ အဆင်ပြေအောင် ကြိုးစားတယ်။ အမေရိကန်နဲ့ အဆင်ပြေအောင် ကြိုးစားတယ်။
ဒါကြောင့် ၂၀၁၉ သူ တက်တက်ချင်းမှာ အမေရိကန်သမ္မတ ထရန့်က အမေရိကန်စစ်ရေး အကူအညီ သန်း ၄၀၀ နဲ့ အကြပ်ကိုင်ပြီး နောင် အမေရိကန်သမ္မတဖြစ်လာမယ့် ဘိုင်ဒင်ကို နာမည်ဖျက်ပေးဖို့ ဇီလန်စကီကို ဖုန်းဆက် နားသွင်းတယ်။ အဲသည်ကိစ္စ ပေါက်ကြားပြီး ထရန့်လည်း အမေရိကန်လွှတ်တော်၏ ပြစ်တင် ကြိမ်းမောင်း စစ်ဆေးခြင်း ခံရတယ်။ အဲသည်မှာ ယူကရိန်းစစ်ရေးပြင်ဆင်မှုတွေ နှောင့်နှေးကုန်တယ် ဆိုတာပဲ။
ဇီလန်စကီရှေ့က လက်ယာယိမ်း ယူကရိန်းအစိုးရခေါင်းဆောင်တွေက ရုရှား မုန်းတီးရေးနဲ့ ယူကရိန်းအမျိုးသားရေးကို ရှေ့တန်းတင်ခဲ့တယ်။ ဘာသာရေးအစွန်းရောက်တွေကို အားပေးခဲ့တယ်။ အဲသည်မှာ ယူကရိန်းနဲ့ ရုရှားဆက်ဆံရေး တင်းမာနေခဲ့တယ်။ ဇီလန်စကီက သူ တက်ပြီးနောက် ၂၀၂၀ နဲ့ ၂၀၂၁ အတွင်းမှာ ရုရှားခေါင်းဆောင် ပူတင်၏ မိတ်ဆွေရင်း ယူကရိန်းစီးပွားရေးသမားကြီးတဦးကို ထိန်းသိမ်းတာ ကန့်သတ်ချုပ်ခြယ်တာတွေ ပြင်းပြင်းထန်ထန် လုပ်လိုက်တယ်။ ပူတင်က အတော် စိတ်ဆိုးတယ် ဆိုတယ်။
ယူကရိန်းက အီးယူနဲ့ နီးစပ်တာ၊ ဇီလန်စကီက နိုင်ငံရေးရေချိန် နိမ့်တာတွေ၊ ရုရှား လိုလားတဲ့ ခွဲထွက်လူမျိုးစုတွေ နယ်မြေတွေဆီက တောင်းဆိုမှုတွေ ပြင်းထန်လာချိန် ၂၀၂၂ ဖေဖော်ဝါရီမှာ ရုရှားခေါင်းဆောင် ပူတင်က ကျုးကျော်စစ်ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဇီလန်စကီက တိုင်းပြည်ကနေ ထွက်မပြေးဘဲနဲ့ ပြည်သူတွေနဲ့အတူ ခုခံစစ် ဆင်နွှဲနေပါတယ်။ အနောက်အုပ်စုကတော့ လက်နက်တွေ အစုလိုက်အပြုံလိုက် ထုတ်ပေးပြီး ယူကရိန်းပြည်သူတွေကို အသေခံ ခုခံတွေ စစ်ဆင်နွဲခိုင်းပါတယ်။ ရုရှားကို စီးပွားရေးအရ ပိတ်ဆို့အရေးယူတာတွေနဲ့ အနောက်အုပ်စုက ကန့်သတ်ဖို့ ကြိုးစားနေပါတယ်။
ဒါတွေကနေ ဘယ်ကို သွားနေတယ်လို့ ပရိသတ်ကြီးက ထင်မြင်ပါသလဲ။ ယူကရိန်းပြည်သူတွေ၏ ခုခံစစ်နဲ့ ဇီလန်စကီခေါင်းဆောင်မှု အောင်မြင်သွားရင် အာဏာရှင်တွေကို ခြိမ်းခြောက်လာမှာ ဖြစ်ပါတယ်။ ရုရှားတွေလို အာဏာရှင်တွေအတွက်ကတော့ အိပ်မက်ဆိုးဖြစ်ပါတယ်။ အနောက်အုပ်စုအတွက်ကတော့ စိတ်ကူးယဉ်အိပ်မက် တကယ်ဖြစ်လာတာပေါ့။ ဇတ်သိမ်းခန်းကောင်းတဲ့ ဒီမိုကရေစီအချစ်ဇာတ်လမ်းအဖြစ် ရုပ်ရှင်တွေ ရိုက်ကြ၊ အော်စကာတွေ နိုဘယ်ဆုတွေ ရကုန်ကြမယ် ထင်ပါတယ်။ အကယ်၍များ ယူကရိန်း ကျဆုံးခဲ့ရင်ကော … တကယ်တန်းအမှန်ပြောရရင် အရှေ့ကော အနောက်ကောအတွက် ဘာမှ ရေရှည်မှာ ထူးမယ်မဟုတ်ပါ။ ပိုနေမြဲ ကြားနေမြဲ နောက်တနိုင်ငံ နောက်အရေးအခင်း နောက်တော်လှန်ရေးတခုခုမှာ ထပ်အားစမ်းကြဦးမှာပဲ ဖြစ်ပါတယ် ခင်ဗျား။
မြန်မာပြည်ကိုယ်တိုင်ကလည်း အရှေ့ အနောက် လွန်ဆွဲမှုတွေကြားက တိုင်းပြည်တခု ဖြစ်နေတဲ့အပြင် အာဆီယံနဲ့ အာရှအင်အားသစ် နိုင်ငံတွေကြားထဲ ညပ်နေတဲ့ သမိုင်းဖြစ်စဉ်ထဲ ဆက်လက် ဖြတ်သန်းနေရပါတယ်။ နွေဦးတော်လှန်ရေးကိုလည်း အရှေ့ အနောက် နဲ့ အာရှတို့၏ အာဘော်တွေ ဩဇာတွေကြားထဲကနေ ပြည်သူတွေမှာ ပြည်သူပဲ ရှိတယ်ဆိုတဲ့ ကြွေးကြော်သံကို ဟစ်ကြွေး ချီတက်နေဆဲ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar