ခင်မင်းဇော် - အိမ်ကိုပြန်ခဲ့တယ်
(မိုးမခ) မတ် ၂၇၊ ၂၀၂၂
ဟုတ်တယ်။
ကျမအိမ်ပြန်တယ်။
အိမ်မှာ ကျမအဖေရှိတယ်။
အိမ်မှာ ကျမအမေရှိတယ်။
အိမ်မှာ ကျမကိုမှီခိုတဲ့
ကျမရင်သွေးလေးရှိတယ်။
ကျမမောင်လေးရှိတယ်။
ကျမညီမလေးရှိတယ်။
အိမ်မှာ ကျမရွေးပေးရမယ့် နွားတယှဉ်းရှိတယ်။
အိမ်မှာ ကျမ မိုးပေးရမယ့်
ကြယ်မြင်လမြင် အိမ်ခေါင်မိုးရှိတယ်။
ဟုတ်တယ်။
ကျမအိမ်ပြန်တယ်။
လုပ်ခပေးတဲ့ စက်ရုံကပိတ်တယ်။
ယာယီခိုလှုံရာပြည်က
နေထိုင်ခွင့်ကိုရုပ်သိမ်းတယ်။
ကျမကမွေးဖွားရာ အိမ်ကိုပြန်တယ်။
ကျမရဲ့ ဇာတိမြေကိုပြန်တယ်။
ဟုတ်တယ်။
ကျမအိမ်ပြန်တယ်။
ကျမက မြန်မာနိုင်ငံသား။
ကျမက မြန်မာနိုင်ငံဖွား။
ကျမက မြန်မာနိုင်ငံသားကတ် ကိုင်ဆောင်တယ်။
ကျမက မြန်မာစာပဲဖတ်တတ်တယ်။
ကျမ ရင်သွေးလေး ဘယ်မှာမွေးစေ
မြန်မာနိုင်ငံသားဖြစ်ပါတယ်။
ဟုတ်တယ်။
ကျမအိမ်ပြန်တယ်။
ဘယ်လိုကပ်ဆိုးဖြစ်ဖြစ်
မြန်မာနိုင်ငံသားတွေနဲ့ တူတူရင်ဆိုင်မယ်။
ဘယ်လို ဗိုင်းရပ်ဖြစ်ဖြစ်
မွေးရပ်မြေမှာ တောင့်ခံချင်တယ်။
ဘယ်လိုရောဂါဖြစ်ဖြစ်
အဖေအမေရဲ့ အရိပ်အောက်မှာ သေချင်တယ်။
ဘယ်လိုစွန့်လွှတ်ရမလဲ။
အမိမြေမှာပဲ မြှုပ်နှံစေချင်တယ်။
ဟုတ်တယ်။
ကျမ အိမ်ပြန်တယ်။
စည်းမျဉ်းကန့်သတ်မှုတွေ
လိုက်နာချင်တယ်။
ထိန်းသိမ်းစောင့်ရှောက်မှုတွေခံယူချင်တယ်။
အရေးတယူ ထွေးပွေ့မှုတွေ ရရှိချင်တယ်။
ဟုတ်တယ်။
ကျမအိမ်ပြန်တယ်။
ရိုးရိုးသားသားဖြူဖြူစင်စင်
ကျမဘဝလေးရှင်သန်ချင်တယ်။
ကျမအိမ်ပြန်ခဲ့ပါတယ်။
ခင်မင်းဇော်
၂၆ မတ် ၂၀၂၀
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar