ကိုသန်းလွင် - ခြစားခြင်းနှင့် ပွင့်လင်းခြင်း
ကိုသန်းလွင် - ခြစားခြင်းနှင့် ပွင့်လင်းခြင်း
(မိုးမခ) မတ် ၂၁၊ ၂၀၂၂
( ၁ )
ကင်မရာရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် သူတို့ဘယ်လို ချမ်းသာကြွယ်ဝလာကြပုံ၊ ဘယ်လို အာဏာကို အလွဲသုံးစားလုပ်ကြပုံကို ပြောပြနေကြပါသည်။ သူတို့ကို ကြည့်ရသည်မှာ စိတ်အေးလက်အေး ရှိပုံရသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့် တခါတရံပျော်ပျော်ရွှင်ရွှင်ပင် သူတို့ လာဘ်ယူခဲ့ပုံအကြောင်းကို တဝကြီး ပြောပြနေကြပါသည်။
ပင်လယ်စာထည့်ထားသည့် ဘူးတွင် ဒေါ်လာ ၃ သိန်းထည့်၍ပေးပုံ၊ ရာသီသုံးမျိုးလုံးအတွက် သုံးနေရာတွင် အိမ်များ ပိုင်ဆိုင်ခဲ့ကြပုံ၊ ရဲက ပေးသော လက်မှတ်ကို စိုးရိမ်စရာမလိုဘဲ မီးနီကိုဖြတ်၍ ကားမောင်းခဲ့ကြပုံများ ပါဝင်ပါသည်။
ကြည့်ရသည်မှာ မာဖီးယားဂိုဏ်းအဖွဲ့ဝင်များက သူတို့၏ တရားမဝင်ဗိုလ်ကျပုံများကို တယ်လီဗီးရှင်း ရှိုးတွင် ပြောပြနေသည်နှင့်တူလှပါသည်။ မတူသည်မှာ တချိန်က တရုတ်အရာရှိ ဖြစ်ခဲ့သူများသည် ခြစားမှု ပပျောက်ရေးအစီအစဉ်အတွက် တရုတ်အစိုးရ၏ စီမံမှုဖြင့်
တိုင်းပြည်ကို ပြသနေသော အပိုင်း ၅ ပိုင်းပါ ရုပ်ရှင်မှ မြင်ကွင်းများပင် ဖြစ်ပါသည်။
( ၂ )
ဤရုပ်ရှင်ကားများမှာ တရုတ်ခေါင်းဆောင်ကြီး ရှီဂျင်ပင်း၏ ခြစားမှု တိုက်ဖျက်ရေး စီမံချက်အောင်မြင်မှုများကို
ဖော်ပြရန်ပင် ဖြစ်ပါသည်။ သို့သော် ဤရုပ်ရှင်ကားများက ဆန့်ကျင်ဘက်ကို ဖော်ပြနေကြပါသည်။ ပါတီအနေဖြင့် ခြစားမှုကို တိုက်ဖျက်ရန် အစီအစဉ်ကို သေချာစွာ မသိသေးဟူ၍ အဖြေထွက်ပါသည်။
ရှီ ပါတီခေါင်းဆောင် ဖြစ်လာသော ၂၀၁၂ ခုနှစ်မှစ၍ အနည်းဆုံးလူ ၄ ဒသမ ၄ သန်းကျော်မှာ ခြစားမှု အဆုံးစွန်ပပျောက်ရေး (Zero
Tolerance) စီမံချက်အရ မသမာမှုများအတွက် အစစ်ဆေးခံခဲ့ကြရပါသည်။ လူ ၄ သန်းကျော် အရေးယူခံခဲ့ရပါသည်။ ပါတီမှ ခြစားမှု လုံးဝပပျောက်ရန် ကြေညာပြီးသည့် ၂၀၁၄ ခုနှစ်မှ ယခုအကြိမ်သည် ၈ ကြိမ်မြောက် တိုင်းပြည်သို့ ချပြခဲ့ခြင်း ဖြစ်ပါသည်။
ဂျာနယ်လစ်ပညာနှင့် အနုပညာမြောက်လှသော ပြကွက်များ ဖြစ်ကြပါသည်။ သို့သော် ထုတ်လုပ်သူများနှင့် အကျင့်ပျက်မှု ချေမှုန်းရေးအတွက် တာဝန်ရှိသူများက သတိမပြုခဲ့ကြသည်များမှာ သူတို့ပြကွက်များသည် ကွန်မြူနစ်ပါတီ၏ ဆိုးရွားလှသော ခြစားမှုများကို ထုတ်ဖော်ခဲ့ကြခြင်းပင် ဖြစ်ပါသည်။
ကွန်မြူနစ်ပါတီမှာ တပါတီအာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေခြင်းဖြစ်ရာ ဘယ်သူ့ကိုမျှ အပြစ်တင်ချင်၍မရ။ မိမိကိုယ်တိုင်ကိုသာ အပြစ်တင်ရမည့် အဓိကတရားခံ ဖြစ်နေပါသည်။ တခါတရံမှာတော့ နိုင်ငံရေးအရ ရယ်ဖွယ်ကောင်းသော အဖြစ်များကို ကြည့်နေရသလို ခံစားမိရပါသည်။
အလွန်ယုတ်မာ ဆိုးသွမ်းလှသော စနစ်တခု၏ အတွင်းစည်းမှ စည်းမဲ့ကမ်းမဲ့ လုပ်ကိုင်နေကြပုံကိုလည်းကောင်း၊ ထိုအရာများ ဖြစ်ပျက်ရန်အတွက် အာဏာ၊ ပိုက်ဆံနှင့် လိင်ကိစ္စဆိုင်ရာ ကိစ္စများက တွန်းအားပေးနေသည်ကိုလည်းကောင်း တွေ့ကြရပါသည်။
အစိုးရအရာရှိများသည် များစွာသော လုပ်ပိုင်ခွင့်များရရှိကြပါသည်။ ကြီးကြီးငယ်ငယ် အရွယ်မရွေး မိမိတို့နှင့် ထိုက်တန်ရာကို ခံစားနိုင်ကြပါသည်။ တခါတရံ ပိုက်ဆံနှင့် ပးဝယ်၍မရနိုင်သော အခွင့်အရေးများ ရရှိကြပါသည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအရာရှိ စွန်လီဂျွန်း (Sun Lijun)မှာ ရဲတပ်ဖွဲ့ကို ကြီးကြပ်ရပြီး သူ “ပင်လယ်စာ” ဟူ၍ အစားအစာထုပ်များ တစ်နှစ်လျှင် ၄၊ ၅ ခုကို ဒေသဆိုင်ရာရဲများထံမှ ဘယ်လိုရရှိသည်ကို ပြန်လည်ပြောပြခဲ့ပါသည်။ ထိုအစားအစာဘူးများတွင် တဘူးလျှင် အမေရိကန်ဒေါ်လာ ၃ သိန်းကို ထည့်ထားပါသည်။ သူသည် ဤနည်းဖြင့် ဒေါ်လာ ၁၅ သန်းကို ရရှိခဲ့ပါသည်။
ပင်လယ်စာပါသော အစားအစာထုပ်များ ရရှိတော့မည်ဆိုလျှင် ထိုအထဲမှာ ဘာတွေ ပါသည်ဆိုခြင်းကို သူ ကြိုတင်သိရှိပြီးသားဖြစ်သည်ဟု ဆိုပါသည်။ သူသည် အင်တာဗျူးအစအဆုံး ပြုံး၍နေပါသည်။
ဟိုင်နံ နယ်မှ ပါတီအတွင်းရေးမှူး ဝန်ဖူယူ (Wang Fu Yu) မှာ ဂွန်ဂျိူဒေသမှ ဖြစ်ပါသည်။ စီးပွားရေးသမားများကို သုံးရာသီစလုံး တမျိုးစီနေထိုင်ရန် မြို့ကြီးသုံးမြို့မှာ အိမ်ဝယ်ခိုင်းခဲ့ပုံကို ပြောပြနေပါသည်။ ဟိုင်နံကျွန်းတွင် ဆောင်းခါမှာနေပြီး ဂွန်ဂျိုဒေသတွင် ရာသီတွင်နေထိုင်ရန် ဟောင်ကောင်အနီးမှ ရှန်ဇန်းတွင် နွေဦးပေါက်ရာသီများတွင် နေထိုင်နိုင်ရန် ဖြစ်ပါသည်။ သူသည် ဂေါက်ရိုက်တတ်သူဖြစ်၍ ဂေါက်ကွင်းအနီးတွင် အိမ်တလုံးရှိပြီး သူ အိမ်မှထွက်လိုက်သည်နှင့် ဂေါက်ရိုက်နိုင်ပါပြီ။
ချန်ဂန်း (Chen Gang) ခါ် ဘေကျင်းမြို့ လက်ထောက်မြို့တော်ဝန်မှာ မြို့တော်၏ အနီးအနားတွင် (Garden Complex) တခုကို သူ ရရှိသည့် ဒေါ်လာသန်း ၂၀ ကိုအသုံးပြု၍ တည်ဆောက်ခဲ့ပါသည်။ ထိုကွန်ပလက်မှာ ၁၈ ဧက (၇ ဟက်တာ) ကျယ်ဝန်းပြီး တရုတ်တို့ နေထိုင်ရာ အိမ်မျိုးအပြင် အနောက်နိုင်ငံများမှာကဲ့သို့ မှန်များဖြင့် ပြုလုပ်သော အိမ်တလုံးနှင့် ဂျပန် ဥယျာဉ်ပုံစံကို အတုယူဆောက်ထားပြီး (White Sand) ပါသော ပင်လယ်ကမ်းခြေနှင့် ကပွဲရုံ (Theater)၊ အလှပြင်ဆင်သောနေရာ (Spa) တို့ ပါဝင်ပါသည်။
ထိုကဲ့သို့ ပွင့်လင်းစွာ ပြောပြမှုကြောင့် တရုတ်လူထုမှာ စိတ်ဝင်စားကြသည့်အပြင် မကောင်းမှုကို စက်ဆုပ်ရွံရှာကြပါသည်။
တချို့ကလည်း ဤရုပ်ရှင်များသည် ဝန်ထမ်းအသစ်များကို သွေးဆောင်ငှားရမ်းပြီး ခြစားမှုကို ဘယ်လိုလုပ်ရသည်ဟု ညွှန်ပြနေသလိုဖြစ်နေသည်ဟု ဆိုကြသည်။
တချို့ကလည်း သူတို့ပြစ်မှုများအတွက် နောင်တရပုံမပေါ်ဘဲ တခါတရံ ကြွားဝါသကဲ့သို့ ပြောဆိုကြခြင်းကို အံ့အားသင့်လျက်ရှိကြပါသည်။
တချို့ကလည်း ပါတီအနေဖြင့် မသမာမှုမျိုး မပေါ်ပေါက်စေရန် (Check and Balance) လုပ်စရာနည်းလမ်းများကို ရှာဖွေသင့်သည်ဟု ပြောဆိုကြသည်။
ဤရုပ်ရှင်များမှာ မစ္စတာ ဝန်၊ ချန်နှင့် အခြားပြစ်မှုများ အပါအဝင်ကိစ္စ ၁၆ ခုအနက်မှ ဥပမာများဖြစ်ကြပြီး ထိုကိစ္စများမှာ မစ္စတာ ရှီ အာဏာရလာပြီးမှ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်တွင် ကြီးမားသော ဆင်ဆာရှိနေသော်လည်း အများပြည်သူတို့၏ တုံ့ပြန်ချက်များမှာထုတ်လုပ်သူတို့ မျှော်လင့်သည့်အတိုင်းပင် ဖြစ်သည်။ တရုတ်တို့၏ ဝေဘိုမီဒီယာ (Weibo) တွင် ကွန်မင့် ၁၅၀၀ တက်လာရာ ၂၀ ခန့်သာ အများပြည်သူတို့ ဖတ်ကြရသည်။
တချို့ကလည်း ပြည်သူပြည်သားများ အနေဖြင့် သူတို့ ခြစားပုံများကိုကြည့်၍ ဘာမျှမတတ်နိုင် မလုပ်နိုင်ဖြစ်ကြရာ ပြည်သူတို့အနေဖြင့်
အဘယ်မျှ စိတ်ပျက်စရာဖြစ်ရပုံ၊ မိမိတို့ အဘယ်မျှဆင်းရဲပုံကို ပို၍ သိသာလာစေတော့သည်။
ကိစ္စရပ်များမှာ အဓိက အရာရှိကိုယ်တိုင်က ပတ်သက်ခြင်း မဟုတ်၊ သူတို့၏သားသမီးများ၊ ဇနီးမယားများက ကျူးလွန်ကြခြင်းဖြစ်သည်။ လာဘ်ငွေကို သူတို့၏ ဟန်ပြဖွင့်ထားသော ကုမ္ပဏီများမှ တဆင့်ယူသည်လည်း ရှိသည်။
မွန်ဂိုလီးယား အတွင်းပိုင်းဒေသမှ ပါတီအရာရှိများ၏ သားများသည် ကျောက်မီးသွေး ကုမ္ပဏီများ တည်ထောင်ထားကြပြီး ဝန်ထမ်းမရှိ၊ ငွေအရင်းပြစရာမရှိ၊ တကယ်ရုံးလုပ်ငန်းလည်း ဘာမှမရှိဘဲ ဖြစ်နေသည်။ သူတို့ အလုပ်မှာ ကွန်ထရက်များကို လက်မှတ်ထိုးခြင်းနှင့် ကျောက်မီးသွေးကို ဈေးနည်းနည်းဖြင့်ဝယ်၍ အမြတ်တင်ကာ ရောင်းချခြင်းသာဖြစ်သည်။
သူတို့၏ သားများက ဝန်ခံကြသည်မှာ သူတို့တွင် အဏာရှိသောဖခင်သာ မရှိလျှင် ထိုလုပ်ငန်းများမှာ ဖြစ်လာစရာမရှိပါဟူ၍ ဖြစ်သည်။ ဇန်ချီ (Zhang Qi) သည် ပါတီအတွင်းရေးမှူးဖြစ်ပြီး သူ့သားက ကနေဒါတွင် ဘွဲ့ယူသောအခါ ထိုပွဲသို့လိုက်ပါသွားသူ စီးပွားရေးသမားကသူ့သားကို စတိုင်ပင် ဒေါ်လာ ၈၀,၀၀၀ ပေးခဲ့ရသည်ဟု ဆိုသည်။ သူ့သားသည် စီးပွားရေးသမားများထံမှ ငွေသန်းပေါင်းများစွာ ချေးငှားပြီး ကားနှင့် အခြားအဖိုးတန် ပစ္စည်းများဝယ်ခဲ့သည်။ သူ့သားက သုံးသော ပမာဏမှာ ဒေါ်လာ ၁၇ သန်းမျှရှိသည်ဟု သိရသည်။
တရုတ်အစိုးရအနေဖြင့် မြေကွက်များ၊ သယံဇာတပစ္စည်းများစွာကို ပိုင်ဆိုင်ပြီး ဘဏ်အရာရှိများကိုလည်း ထိန်းချုပ်ထားသဖြင့် အလွန်ကြီးမားသော လုပ်ပိုင်ခွင့်ရှိသည်။
ထို့ပြင် နောက်ဆုံး ဆုံးဖြတ်စရာလူမှာ တစ်ဦးတည်းသာ ဖြစ်သည်။
တရုတ်ပြည်တွင် ရှေးအခါကတည်းက ယုံကြည်ကြသည်မှာ အာဏာပါဝါနှင့်အတူ ပိုက်ဆံပါ တပါတည်း ပါလာသည်။
လူကြီးများ၏ သားသမီးများမှာ စီးပွားရေးလုပ်လျှင် အောင်မြင်မှုရဖို့ ခက်ခဲသည်။ အစိုးရ ဝန်ထမ်းလုပ်ခြင်းက သြဇာပါဝါပိုရှိသည်ဟု ယူဆကြသည်။
မစ္စတာ ဝန်က သူ့ကိုဖမ်းသည်မှာ မှန်ကန်ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါသည်။ ထိုဆီးရီးများကို သတင်းကြေညာအပြီး ၅ ရက် ဆက်၍ ဇန်နဝါရီလ လလယ်က လွှင့်ခဲ့ပါသည်။ ပထမဆုံးအပိုင်း (Episode) ကို အသံလွှင့်အပြီး ၎င်းကို ကြည့်ရှုသူပေါင်း ၁၈၀ သန်းကျော်ရှိသည်ဟု တရုတ်ပြည်၏ တရားဝင်သတင်းစာက ဆိုသည်။
တရုတ်အစိုးရသည် ဝါဒဖြန့်ချီရေးရုပ်ရှင်များကို ဖန်တီးရာ၌တော်သည်ဟု ဝေဖန်ကြသည်။ တရုတ်အရာရှိများ၏ ဘဝတမျိုးကို မြင်ကြရသည်မှာ သူတို့ နောင်တရသည် ဆိုခြင်းအတွက် သံသယဖြစ်ဖွယ် ရှိပါသည်။
( ၃ )
“သာမန်အားဖြင့် ပြောရင်တော့ ဝါဒဖြန့်ရုပ်ရှင်တွေဟာ အောင်မြင်တယ်လို့ ပြောရမှာဘဲ။ ဒါပေမဲ့ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုကတော့ အခြားကိစ္စပဲလေ”ဟု ဝေဖန်သူတို့က ဆိုကြသည်။
“ယိုသူမရှက်မြင်သူရူက်” ဆိုသကဲ့သို့ ကြည့်ရသည်မှာ ရှက်ဖွယ်လိလိပင် ဖြစ်ပါတော့သည်။
ကိုသန်းလွင်
Ref: China’s Accidental expose, By Li Yuan N.Y. Times February 12 2022.
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar