Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၀ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၀ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၂၁၊ ၂၀၂၂


မတ်လ ၂၀ ရက် — မုန်တိုင်း နဲ့ နိုင်ငံရေး၊ စစ်ပွဲ နဲ့ အယုံအကြည် မရှိတော့တဲ့ အုပ်ချုပ်သူနဲ့ ပြည်သူဆက်ဆံရေး 

ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပွားပြီး မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ကို ဦးတည်လာနေတဲ့ မုန်တိုင်းဟာ မတ်လ ရဲ့ ၂၁ ရက်ကနေ ၂၃ ရက်အတွင်း ကုန်းတွင်းဝင်ရောက်နိုင်ဖွယ်ရှိပါတယ်။ မုန်တိုင်းရဲ့ ပြင်းထန်မှုအဆင့်က အနိမ့်ဆုံး အဆင့် ၁ ဖြစ်လို့ ဖျက်ဆီးနိုင်စွမ်းအား ကြီးမားမှာမဟုတ်ဘူးလို့ မျှော်လင့်ရပေမယ့် ယတိပြတ်တော့ မပြောနိုင်သေးပါဘူး။

မတ်လလို နွေရာသီအစပိုင်းမှာ မုန်တိုင်းဝင်ရောက်တာ ဖြစ်လေ့ဖြစ်ထ သိပ်မရှိပေမယ့် ခုနှစ် လာနီညာလို့ခေါ်တဲ့ ပင်လယ်သမုဒ္ဒရာအပူအချိန် ပုံမှန်ထက် အေးတဲ့ ဖြစ်စဥ်ရဲ့ အကျိုးဆက်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

ပြီးခဲ့တဲ့ ၁ ပတ်ဝန်းကျင်ကတည်းက ဘင်္ဂလားပင်လယ်အော်ထဲ စုဖွဲ့နေတဲ့ လေဖိအားနည်းရပ်ဝန်းက ပြောင်းလဲလာပြိး မုန်တိုင်းဖြစ်နိုင်ချေရှိတယ်လို့  မိုးလေဝသခန့်မှန်းချက်တွေ ထွက်ပေါ်နေပေမယ့်လည်း လူထု အများက သတိမပြုမိကြပါဘူး။ ဘာကြောင့်ဆို အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေ ရေဒီယို၊ ရုပ်သံ၊ သတင်းစာစတဲ့ အများပြည်သူ မီဒီယာလိုမျိုးတွေကို အာဏာသိမ်းတဲ့နောက် ကြည့်ရှုတာ နည်းပါးလာတဲ့ အချက်က အဓိက ဖြစ်ပါလိမ့်မယ်။ ရပ်ရွာတွေရဲ့ အုပ်ချုပ်ရေးတွေလည်း လူထုနဲ့ ရန်သူသဖွယ် ဖြစ်နေကြတဲ့ အချက်ကြောင့်လည်း အောက်ခြေမှာ မုန်တိုင်းအန္တရာယ်ကျရောက်လာရင် ဘယ်လို ကာကွယ်၊ ရှောင်တိမ်းကြရမယ်ဆိုတဲ့ နှိုးဆော်မှုတွေလည်း မလုပ်နိုင်ကြတဲ့ အနေအထားတွေ ဖြစ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်းကလုန်း မုန်တိုင်း ဖြစ်ပွားစဥ်ကလည်း အဲဒီအချိန်က အုပ်ချုပ်တဲ့ ဗိုလ်ချုပ်သန်းရွှေဦးဆောင်တဲ့ စစ်အစိုးရ လက်ထက်မို့လို့ လုံလောက်တဲ့ နှိုးဆော်မှု မရှိခဲ့ဘူးလို့ ဝေဖန်မှု ရှိခဲ့သလို လိုအပ်တဲ့ ကြိုတင်ကယ်ဆယ်ရေးတွေလည်း မလုပ်နိုင်ခဲ့သလောက် ဖြစ်ပြီး စစ်အစိုးရရဲ့ ထုတ်ပြန်ချက် ကိန်းဂဏန်းမှာတင် လူပေါင်း ၁သိန်း ၃ သောင်းကျော် သေဆုံး/ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ နာဂစ်မုန်တိုင်း အပြီး မိုးလေဝသသတင်းတွေကို ကျေးရွာနေ လူထု မြို့နေလူထုက အဲဒီမတိုင်ခင်ကထက် စိတ်ဝင်စားလာကြပြီး ရေဒီယိုက ထုတ်လွှင့်တဲ့ မိုးလေဝသ သတင်းထုတ်ပြန်မှုကို ပိုအလေးထားလာခဲ့ကြတာ တွေ့ရပါတယ်။ 

ခုတဖန် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်မှာ အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက ထုတ်လွှင့်တာတွေကို ကြည့်ရှုသူ သိသိသာသာ ကျဆင်းသွားပြီး နိုင်ငံရေးသတင်းတင်မကပဲ အခုလို မိုးလေဝသ သတင်းတွေပါ အလေးမထားကြတော့တဲ့ သဘော ဖြစ်လာပါတယ်။ 

ဒီလို အနေအထားတွေကြောင့် အခုဖြစ်ပွားတဲ့ မုန်တိုင်းနဲ့ပတ်သက်လို့ သတိပြုမှုတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ သိပ်မတွေ့ရတာလည်း ဖြစ်ပါတယ်။ လူထုအနေနဲ့ မိုးလေဝသသတင်းထုတ်ပြန်မှုက သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေကို ကြိုတင်သတိပေးတဲ့ အချက်သက်သက်ရယ်လို့ မရှုမြင်နိုင်တော့ပဲ လူထုနဲ့ ရန်သူသဖွယ် ဖြစ်နေတဲ့ စစ်အစိုးရက ထုတ်ပြန်တဲ့ သတင်းအချက်အလက်ဆို မိုးလေဝသဆိုင်ရာ ထုတ်ပြန်ချက်ကိုတောင် အလေးမထားကြတော့တဲ့ သဘောဖြစ်လာတာပါ။ 

အလားတူပဲ အခုလို လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေချိန် ရွာတွေ မီးရှို့ခံနေရချိန်၊ စစ်ဘေးဒဏ်ကြောင့်ရော စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ သက်ရောက်မှု နည်းလာတာကြောင့်ပါ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရင် လူထုအဖို့ ပိုမိုခံစားရဖွယ်ရှိပါတယ်။ 

ပြည်သူလူထုနဲ့ အာဏာကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတို့အကြားမှာ ယုံကြည်မှု ပျက်ပြားနေခြင်းက သတိပေးမှု၊ ကြိုတင်ကာကွယ်မှု ၊ ဘေးအန္တရာယ်ကျရောက်ခဲ့ရင် ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ပျက်ပြားစေတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် တပူပေါ် နှစ်ပူဆင့်ဆိုသလို သဘာဝဘေးအန္တရာယ် မုန်တိုင်းနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေက စစ်ဘေးကြောင့် နေအိမ်တွေ မီးရှို့ခံရပြီး အမိုးအကာ လုံလုံခြုံခြုံမရှိတဲ့ စစ်ဘေးရှောင် မိသားစုတွေကို ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ ဆိုသလို ပိုမိုဒုက္ခရောက်စေမှာ ဖြစ်ပါတယ်။ 

အာစနီ လို့ အမည်ပေးလိုက်တဲ့ အပူပိုင်းမုန်တိုင်းက ပြင်းထန်မှု အဆင့်မကြီးမားပေမယ့်လည်း မုန်တိုင်းဝင်ရောက်မယ့် လမ်းကြောင်းကျတဲ့ ပြည်နယ်တွေ၊ တိုင်းတွေက လူဦးရေထူထပ်တဲ့ ဒေသတွေ ဖြစ်နေတာကြောင့် အဆုံးအရှုံးရှိနိုင်ပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းတို့က မုန်တိုင်းရဲ့ သက်ရောက်မှုကို အများဆုံးခံရနိုင်ပါတယ်။ 

နိုင်ငံရေး အကျပ်အတည်း၊ စစ်ဘေးရှောင်နေကြရတဲ့ အခြေအနေအောက်မှာ အခု သဘာဝဘေးဒုက္ခကို ထပ်ဆင့်ခံကြရဦးမယ့် အဖြစ်ကတော့ မြန်မာနိုင်ငံရဲ့ ကံဆိုးမှုတခုလို့သာ ဆိုရတော့မယ် ထင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar