မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၁ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၂၊ ၂၀၂၂
မတ်လ ၂၁ ရက် - လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခြင်း၊ ယင်းမာပင်က PDF ကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်
၂၀၁၇ ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကို လူမျိုးတုံး သတ်ဖြတ်မှု Genocide အဖြစ် အမေရိကန်က မတ်လ ၂၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
၂၀၁၇ ခုနှစ် အန်အယ်လ်ဒီအစိုးရလက်ထက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ARSA က ဒါဇင်နဲ့ချီတဲ့ ရဲစခန်းတွေကို သြဂုတ် ၂၅ ရက်နေ့နံနက်စောစောပိုင်းမှာ တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားအပြီး ရက်ပိုင်းအတွင်း စစ်တပ်က အင်အားအလွန်အကျွံသုံးပြီး ရွာတွေကို ရှင်းလင်းရေး လုပ်ဆောင်ရာမှာ လူပေါင်း ထောင်ဂဏန်းကနေ တသောင်းဝန်းကျင်အထိ အသက်ဆုံးရှုံးခဲ့ရတဲ့ ရုပ်ဆိုးလှတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။
ကျေးရွာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံရသလို စစ်တပ်ရဲ့ သတ်ဖြတ်မှု နေအိမ်မီးရှို့ခံရမှုတွေရဲ့ အကျိုးဆက်အဖြစ် လူပေါင်း သိန်းနဲ့ချီ အိမ်နီးချင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ အခုချိန်ထိ ရာဂဏန်းထက်မျှသာ ပြန်လာနိုင်ပြီး ယင်း ထွက်ပြေးတိမ်းရှောင်သူတွေဟာ ၅ နှစ်ဝန်းကျင် ကြာတဲ့အထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။
အဆိုပါ အဖြစ်အပျက်နဲ့ပတ်သက်လို့ နိုင်ငံတကာတရားရုံးမှာလည်း ဂမ်ဘီယာနိုင်ငံက ကြားဝင် စွဲဆို လျှောက်ထားလို့ ၂၀၁၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လျှောက်လှဲကာကွယ်ခဲ့ပါတယ်။ အဲဒီလို စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကာကွယ်လျှောက်လှဲခဲ့တဲ့ အတွက် ရပ်တည်ပြောဆိုခဲ့လို့ ၂၀၁၇ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံတွေက ပေးအပ်ချီးမြှင့်ခဲ့တဲ့ ဆုတံဆိပ်တွေ ပြန်ရုပ်သိမ်းခဲ့တာလည်း အများအပြားရှိခဲ့တာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လ နဲ့ စက်တင်ဘာလတွေမှာ ဖြစ်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကို လူမျိုးသုဥ်းသတ်ဖြတ်မှု အဖြစ် အမေရိကန်က သတ်မှတ်ကြောင်း ၅ နှစ်နီးပါးအကြာ ယနေ့မှာ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဘာကြောင့် ၅နှစ် အကြာမှ သတ်မှတ်ရတာလဲဆိုတဲ့ အကြောင်းအရင်းတော့ ရှင်းရှင်းလင်းလင်းမရှိပေမယ့် အန်အယ်လ်ဒီအစိုးရ အာဏာရှိစဥ် ၂၀၁၇ ခုနှစ်မှ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် အစောပိုင်းအထိ အရပ်သားအစိုးရရဲ့ စစ်တပ်အပေါ် သြဇာမလွှမ်းမိုးမှုကြောင့်လား သို့မဟုတ် သံတမန်ရေးအရ ငဲ့ကွက်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးကို အသုံးချပြီး နိုင်ငံရေးအကျိုးအမြတ်အလို့ငှာ ပြည်သူလူထုကို စည်းရုံးကာ လူမျိုးရေး ဘာသာရေး အမုန်းတရားတွေ ဖြန့်ချိမှုတွေ ဆယ်စုနှစ်နဲ့ချီ ရှိနေခဲ့သလို တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပြည်နယ်နဲ့ ပြည်မအစိုးရဒေသတွေ အကြားအခွင့်အရေးတန်းတူမညီမျှမှု
ဒီနေ့သတင်းတွေထဲ အခြားသတင်းတပုဒ်ကတော့ ယင်းမာပင်နယ်က ဗိုလ်သံမဏိ လို့ခေါ်တဲ့ သပြေအေးဆရာတော် ဦးဆောင်တဲ့ ယင်းမာပင်ပီဒီအက်ဖ်က အခြားသော နယ်နီးချုပ်စပ် ပီဒီအက်အဖွဲ့ဝင်တွေ အပါအဝင် ကျေးရွာသူ ကျေးရွာသား စုစုပေါင်း ၂၁ ဦးကို ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကနေ ယခုနှစ် မတ်လအတွင်း သတ်ဖြတ်ခဲ့တဲ့ ကိစ္စကို စစ်မှုရေးရာ ပြစ်မှုဆိုင်ရာစုံစမ်းရေး ဗဟိုကော်မရှင်က စုံစမ်းစစ်ဆေးနေတဲ့ ကိစ္စဖြစ်ပါတယ်။
ဒီဖြစ်ရပ်က မတ်လ ၁၄ ရက် နေ့စွဲနဲ့ ယင်းမာပင် နဲ့ ဆက်စပ်နေတဲ့ ပုလဲ၊ ကနီ စတဲ့နယ်တဝိုက်က ပီဒီအက်ဖ် အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ထုတ်ပြန်ချက် တစောင်ထုတ်လိုက်ရာကစလို့ အများသိရှိခဲ့ကြရပြီး စုံစမ်းရေးကော်မရှင်က စတင်စုံစမ်း စစ်ဆေးလာတာ ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ စုစည်းပြီး တဖွဲ့တည်းသောအဖွဲ့အဖြစ် မဖွဲ့စည်းနိုင်သေးတာလည်း နွေဦးတော်လှန်ရေးလို့ ခေါ်ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ အားနည်းချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒေသအလိုက် ဖွဲ့စည်းကြတာ ပြည်နယ်တွေမှာ လူမျိုးစုအလိုက် ဖွဲ့စည်းကြတာမျိုး ဖြစ်ပြီး လက်နက်နဲ့ အထောက်အပံ့ရိက္ခာ ကိုလည်း ၄င်းတို့ဘာသာ ၄င်းတို့ နှိုးဆော် ကောက်ခံကြရတာမျိုး ဖြစ်ပါတယ်။
ဒီလို ဒေသအလိုက် ဖွဲ့စည်းပေါ်ထွက်လာတာဟာ တဖက်က ကြည့်ရင် လူထုရဲ့ ပါဝင်မှု၊ သူ့ဆန္ဒနဲ့သူ ပါဝင်ကြတာမို့ အားသာချက် ဖြစ်ပါတယ်။ တဖက်မှာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တာကြောင့် ရေရှည်မှာတော့ လူထုမုန်းတဲ့ ၊ ကြောက်ရွံ့တဲ့ ၊ ရွံံရှာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတရပ် ဖြစ်မလာဖို့ စည်းမျဥ်းစည်းကမ်းတွေ၊ အမိန့်တွေ၊ အထက်အောက် နာခံမှု အမိန့်ညွှန်ကြားမှုစနစ် Chain of Command တခု ပေါ်ထွက်လာဖို့ မရှိမဖြစ် လိုအပ်မှာဖြစ်ပါတယ်။
အချိန်ကာလ လနဲ့ ချီကြာမြင့်လာတဲ့အခါ ဒီစနစ်မပေါ်ထွက်နိုင်ခဲ့ရင် အခုယင်းမာပင် ပီဒီအက်ဖ်က အနီးအနားက ပီဒီအက်ဖ်တွေကို သတ်ဖြတ်တဲ့ ကိစ္စလို အဖြစ်အပျက်တွေက ဖြစ်ပွားလာမှာ အသေအချာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့ကို အရပ်သား လူထုက ထောက်ပံ့ရမယ်ဆိုတဲ့ အာဏာသုံး တောင်းခံတာမျိုး၊ စိုးမိုးထားတဲ့ ဒေသကို အုပ်ချုပ်ရာမှာ တရားမျှတမှု၊ သမာသမတ်ကျမှု၊ ဥပဒေ ရေးရာနားလည်ကျွမ်းကျင်စွာနဲ့ မျှမျှတတ အုပ်ချုပ်ရမယ့်အစား လက်နက်က အာဏာ အဖြစ်သာ ယူဆပြီး အာဏာနဲ့ အုပ်ချုပ်တာ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေ ၊ ပိုင်ဆိုင်မှုတွေကို ရန်သူပစ္စည်းလို့ အမည်တပ်ပြီး သိမ်းယူတာ တောင်းယူတာတွေ လုပ်ဆောင်လာတတ်ပါတယ်။
အခုဖြစ်ရပ်က မြန်မာနိုင်ငံအချို့ ဒေသတွေမှာ ဖြစ်ပွားနေဆဲ ဖြစ်ပွားနိုင်ခြေရှိတဲ့ ဖြစ်ရပ်တွေအတွက် နမူနာ ပြလိုက်သလိုဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ဒီဖြစ်ရပ်တခုတည်းကို စုံစမ်းစစ်ဆေး ဆုံးဖြတ်ရုံတင်မကပဲ ဖြစ်ခဲ့ပြီး လူမသိသေးတဲ့ ဖြစ်ရပ်ရှိရင်လည်း ဖော်ထုတ်ဖို့ နောက်နောင် အခုလို ဖြစ်ရပ်မျိုး မပေါ်ပေါက်အောင် စနစ်တရပ် ယန္တရားတရပ် ချမှတ်လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar