Breaking News

သီအိုဇော် - ချစ်ခန်း ကြိုက်ခန်း မပါတဲ့ ယူကရိန်းအချစ်ဇာတ်လမ်း သန့်သန့်လေးတစ်ပုဒ် ( ၂ )



သီအိုဇော် - ချစ်ခန်း ကြိုက်ခန်း မပါတဲ့ ယူကရိန်းအချစ်ဇာတ်လမ်း သန့်သန့်လေးတစ်ပုဒ် ( ၂ )

(မိုးမခ) မတ် ၂၂၊ ၂၀၂၂


မှတ်မိကြဦးမယ်ထင်ပါတယ်၊ ‘ဆဗီယာတိုဆလဗ် ဖာဆင်’(Sviatoslav Fursin) ဆိုတဲ့ ယူကရိန်းကောင်လေးနဲ့ ‘ယရီနာ အာရီဗာ’ (Yaryna Arieva)ဆိုတဲ့ ယူကရိန်း ကောင်မလေးတို့ ချစ်သူနှစ်ဦး၊လက်ထပ်ပြီးခါစမှာပဲ သေ နတ် တယောက် တလက်စီ ကိုင်ဆွဲလို့ သူတို့ချစ်တဲ့နိုင်ငံကို ကာကွယ်ဖို့ ထွက်သွားခဲ့ကြတဲ့ ယူကရိန်းစုံတွဲ လေး။

စစ်မီးတောက်တွေ တနေ့ထက်တနေ့ ပိုကြီးမားလာနေတဲ့အချိန်၊ သူတို့တတွေ ဘယ်လိုအခြေအနေ ရောက်နေမလဲ ဆိုပြီးတွေးမိလို့ တီဗီချန်နယ်၊ ရေဒီယိုအစီအစဥ်၊ သတင်းစာမီဒီယာများမှာ ရှာဖွေတွေ့ရှိရတာတွေကို စုဆောင်း ဖော်ပြလိုက်ရပါတယ်။

‘ဆဗီယာတိုဆလဗ်’က ‘လဗစ်’(Lviv)မြို့ဖွား ဆောဖ့်ဝဲအင်ဂျင်နီယာဖြစ်ပြီး ‘ယရီနာ’ကတော့ ကိဗ်(Kviv) မြို့သူလေး ဖြစ်ပါတယ်။ သူမဟာ တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ပြီး ကိဗ်မြို့တော်ကောင်စီမှာ သူမတို့ ‘ဥရောပသွေးစည်းညီညွတ်ရေးပါတီ’(European Solidarity Party)ကို ကိုယ်စားပြုတဲ့ ဒု-ကောင်စီအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ 


အခုအချိန်အထိတော့ ‘ကိဗ်’(Kyiv)မြို့မှာ သူတို့နှစ်ယောက် အတူရှိနေကြပါတယ်၊ အတူရှိတယ်ဆိုတာကလည်း ‘ဆဗီယာတိုဆလဗ်’က သူ့တပ်ဖွဲ့တွေနဲ့ စစ်ကြောင်းမထွက်ရတဲ့ အချိန်မျိုးကို ပြောတာပါ။

အရင်က စစ်ရေး အတွေ့အကြုံမရှိခဲ့ပေမယ့် သူ့အဖေနဲ့ တချို့ဆွေမျိုးတွေက စစ်မှုထမ်းများဆိုတော့ သူ့ကို သင်ပြ၊ ပြောပြပေးခဲ့တာတွေက အခုအချိန်မှာ အများကြီးအထောက်အကူရခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅ ယောက်ရှိတဲ့ အဖွဲ့မှာ အခုသူက ဒုတိယဦးစီးကွပ်ကဲသူအဖြစ် ခန့်အပ်ခံခဲ့ရပြီး ဖြစ်ပါတယ်။

ရင်ဆိုင်တိုက်ပွဲ အတွေ့အကြုံလည်း ရှိလာသလို၊ လူသစ်တွေကိုလည်း လက်နက်ကိုင်တွယ်နည်းတွေ၊အရပ် သားတွေကို မိုလိုတော့ဗ် ဓာတ်ဆီပုလင်းဗုံး ပြုလုပ်နည်း၊ အသုံးပြုနည်းတွေကို သင်တန်းပေးရပါတယ်။ စစ် ကြောင်းထွက်တဲ့အခါ လုံးဝအိပ်ချိန်မရှိတဲ့ ညတွေလည်း ဖြတ်သန်းခဲ့ရပြီး၊ သူတို့လို ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ အဓိကတာဝန်အနေနဲ့ ယူကရိန်းစစ်တပ်ရဲ့ အနောက်ကနေ ဝန်းရံအကူအညီပေးတာ၊ လွတ်ထွက်လာတဲ့ရန်သူတပ်သားတွေကို တားဆီးခုခံပေးတာတွေ လုပ်ကြရတယ်လို့ ဆိုပါတယ်။

ပခုံးထမ်း တင့်ကားပစ်လက်နက် လိုဟာမျိုးနဲ့ ‘ဆဗီယာတို ဆလဗ်’ရဲ့ ဓာတ်ပုံကိုလည်း ‘ယရီနာ’က မီဒီယာတွေကို ပြထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ မျှော်လင့်ခဲ့ကြတဲ့ ကြင်စဦးနေ့ရက် ကာလမျိုးမဟုတ်ပေမယ့် ‘ဆဗီယာတို ဆလဗ်’အတွက် သူမ ဘယ်လောက် ဝမ်းသာဂုဏ်ယူနေတယ်ဆိုတာ သိသာပါတယ်။

‘ယရီနာ’ကိုယ်တိုင်ကတော့ တိုက်ပွဲတွေမှာ မပါဝင်ရသေးပဲ နောက်တန်းကနေပဲ မြို့တော်ကောင်စီရဲ့ လုပ်ငန်းဆောင်တာတွေ၊ စစ်ဘေးရှောင်လူထုအတွက် အစားအသောက်၊ အချက်အပြုတ် မီးဖိုချောင်ကိစ္စ၊ဆေးဝါးနဲ့ ကျန်းမာရေး အကူအညီပြုပေးနိုင်တဲ့ နေရာတွေမှာ ကျန်တဲ့ယူကရိန်းပြည်သူတွေလိုပဲ မမောမပန်း ပါဝင်လုပ်အားပေးနေပါတယ်။

မြေအောက်ဗုံးခိုကျင်းထဲမှာ ရှိတဲ့အချိန်တွေမှာလည်း အနီးအနားက ပစ်ခတ်သံ၊ ပေါက်ကွဲသံတွေကလည်း ကြားရတတ်ပါတယ်။ တခါတလေကျပြန်တော့ ငြိမ်သက်အိပ်မောကျနေတဲ့ မြို့ ကြီး လို တိတ်ဆိတ်နေပြန်ပါရောတဲ့။

ပင်ကိုက သွေးထွက်သံယို အကြမ်းဖက်မှုတွေကို မနှစ်သက်သူဖြစ်ပေမယ့် အခုတော့ ရုရှားစစ်သားတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ပစ်သတ်လိုက်ဖို့ ဝန်မလေးတော့ဘူးလို့လည်း ဆိုထားပါတယ်။

ယူကရိန်းနိုင်ငံအနှံ့မှာ တွေ့မြင်ကြားသိနေရတဲ့ ရုရှားကျူးကျော်တပ်တွေရဲ့ ရက်ရက်စက်စက် ပစ်ခတ်အသတ်ဖြတ်ခံ အပြစ်မဲ့ပြည် သူတွေ၊ တချိန်က ဥရောပတိုက်ရဲ့ အထင်ကရ ကျော်ကြားတဲ့ နေရာဒေသများ အခုတော့ စစ်တလင်းပြင်အတိ ဖြစ်သွားခဲ့တာတွေက နူးညံ့တဲ့နှလုံးသားကို မာကျောသွားစေခဲ့ပြီး ကြောက်ရွံ့စိတ်တွေ လွင့်ပြယ်စေခဲ့တာဖြစ် မှာပါ၊

ဒါတွေကို ကမ္ဘာရဲ့တဖက်ခြမ်းမှာ စစ်မိစ္ဆာ စစ်ဘီလူးတွေရဲ့ဒဏ် အလူးအလဲခံနေကြရရှာတဲ့ မြန်မာနိုင်ငံက ပြည်သူတွေထက် ပိုပြီးခံစားနားလည် ပေးနိုင်ကြသူများ ဒီအချိန်ဒီကာလမှာ ရှိကြပါဦးမလား။

လူသားတိုင်းအတွက် ကြောက်ရွံ့စိတ်ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ တုံ့ပြန်ချက်အရ တွေ့ကြုံကြရတာပါပဲ။ ဗုံးသံ၊ သေနတ်သံ၊ အမြောက်သံ၊ ဒုံးကျည်သံတွေကြားက စစ်ပွဲအတွင်းမှာဆို ပိုလို့မြင်သာပါတယ်။ ဒါပေမဲ့ ‘ဆဗီယာတိုဆလဗ်’နဲ့ ‘ယရီနာ’တို့လို ယူကရိန်းပြည်သူတွေ၊ မြန်မာပြည်က နွေဦးတော်လှန်ရေးသမားတွေကို တွေ့ရတဲ့အခါမှာတော့ ‘ဝင်စတန်ချာချီ’ပြောခဲ့ဖူးတဲ့ ‘ကြောက်ရွံ့ခြင်းသည် တုံ့ပြန်မှုတစ်ခု၊ သတ္တိသည်ကားဆုံးဖြတ်ချက်တစ်ခု’(Fear is a reaction, Courage is a decision – Winston Churchill) ဆိုတာကို သတိရမိစေပါတယ်။

သူတို့တတွေရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကသာ ဆိုးညစ်ယုတ်ညံ့သူတို့ ထင်ရာမစိုင်းနိုင်လေအောင် ဟန့်တားပေးမှာပါ။ သူတို့တတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကသာ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးမှာပါ။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့သူတို့တတွေဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ထိုက်တန်သူတွေ ဖြစ်ကြပါတယ်။

‘ယရီနာ’က သူမ သီဆိုပြတဲ့ ယူကရိန်းအမျိုးသားသီချင်းတစ်ပုဒ်ကို အင်္ဂလိပ်လိုလည်း ဘာသာပြန်ပေးထားခဲ့ပါတယ်၊ လက်နက်အင်အားနဲ့ နိုင့်ထက်စီးနင်း ပြုကျင့်ပြီး အကြမ်းဖက်ကျူးကျော်ခံနေရတာကို ဒူးမထောက်ဘဲ ရဲရဲတောက် ပြန်တွန်းလှန်နေကြတဲ့ သာမန်ပြည်သူများရဲ့ ရင်ထဲကလာတဲ့ သီချင်းကို ခံစားကြည့်နိုင်ပါတယ်။ 

‘ယရီနာ’က ယူကရိန်းဘာသာနဲ့ အစအဆုံး သီဆိုထားခဲ့ပေမယ့် သီချင်းအပိုဒ် တပိုဒ်ကိုပဲ မြန်မာ ပြန်ဆို ဖော်ပြပေးလိုက်ပါတယ်။

‘ငါတို့လိုချင်တာ ဂုဏ်အရှိန်အဝါ မဟုတ်သလို

ဘာဆိုဘာကိုမှလည်း ပေးဖို့မလိုခဲ့

ငါတို့အတွက်ဆုလာဘ်ဟာ တိုက်ပွဲဆင်နွှဲရတဲ့ ပျော်ရွှင်မှုပဲ။

နှုတ်ဆိတ်ဆွံ့အနေရတဲ့

သံကြိုးတွဲလဲနဲ့ ကျွန်အဖြစ်ထက်

တိုက်ပွဲမှာကျဆုံးရတာက

ငါတို့အားလုံးအတွက် ပိုလို့ချိုမြနေမှာပါပဲ’။

မတရားမှုကို ဦးမညွှတ်ဘဲ အန်တုတိုက်ပွဲဝင်ကြသူတွေရဲ့ ပွင့်အန်ကျထွက်လာတဲ့ ဒီသီချင်းထဲက စကားလုံးတွေကတော့ ဘာသာဗေဒ ကွဲပြား၊ အသံထွက်သာ ခြားနားကြပေမယ့် ဆိုလိုရင်း အနက်အဓိပ္ပာယ်တူများနဲ့ ဘာသာစကားတိုင်းမှာ ရှိနေမယ်လို့ ယုံကြည်မိပါတယ်။

အခု‘ယရီနာ’က ယူကရိန်းဘာသာနဲ့ သီဆိုနေချိန်မှာ အဖိနှိပ်ခံနိုင်ငံတစ်ခုက တော်လှန်ရေးသမားလေးကလည်းသူ့ဘာသာစကားနဲ့သူ သီကျူးနေပါလိမ့်မယ်။ တနေရာမှာက သီချင်း၊ တနိုင်ငံမှာတော့ကဗျာ၊ ကမ္ဘာကြီးရဲ့ အခြား တထောင့်တနေရာမှာကတော့ စကားပြေလို ရွတ်ကောင်းရွတ်နေမှာပေါ့။ တချို့ကတော့ ပန်းချီ၊ ပြဇာတ်၊ ရုပ်ရှင်တို့နဲ့လည်း ပုံဖော်နေနိုင်ပါတယ်။

ရသမျိုးစုံပေးစွမ်းနိုင်တဲ့ ဒီလိုအနုပညာများသာ မရှိခဲ့ရင်၊ လောကကြီးဟာ နေပျော်စရာ ကောင်းမှကောင်းပါ လေဦးမလားလို့ စဥ်းစားမိပေမယ့်၊ ဖော်ပြခဲ့တဲ့ သီချင်းစာသားလို အနုပညာလက်ရာတွေ ဒီကမ္ဘာကြီးမှာ မရှိ စေချင်တော့ဘူးလို့လည်း တွေးမိနေပြန်ပါတယ်။

ဘယ်နေရာ ဘယ်ဒေသ ဘယ်ကာလမှာပဲ ဖြစ်ဖြစ်၊ ဘယ်မျိုးဆက်ကမှ ဒါတွေကို ရွတ်၊ ဆို၊ ခံစားနေကြရတဲ့ အခြေအနေ၊ ဘယ်သောအခါမှ ရောက်မလာစေချင်တော့လို့ပဲ ဖြစ်ပါတယ်။


သီအိုဇော်




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar