Breaking News

မိုးမြင့်ယံ - တကျော့ပြန်တပေါင်းရဲ့ အနီရင့်ရင့်လက်ပံတွေ

 တကျော့ပြန်တပေါင်းရဲ့ အနီရင့်ရင့်လက်ပံတွေ 
မိုးမြင့်ယံ
(မိုးမခ) မတ် ၂၃၊ ၂၀၂၂

တပိုတွဲနှင့် ဖေဖော်ဝါရီသည် မြူနှင်းတို့ဆုတ်ခွာခြင်းနှင့်အတူတကွ လေးလံအိပဲ့ကာ ကျန်ရစ်ကျခဲ့လေပြီ။
မတ်လ၏ပူနွေးလင်းမြမှုတို့ကိုဆောင်ကြဥ်းကာ တပေါင်းသည် နွေကိုဆောင်ယူလျက် တကျော့ပြန်လည်ကာ ချဥ်းနင်းဝင်ရောက်လာခဲ့ပေသည်။

နေရောင်ခြည်သည် နှင်းပုဝါပါးပါးအားထိုးခွဲထွင်းဖောက်ရင်း ဤမြေကမ္ဘာပေါ်သို့ လှလှပပကျဖြာဆင်းလာခဲ့ရင်းနဲ့ နေ့သစ်တခုအား အစပြုလိုက်ပြန်လေပြီ။

အညာမြေတို့၏ထုံးစံအတိုင်း ထွက်ပြူလာသောသူရိန်မင်းနှင့်အတူအတကွ အပူရောင်ဖျဖျတို့သည် ထပ်ကြပ်မကွာလိုက်ပါလာခဲ့ရင်း နွေကန့်လန့်ကာအား စတင် ဖွင့်လှစ်လိုက်လေတော့သည်။

ဒီလိုအခါသမယသည်ပင် အနယ်နယ်အရပ်၌ရှိကြကုန်သော ဗုဒ္ဓဘာသာဝင်တို့၏ဘုရားပွဲတော်များဖြင့် စည် ကားနေရမည်မှာမှန်သော်လည်း သက္ကရာဇ် ရထားကို နောက်ပြန်ခုတ်မောင်းလိုက်မိလေသောအခါ၌ တပေါင်းနွေထက် ပိုမိုပူပြင်းလွန်းလှသောရင်စိတ်မီးတို့သည် လူအများ၏ရင်သို့ ကူးစက်လောင်မြှိုက်ကာ ကျွမ်းမြေ့နာ ကျင်ဆို့နင့်စေခဲ့သောအဖြစ်ကြီးတခုအား အဘယ်ကဲ့သို့မျှအကင်းသေအောင် မေ့ပျောက်ပစ်ခြင်းငှာမစွမ်းနိုင်ကြပါလေ။

အညာနွေထဲသို့ ထနောင်းမန်းကျည်းလက်ပံတို့အား ဖြတ်သန်းတိုက်ခတ်လာသောလေ​ပြေတို့သည်ပင် အပူငွေ့ငွေ့က တိုးဝှေ့ပါလာတတ်ပြန်သည်ပဲ။

ကျွန်တော့်ခြံရဲ့ခမ်လှမ်းလှမ်းကွင်းပြင်ထဲက လက်ပံပင်ပေါ်မှ ဥသြငှက်ငယ်၏တွန်ကျူးသံကို ကြားလိုက်မိပြန်သည့်ခဏ နွေသရုပ်သည် ပိုမိုပီပြင်လာဘိသကဲ့သို့ပင်။

စိတ်လွင်ပြင်၌ အပူငွေ့တို့နှင့်အတူ ငယ်ငယ်ကကြားခဲ့ရဖူးသောလက်ပံပွင့်ကောက်ကဗျာလေးထဲက စာပိုဒ်လေးတပိုဒ်ကို တိုးဖွဖွရွတ်ဆိုမိသည်လေ ...
 " လက်ပံပွင့်ချိန် ခွေးရူးချိန်တို့များအော်လို့ပျော်တဲ့အချိန် " တဲ့။

သို့သော် တကယ်ပစက္ခကာလတွင်း၌ ကဗျာလေးထဲကကဲ့သို့ မပျော်ရွှင်နိုင်ခဲ့ရရှာပါဘူးလေ...

နွေဦးရဲ့ပူပြင်းလောင်မြှိုက်မှုထဲမှာမှ ခွေရူးအကိုက်ခံလိုက်ရသလို ကြွေလွင့်သွားရရှာလေသော ရဲရင့်သူရဲ ကောင်းများသည် လက်ပံတွေလိုပင် တဖွဲဖွဲလွင့်ခါဝဲ၍ ကမ္ဘာမြေအား ကမ္ဘာမကြေတေးကိုဆိုညည်းရင်း နှုတ် ဆက်ထွက်ခွာပေးခဲ့ကြရလေသည်။

နွေလည်အပူအောက်၌ကျန်ရစ်ခဲ့လေပြီးသော တမြန်နှစ်မတ်လဆီတုန်းက ကတ္တရာလမ်းမထက်က တံလျှပ်တို့နှင့်အပြိုင်ကြွေးကြော်သံများနှင့်အတူ လူမဆန်သော ရက်စက်ယုတ်မာမှုအောက်က စီးမျောကျလာသော သွေး ကွက်များမျက်ရည်စက်များသည် အာရုံအသိသို့ နွေလည်နေ၏အပူထက်ပိုမိုပူပြင်းလောင်မြှိုက်စွာတိုးဝင်လာသောအခါ ချွေးစေးပြန်နေသောလက်တို့သည် လက်သီးတို့ကို အလိုလိုခပ်တင်းတင်းဆုပ်ထားမိလိုက်ကာ အံ ကြိတ်တောက်ခေါက်မိလိုက်သည်။

ထိုအရာတွေအားလုံးသည် အိပ်မက်တခုဖြစ်နေခဲ့လျှင်တောင်မှ ကျွန်တော်တို့အားလုံးသည် ထိုအိပ်မက်ဆိုးကြီးထဲကနိုးထဖို့ရန်အတွက် လူငယ်တွေသည် ရဲရင့်အားတို့နှင့်ထိုးဖောက်ထွက်ဖို့ အားသွန်ခွန်စိုက်ကြိုးစားတွန်လှန်နေဆဲပင်ဖြစ်သည်လေ။

နွေလယ်နေ၏အပူထက် ပြင်းလွန်းသောသောကအပူမီးတို့အားတွန်လှန်ရန် စိတ်စေတသိက်တို့သည် လူငယ်တွေ၏ရင်နှလုံးသားထဲ၌ စွဲမြဲအမြစ်တွယ်ကာ ခိုင်ကျည်လွန်းလှပေသည်။

ကျွန်တော်သည် လူငယ်တွေ၏ဇွဲသတ္တိနှင့်စွမ်းဆောင်ရည်များကို အကြွင်းမဲ့ယုံကြည်မိနေပါသည်။ 
ထိုအခါ ကျွန်တော်ရေးခဲ့ဖူးသောကဗျာလေးတပုဒ်သည် စိတ်မှတ်ဉာဏ်၌ ထင်ဟပ်လာခဲ့ပြန်သည်။

# လက်ပံ #  
             
မတ်လရဲ့ နွေဦးလေနဲ့အတူ
မြူးမြူးကြွကြွ လှလှပပ
ကြွကြွရွရွ လွင့်လွင့်ဝဲဝဲ
တော်လှန်ပန်းတွေ တရဲရဲနဲ့
တကြော့ပြန် အံကိုခဲလို့
မော်ကွန်းသစ်တေးကို ဆိုညည်းရင်း
နွေကိုကန့်လန့်ကာ ဖွင့်လိုက်ပြီ။

ရဲရင့်လူငယ်တို့၏မကြောက်တတ်သောသွေးတို့နှင့် ဟစ်အော်မာန်တင်းသံတို့သည် လက်ပံတွေကဲ့သို့ပင်ရဲရဲစွေးနီလျက် တပေါင်းထဲတွင်ပင် အောင်နိုင်ခြင်းအလံတော်ကို တကျော့ပြန်လွင့်ထူရင်းဖြင့်သာ နွေဦးကိုရဲရဲရင့်ရင့်ကန့်လန့်ကာဖွင့်လှစ်ကာ လှပသောနေ့သစ်များဆီသို့ ....တရွေ့ရွေ့တိုးရင်းတိုးရင်း တိုးလျက်သာပင် ......။

မိုးမြင့်ယံ
21 . March . 2022
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar