Breaking News

အောင်ဝေး - ပင်လယ်ဓားပြနှင့် အမဲလိုက်ခြင်း

Art by Than Htay Maung

ပင်လယ်ဓားပြနှင့် အမဲလိုက်ခြင်း
အောင်ဝေး
(မိုးမခ) ဩဂုတ် ၂၀၊ ၂၀၂၄

"...စန္ဒဂုတ်က ပါဋလိပုတ်ကိုစစ်တိုက်သည့်အခါ 
မုန့်ပျားသလက်ကို အနားကစ၍တဖြည်းဖြည်းစားပြီးမှ 
အလယ်သားကိုစားသကဲ့သို့ 
တိုင်းပြည်အစွန်အဖျားကိုတိုက်ခိုက်သိမ်းပိုက်ပြီးမှ 
မြို့တော်ပါဋလိပုတ်ကိုတိုက်ကြောင်း..."

[မောင်သာချို၏အသောကကဗျာရှည်မှ ...]
+++
"မုန့်ပျားသလက်ကို
မပူသည့်အပိုင်း
ပါးသည့်အပိုင်းမှ
တဖြည်းဖြည်းဖဲ့၍စားသကဲ့သို့
ရန်သူကိုလည်းဖဲ့ရာ၏
မဟာမိတ်ကိုလည်းဖွဲ့ရာ၏"
[အောင်ဝေး၏အလွတ်တည်ကန်ဘောများကဗျာမှ]
+++
အိုးပစ်အိမ်ပစ်မလေးရေ...
စာဏကျနီတိကိုပဲ
ငါကိုးကားရတော့မယ်။
ပါးစပ်နဲ့ပြောလို့
နားမလည်တဲ့စကား
သေနတ်နဲ့ပြောမှနားလည်တယ်။
တိုက်စစ်ဆင်ခြင်းသည်
အကောင်းဆုံးခံစစ်။(ဘောလုံးစကား)
ထိုးစစ်ကို
ထိုးစစ်နဲ့ပဲရိုက်ချိုးရတော့မယ်။
သူတို့ကခံစစ်သေဆိုရင်
ငါတို့ကထိုးစစ်ရှင်။
သံကြိုးကွင်းတစ်ခုလုံးရဲ့အားဟာ
အပါးဆုံးသံကွင်းမှာ
တည်တယ်။(သင်္ချာရူပဗေဒ)
နေပြည်တော်က
အပါးဆုံးသံကွင်းပဲ။
အိုးပစ်အိမ်ပစ်မလေး
ဉာဏ်ကောင်းတဲ့မြွေက
တောဝက်ကိုမမျိုဘူး။
တောမီးကိုတောမီးနဲ့မှ
ငြှိမ်းလို့ရတယ်။
တောဝက်ကို
တောဝက်နဲ့ပဲအမဲလိုက်ရတယ်။
တွေ့လား
ဂျက်စပဲရိုးလည်ပင်းမှာ
ဝက်စွယ်ကင်းပိတ်။
အိုးပစ်အိမ်ပစ်ကလေးရေ...
စန္ဒဂုတ်အရင်
ငါတို့
ပါဋလိပုတ်ကိုဝင်ကြစို့။ ။

အောင်ဝေး
(သြဂုတ် ၂၊ ၂၀၂၄)
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar