Breaking News

ကိုကျော်(မြစ်ကြီးနား) - ယူကရိန်းစစ်ပွဲ - ရုရှားက ကြေးစားစစ်သားတွေကို ဘယ်လို ရှာဖွေစုဆောင်းနေသလဲ



ကိုကျော်(မြစ်ကြီးနား) - ယူကရိန်းစစ်ပွဲ - ရုရှားက ကြေးစားစစ်သားတွေကို ဘယ်လိုရှာဖွေစုဆောင်းနေသလဲ

(မိုးမခ) မတ် ၁၃၊ ၂၀၂၂


ဘီဘီစီမှ ကြေးစားစစ်သား (mercenary)တစ်ယောက်နဲ့ (ယခင်က ရုရှားမှ နာမည်ကြီး ကြေးစားတပ်ဖွဲ့တစ်ခုနဲ့လည်း နီးစပ်မှုရှိခဲ့သူ) စကားပြောခွင့်ရခဲ့ပြီး ရုရှားရဲ့ စစ်သားစုဆောင်းရေး အစီစဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိခဲ့ရပါတယ်။ 

ရုရှားမှာရှိတဲ့ နာမည်ကြီးလျှို့ဝှက်တဲ့ Wagner အုပ်စု ကြေးစားတပ်သား အတော်များများကို ယူကရိန်းကျူးကျော်မှု မစတင်ခင် တစ်ပတ်အလိုလောက်မှာ Telegram သီးသန့်အုပ်စုမှတဆင့် ဆက်သွယ်ခဲ့ပါတယ်။ ယူကရိန်းတွေ ရိုးရာအလိုက်စားလေ့ရှိတဲ့ 'Salo' ခေါ် ဝက်ဆီဖတ်တမျိုးရဲ့ အရသာကိုမြည်းဖို့ 'ယူကရိန်းမှာပျော်ပွဲစားထွက်မယ်' ဆိုပြီး သူတို့ကိုဖိတ်ခေါ်ပါတယ်။ 

ဖိတ်ခေါ်ချက်မှာ ရာဇဝတ်မှုကျူးလွန်ထားသူ၊ အကြွေးတင်နေသူ၊ ကြေးစားတပ်ဖွဲ့မှ တားမြစ်ထားသူ သို့မဟုတ် နိုင်ငံကူးလက်မှတ်စာအုပ်မရှိသူ စတဲ့သူတွေကို ဆွဲဆောင်ထားပြီး ကြေးစားတပ်ဖွဲ့မှာပါဝင်ဖို့ လျှောက်ထားတယ်လို့ ဆိုထားပါတယ်။ ထို့ပြင် ယူကရိန်းခွဲထွက်ဒေသ ၂ ခု နဲ့ ခရိုင်မီးယားဒေသတို့မှာ နေထိုင်သူများကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

Wagner အုပ်စုက ရုရှားမှာ လျှို့ဝှက်မှုအရှိဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ တရားဝင်အားဖြင့် အဲဒီအဖွဲ့အစည်းဆိုတာ မရှိပါဘူး။ ကြေးစားစစ်သားအဖြစ် ရုရှား နဲ့ နိုင်ငံတကာတို့မှာ ဥပေဒအရ တားမြစ်ထားပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၇ နှစ်အတွင်း အဖွဲ့ဝင် ၁၀၀၀၀ လောက်တို့က Wagner အုပ်စုနဲ့ အနည်းဆုံးတော့ သဘောတူစာချုပ် (သို့) ကန်ထရိုက် ၁ ခုနဲ့ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

စုဆောင်းရရှိတဲ့ ကြေးစားစစ်သားအသစ်တွေကို ရုရှားကာကွယ်ရေးဌာနမှ စစ်ထောက်လှမ်းရေးအုပ်စု (GRU) လက်အောက်မှာ ထားရှိပါတယ်။

ဒီနောက်ပိုင်းမှာ စုဆောင်းရေးနဲ့ပတ်သက်ပြီး ပေါ်လစီပြောင်းလဲမှုရှိခဲ့ပြီး ကန့်သတ်ချက်တွေ လျော့ချခဲ့ပါတယ်။ ကြေးစားစစ်သားအသစ်တွေထဲမှာ တိုက်ခိုက်ရေးစွမ်းရည်နိမ့်သူများ ပါဝင်လာတာကို မကျေနပ်ကြောင်း၊ "အခုဆိုရင် သူတို့က နေရာတိုင်းကနေ ဘယ်သူကိုမဆို ရှာဖွေစုဆောင်းနေကြတယ်" လို့ ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ ကြေးစားစစ်သားမှ ပြောခဲ့ပါတယ်။ အသစ်စုဆောင်းရခဲ့တဲ့ တပ်သားတွေကို Wagner အုပ်စုဝင်လို့ မသုံးနှုံးတော့ဘဲ 'The Hawks' ဆိုပြီး နာမည်အသစ်ပေးထားပါတယ်။

Wagner အုပ်စုက ဆီးရီးယား နဲ့ လစ်ဗျားတိုက်ပွဲတို့မှာ စစ်ရာဇဝတ်မှုများ၊ လူအခွင့်အရေးချိုးဖောက်မှုများ တို့နဲ့ပတ်သက်ပြီး ဝေဖန်စွပ်စွဲခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နာမည်ပျက်ရှိခဲ့တာကြောင့် Wagner ရဲ့ နာမည်ဂုဏ်သိက္ခာ မထိခိုက်အောင် လမ်းကြောင်းလွှဲလိုက်ပုံရတယ်လို့ Arizona State University မှ ရုရှားနဲ့ဥရောပရေးရာကျွမ်းကျင်သူ ပါမောက္ခ Candace Rondeaux မှ ပြောခဲ့ပါတယ်။

စုဆောင်းရေးတပ်သားအသစ်တွေကို ရုရှားတောင်ပိုင်း Mol'kino မှ Wagner အခြေစိုက်စခန်းမှာ သင်တန်းပေးကြပါတယ်။ Wagner စခန်းရဲ့ အနီးဘေးနားမှာပဲ ရုရှားစစ်တပ်စခန်းတစ်ခု ရှိတယ်လို့သိရပါတယ်။

အရင်တုန်းကတော့ ရာဇဝတ်မှုမှတ်တမ်းရှိခဲ့ပါက ကြေးစားအုပ်စုမှာပါဝင်ဖို့ တားမြစ်ထားပါတယ်။ ထို့ပြင် ရုရှားနိုင်ငံပြင်ပမှာ မွေးဖွားခဲ့သူ မည်သူတစ်ဦးတစ်ယောက်ကိုမှ ပါဝင်ခွင့်မပြုဖို့ ကန့်သတ်ထားပါတယ်။ အကြောင်းရင်းက သစ္စာစောင့်ထိုင်းမှုအပိုင်းနဲ့ ပတ်သက်ပြီး သံသယရှိနိုင်တာကြောင့် ဖြစ်ပါတဘ်။ 

"အခုကျတော့ မြေပြင်တိုက်ပွဲအတွက် ကြေးစားစစ်သားတွေ အရေအတွက်ထောင်ချီ လိုအပ်နေတယ်" လို့ အမေရိကန်အခြေစိုက် လုံခြုံရေးအကြံပေးအဖွဲ့ Soufan Centre မှ အကြီးတန်းသုတေသနပညာရှင် Jason Blazakis က ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ အရှေ့အလယ်ပိုင်းဒေသမှ တိုက်ခိုက်ရေးသမား ၁၆၀၀၀ တို့က ဗော်လန်တီယာလုပ်ပြီး ရုရှားစစ်တပ်နဲ့အတူ တိုက်ခိုက်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu မှ သောကြာနေ့မှာ ပြောခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်က အရှေ့အလယ်ပိုင်းတပ်သားတွေကို စစ်ပွဲမှာပါဝင်ခွင့်ပြုဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းစစ်ပွဲမှာ Wagner ကြေးစားတပ်သား ၄၀၀ ခန့် ရှိနေတယ်လို့ သတင်းမှာဖော်ပြခဲ့ပါတယ်။ Wagner အုပ်စုနာမည်ကို ၂၀၁၄ ခုနှစ်မှာ စတင်ကြားခဲ့ရပြီး ယူကရိန်းအရှေ့ဖက်ခြမ်း ပဋိပက္ခမှာ ရုရှားထောက်ပံ့တဲ့ ခွဲထွက်အုပ်စုတွေကို ကူညီခဲ့ပါတယ်။ 

ယူကရိန်းကျူးကျော်မှု အစပိုင်းရက်တွေမှာ အဆိုပါကြေးစားစစ်သားက ဒုတိယအကြီးဆုံးမြို့ Kharkiv သို့ စေလွှတ်ခြင်းခံခဲ့ရပြီး သူ့အဖွဲ့သားများက အစီစဥ်တစ်ခုကို အောင်မြင်စွာ ပြီးဆုံးနိုင်ခဲ့ကြောင်း ဘီဘီစီကို ပြောခဲ့ပြီး၊ ဘာအစီစဥ်ဆိုတာကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

"ကျနော်တို့အဖွဲ့သားအားလုံး ၁ လကြာလှုပ်ရှားမှုအတွက် တစ်ယောက်ကို ဒေါ်လာ ၂၁၀၀ (ပေါင် ၁၆၀၀) ရခဲ့ပြီး ရုရှားကိုပြန်ခဲ့ကြတယ်" လို့ ဆက်ပြီးပြောခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲမှာ ကြေးစားတပ်သားတွေကို သုံးနေတာက ရုရှားပြည်သူတွေရဲ့ ထောက်ခံမှုရဖို့ အသည်းအသန်ကြိုးစားနေတဲ့ လက္ခဏာတစ်ခုဖြစ်တယ် လို့ Blazakis က ပြောပါတယ်။ ပူတင်ရဲ့ ယူကရိန်းကျူးကျော်မှုက ရုရှားပြည်တွင်းမှာ ဆန္ဒပြမှုတချို့ ဖြစ်စေခဲ့ပြီး ထောင်ပေါင်းများစွာသောလူများ အဖမ်းခံခဲ့ရပါတယ်။ ကြေးစားတပ်သားများကို အသုံးပြုခြင်းဖြင့် ခရင်မလင် အတွက် 'ရုရှားစစ်သားကျဆုံးမှု' အရေအတွက်ကို လျော့ချနိုင်မှာ ဖြစ်ကြောင်း၊ ဘာလို့လဲဆိုတော့ ကြေးစားစစ်သားတွေကို ခုတုံးအဖြစ် အသုံးပြုနေတာဖြစ်ကြောင်း Blazakis က ထပ်ပြီးပြောခဲ့ပါတယ်။ 

မော်စကိုကတော့ ကြေးစားစစ်သားအုပ်စုနဲ့ အဆက်အသွယ်ရှိတာကို အမြဲတမ်းငြင်းဆိုခဲ့ပါတယ်။

Mol'kino မှာ အခြေစိုက်ထားတဲ့ ရုရှားစစ်တပ်စခန်းမှ ပူတင်နဲ့ရုရှားအရာရှိတွေ ပြောခဲ့သလို "ယူကရိန်း အထူးစစ်ဆင်ရေးကိစ္စ" မှာ နောက်ထပ်တပ်သားများ စုဆောင်းမှုရှိခဲ့သလား လို့ ဘီဘီစီမှ ရုရှားကာကွယ်ရေးဌာနကို မေးမြန်းခဲ့ရာမှာ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ကြောင်း။ ။

(BBC - Mar 12, 2022 - War in Ukraine: How Russia is recruiting mercenaries)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar