ကိုအောင်မှိုင်း - ကျနော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - အပိုင်း (၁၁)
ကိုအောင်မှိုင်း - ကျနော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - အပိုင်း (၁၁)
နွေဦးတော်လှန်ရေးရောက်ရှိရာ အဆင့်သတ်မှတ်ခြင်း
အခန်း - ၂
လူထုဟာ ညရှစ်နာရီထိုးတိုင်း သံပုံးတွေတီးပြီး
စစ်ဝါဒကို အန်တုခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ဂျပန်နိုင်ငံရောက်
မြန်မာနိုင်ငံသားတွေက UN ရုံးရှေ့ သွားပြီး
စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ဆန္ဒပြကြပါတယ်။
ဒီဆန္ဒပြမှုကနေ နောက်ရက်တွေမှာတော့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေဟာ
ကိုယ် ရောက်တဲ့နိုင်ငံတွေမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ အမေရိကန်နိုင်ငံအထိ
ရောက်သွားခဲ့သလို ဆရာဝန်ကြီးတွေ ဆရာဝန်မကြီးတွေရဲ့ CDM လှုပ်ရှားမှုကလည်း ဌာနဆိုင်ရာ အများအပြားအပေါ် သက်ရောက်ကူးစက်သွားခဲ့တယ်လို့
ပြောရတော့မှာပါ။ မြန်မာပြည်သူလူထုက မြန်မာပြည်မြေပုံကို စုတ်တံကိုယ်စီကိုင်ပြီး
အရောင်စုံခြယ်လိုက်ကြတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အသားမည်းမည်း
အညာသားရုပ်နဲ့ လူတယောက်က အော်ကျယ်ကိုင်ပြီး လူ ၃၀ လောက်နဲ့ မန္တလေးမြို့က
လမ်းမကြီးတွေပေါ်မှာ စတင်တိုက်ပွဲဝင်ခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲရဲ့
ကနဦးခြေလှမ်းလို့ ပြောရမယ် ထင်ပါတယ်။
သူကတော့ ဒေါက်တာတေဇာစန်း ဆိုတဲ့ နွေဦးတော်လှန်ရေးရဲ့
သူရဲကောင်းတဦးပါပဲ။ ကျနော် မြင်တာကတော့ သူ ကိုင်ထားတဲ့ မိုက်ခွက်ကို လေးနဲ့မြားတွေအဖြစ်
မြင်ခဲ့တာပါ။ တိုက်ပွဲဝင်စစ်သည်တဦးဟာ လေးနဲ့မြားကို ထမ်းရင်း ရန်သူရဲ့
နှလုံးသားကို ချိန်ရွယ်ပြီး မြားတံတွေ တစင်းပြီး တစင်း ပစ်လွှတ်နေတယ်လို့
ခံစားမိပါတယ်။ ဒီအညာသား တော်တော်သတ္တိကောင်းတယ်။ ခုထိလည်း နွေဦးမှာ ရှေ့ဆုံးကသူတွေထဲက
တယောက်ပေါ့။
ဖေဖော်ဝါရီလ ၆ရက်နေ့မှာတော့ မအိသင်ဇာမောင် ဆိုတဲ့
အမျိုးသမီးလေးနဲ့အဖွဲ့ အပါအဝင် ရန်ကုန် လမ်းမကြီးတွေမှာ နွေဦးတော်လှန်ရေးရဲ့ အလံကိုင်တွေကို
စတင်တွေ့လာရပါတော့တယ်။ နောက်ရက်တွေမှာတော့ အလံကိုင်တွေနဲ့အတူ မြန်မာပြည်သူတရပ်လုံး
လမ်းမကြီးတွေပေါ်ကို ချဉ်းနင်းဝင်ရောက်လို့ လွတ်မြောက်ရေးတေးတွေကိုယ်စီ သီဆိုနေကြပါပြီ။
လူတန်းစားမရွေး၊ လူမျိုးဘာသာမရွေး၊ အသက်ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး လက်သုံးချောင်းဟာ
အားလုံးကို တန်းညှိပေးလိုက်သလို အဲဒီလို တန်းညှိပေးလိုက်တာကိုလည်း အားလုံးက ကျေကျေနပ်နပ်
လက်ခံလိုက်တာပါပဲ။ နွေဦးတော်လှန်ရေးမှာ ရန်သူအာဏာရမ္မက်ကို ပြတ်ပြတ်သားသား ရိုက်ချိုးလိုက်တဲ့
မောင်းခလုတ်ကတော့ CDM ဆိုတဲ့ လူထုရဲ့ မနာခံရေး လှုပ်ရှားမှုကြီးလို့
ပြောရမယ် ထင်ပါတယ်။
ဒီနေရာမှာ ဆရာကြီးဇော်ဝေစိုးကတော့ CDM မင်းသားကြီးတလက်ပေါ့။
သူတို့ ဦးဆောင်မှုအောက်မှာ ဆရာဝန်တွေ၊ ကျောင်းဆရာတွေ၊ အင်ဂျင်နီယာတွေ၊ မီးရထားလုပ်ငန်းဝန်ထမ်းတွေ
အပါအဝင် သိန်းချီတဲ့ဝန်ထမ်းတွေ၊ အလုပ်သမားတွေလည်း အလုပ်ရုံ၊ စက်ရုံ၊ ဆေးရုံ၊ စာသင်ခန်းတွေက
လမ်းမတွေပေါ် ရောက်လာကြတော့တာပါ။
ဒါတွေက ဘာကိုဖော်ပြနေသလဲဆိုရင် တူညီတဲ့ အတွေးအခေါ်တရပ်ကို
အခိုင်အမာစုစည်းမိပြီဆို ရင် ဒီအတွေးအခေါ် စုစည်းမှုကနေ
အင်အားရှိတဲ့ရုပ်ဝထ္ထုကြီးကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ သဘော တရား မှန်ကန်ကြောင်း သက်သေပြလိုက်တာလို့
ကျနော်တော့ ဆိုချင်ပါတယ်။
မြန်မာနိုင်ငံတဝန်း လှည်းနေလှေအောင်း
မြင်းဇောင်းမကျန် လမ်းမတွေပေါ်မှာ
လက်သုံးချောင်း ထောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဖက်ဒရယ်ဒီမိုကရေစီရေး တောင်းဆိုမှုတွေဟာ
ရင်သပ်ရှု မောဖြစ်ခဲ့ရသလို မြန်မာနိုင်ငံသမိုင်းအတွက် စုစည်းညီညွတ်မှုရဲ့ ပြယုဂ်အဖြစ်
မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။ ပြောရမယ်ဆိုရင် အာဏာသိမ်းကာစကလို ၇၂ နာရီဂျင်းတွေ၊ UN ဂျင်းတွေ၊
ဆန္ဒပြရင်ပဲ ကိုယ်တရားခံဖြစ်ရတော့မလို ဂျင်းတွေကို ကျော်လွှားကြပြီး တိုက်ပွဲလမ်းစဥ်ပေါ် မှန်မှန်ကန်ကန် တက်လှမ်းနိုင်ခဲ့ကြတာကတော့
တနိုင်ငံလုံးရဲ့ ညီညွတ်စွာ တိုက်ပွဲဝင်မှုလို့ပဲ ကောက်ချက်ဆွဲကြရမယ် ထင်ပါတယ်။
သေချာတာကတော့
စစ်တပ်က အာဏာသိမ်းချင်လို့ သိမ်းတာဆိုတာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါတယ်။ မဲမသမာမှု
ဆိုတာကို တွင်တွင်ပြောပြီး စစ်အာဏာသိမ်းမှုကို ခိုင်မာအောင် တခုပြီးတခု လုပ်ခဲ့တာကတော့
အထင်အရှားပါပဲ။ တတိယနေ့မှာတော့ ည ၈ နာရီနောက်ပိုင်းမှာ သတင်းတွေ ထုတ်ပြန် ကြေညာချက်တွေ
အမိန့်တွေ တန်းစီထွက်လာပါတော့တယ်။ နစက ကို ၁၁ ဦးနဲ့ဖွဲ့တဲ့အကြောင်း ပြည်နယ်၊ တိုင်းတွေမှာလည်း
နစက အသီးသီးဖွဲ့တဲ့အကြာင်းနဲ့ ဒုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် အသစ်လဲတာ၊
ရွေးကော်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေစာရင်းတွေ ထွက်လာပါတော့တယ်။
မင်းအောင်လှိုင်ဟာ
ဒီကိစ္စကြီးတခုလုံးကို ရုတ်တရက်လုပ်ခဲ့တာမဟုတ်ဘဲ အသေအချာ ကြိုတင်ပြင်ဆင်
လုပ်ခဲ့တာသာ ဖြစ်ကြောင်းကတော့ သိသိသာသာ ခိုင်ခိုင်လုံလုံ ဖြစ်လာပါတယ်။
စစ်တပ်က အခုလို
အမိန့်တွေတခုပြီးတခု ထုတ်သလိုပဲ၊ လူထုကလည်း ဖေ့ဘွတ်ကြီးတခုလုံး အနီရောင်
ပရိုဖိုင်းတွေ၊ အနက်ရောင်ပရိုဖိုင်းတွေ၊ Civil Disobedience လှုပ်ရှားမှုတွေ၊
သံပုံးတီးတာတွေ၊ ဖယောင်းတိုင်ထွန်းတာတွေနဲ့ ပြန်လည်ခုခံခဲ့ကြတာ တွေ့ရပါတယ်။
ကိုမင်းကိုနိုင်နဲ့
ကိုဂျင်မီတို့ ၈၈ မျိုးဆက်တွေကတော့ အကြမ်းမဖက် အန်တုဖို့ တိုက်တွန်းတာ
သတိထားမိပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာပြည်စစ်အာဏာသိမ်းမှုကို
ဆန့်ကျင်ဖို့ကိစ္စက တရုတ်နဲ့ ရုရှားတို့ရဲ့
ကန့်ကွက်မှုနဲ့ပဲ စိုးရိမ်သောကရောက်စွာ လမ်းဆုံးသွားခဲ့ပါတယ်။ ဗမာပြည်မှာ UN တို့၊ R2P တို့ ဆိုတာတွေလည်း အသံနည်းနည်း တိတ်သွားတော့တာပါပဲ။
သန်းနဲ့ချီတဲ့လူထုကြီးကတော့—
၁။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ
နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေး
၂။ ဒီမိုကရေစီရေး
၃။ ဖက်ဒရယ်အရေး
၄။ ၂၀၀၈
ခြေဥဖျက်သိမ်းရေး
၅။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး
ဆိုတဲ့ ကြွေးကြော်သံတွေကို ကိုင်စွဲ တိုက်ပွဲဝင်ကြတော့တာပါပဲ။
ဖေဖော်ဝါရီလ
၈ရက်မှာ မင်းအောင်လှိုင်က တိုင်းပြည်ကို မိန့်ခွန်းပြောတာ တွေ့ရပါတယ်။
မင်းအောင်လှိုင်ဟာ အဲဒီကတည်းက တိုင်းပြည်ကို စလိမ်ခဲ့တာလို့ ပြောရမယ် ထင်ပါတယ်။ သူ ပြောတာရဲ့အဓိက က အာဏာထိန်းတာဖြစ်ကြောင်း စကစထဲမှာ အရပ်သား ချေးထုပ် ၃ ယောက် ထည့်ထားကြောင်း ဝန်ကြီးတွေထဲမှာလည်း အရပ်သားတွေထည့်ထားကြောင်း၊ မဲစာရင်းစစ်ဆေးပြီး ရွေးကောက်ပွဲ ပြန်လုပ်မှာဖြစ်ကြောင်း ဆန့်ကျင်ဆန္ဒပြသူတွေကို တုံ့ပြန်အရေးယူသွားမှာ ဖြစ်ကြောင်းတွေကို ရှင်းပြသွားခဲ့ပါတယ်။
လူထုကတော့ ရှင်းရှင်းလင်းလင်းရှိပါတယ်။
သူ လိမ်တာကို သံပုံးတီး ပယ်ချလိုက်ကြတာကတော့ လူထုရဲ့ သန္နိဋ္ဌာန်ကို မျက်ဝါးထင်ထင်မြင်လိုက်ကြရတာပဲ
ဖြစ်ပါတယ်။ NLD ပါတီ ခေါင်းဆောင်တွေ၊ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ၊ ကျောင်းသားသမဂ္ဂက ရဲဘော်ကျောင်းသားတွေ (အထူးသဖြင့်ကတော့ GZ လို့ ခေါ်တဲ့ မျိုးဆက်သစ်လူငယ်တွေ) စတဲ့ သူတွေဟာ အမြို့မြို့ အနယ်နယ်မှာ သန်းချီတဲ့ အင်အားစုကြီးအဖြစ် လမ်းမကြီးတွေပေါ်မှာ စုစည်းညီညွတ်စွာ ငြိမ်းချမ်းစွာ စည်းကမ်းရှိစွာ ခိုင်မာတဲ့သံမဏိ စိတ်ဓာတ်တွေနဲ့ ဆန္ဒထုတ်ဖော်ကြပါတော့တယ်။
ကိုအောင်မှိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar