Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၁၃ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၁၃ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) မတ် ၁၄၊ ၂၀၂၂

◾️စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲအရှိန်မြင့်လာတဲ့ကယားပြည်နယ်၊ ဒုတိယတိုက်ပွဲများလာမယ့် ကရင်ပြည်နယ်နဲ့၊ မြေလှန်ချေမှုန်းမှုတွေလုပ်နေတဲ့ စစ်ကိုင်းတိုင်း

ကယားပြည်နယ် ဒီးမော့ဆိုအနီးက ဒေါငံခါးကျေးရွာတဝိုက်မှာ ခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန်ကူပြီး တိုက်ခိုက်နေတာကြောင့် မတ်လ ၁၂ ရက်နေ့မှာ ဒေါငံခါးကျေးရွာကို ကယားကာကွယ်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာပေးလိုက်ရတယ်လို့ သတင်းတွေထဲပါရှိပါတယ်။ ဒေါငံခါးက လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပေါက်ကွဲပြီး ဖုန်အလိပ်လိုက်ထနေတဲ့ အဆောက်အဦပုံ သတင်းဓါတ်ပုံတွေ သတင်းမီဒီယာတွေမှာ ဖေါ်ပြထားကြတာတွေ့ရပြီး လူဦးရေ ထူထပ်မှု သိပ်မများတဲ့ကယားပြည်နယ်၊ ခရစ်ယာန်ဘာသာဝင် အများစုရှိကြတဲ့ ကယားပြည်နယ်၊ ပီဒီအက်ဖ် လှုပ်ရှားမှုမှာ တပြိုင်နက်ထဲ စတင်ခဲ့ကြတဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်၊ စတဲ့ ဝိသေသတွေနဲ့ ကယားပြည်နယ်ကို စစ်ကောင်စီက အင်အားအများအပြားသုံးပြီး နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်နေရာမှာ ၃ သိန်းသာ ရှိတဲ့ ကယားပြည်နယ်လူဦးရေမှာ စစ်ဘေးတိမ်းရှောင်ရသူက သိန်းနဲ့ချီရှိနေတာတွေဟာ တွေးကြည့်ရင် စိတ်မကောင်းစရာ နာကျည်းစရာတွေချည်း ဖြစ်နေရတဲ့ သဘောဖြစ်နေပါတယ်။ 

မနှစ် ဧပြီ၊ မေလဝန်းကျင်က မိုးဗြဲ၊ ဒီးမော့ဆို၊ ဖယ်ခုံတို့ကနေ စတင်ခဲ့တဲ့ ကယားကာကွယ်ရေးတပ်ဖွဲ့တွေ ကေအန်ပီပီနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေမှာ နေအိမ်များစွာ ပျက်စီးခဲ့သလို ဘုရားကျောင်းများစွာလည်း ပျက်စီးခဲ့ပြီးဖြစ်ပါတယ်။ လူအသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ကြပြီး ရက်စက်မှု၊ သတ်ဖြတ်မှု ဖျက်ဆီးမှုတွေလည်း အများအပြားကြုံခဲ့ကြရတာပါ။ ဖရူဆိုမြို့နယ်ထဲက မိုဆူရွာအနီး သတ်ဖြတ်ခံရတဲ့အဖြစ်အပျက်ဆိုရင် ခရစ်ယာန်ဘာသာဝင်အများစု ဖြစ်တဲ့ ကယားပြည်နယ်က တိုင်းရင်းသားတွေရဲ့ ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ ခရစ်စမတ်နေ့မတိုင်ခင်မှာ တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်သူတွေကို စစ်ကောင်စီတပ်တွေက သတ်ဖြတ်မီးရှို့ခဲ့တဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။ 

ကယားပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ကရင်ပြည်နယ်မှာလည်း တပ်မဟာ (၅)၊ တပ်မဟာ (၆)နဲ့ တပ်မဟာ (၇) ဧရိယာတွေမှာ ထိတွေ့မှုနဲ့ တိုက်ပွဲတွေ နေ့စဥ်လိုလိုဖြစ်နေတဲ့ သတင်းတွေကြားသိနေရပါတယ်။ 

လေးကေ့ကော်ဒေသမှာလည်း ခုထက်ပိုပြီး တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်ချေရှိနေသလို ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြဝတီ ကော့ကရိတ်ကားလမ်းမှာ ပစ်ခတ်မှုတွေနဲ့ တံတားတစိတ်တပိုင်း ပျက်စီးတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပါတယ်။ 

ကေအန်ယူအနေနဲ့ မြဝတီ-ကော့ကရိတ်ကားလမ်းဟာ စစ်ကောင်စီအနေနဲ့ စစ်ရေးအရ သယ်ယူပို့ဆောင်ရေးအတွက် အသုံးချနေတဲ့ လမ်းမကြီးဖြစ်လို့ ကားလမ်းကို စစ်ကောင်စီအနေနဲ့ မသုံးစွဲနိုင်အောင် လုပ်ဆောင်မှုတွေလည်း ရှိလာနိုင်ပါတယ်။ 

လေးကေ့ကော် ဒေသ၊ တပ်မဟာ (၅) ရဲ့ ဖာပွန်ခရိုင်တို့လိုမှာ တိုက်ပွဲတွေ ခုထက်ပိုပြင်းထန်လာနိုင်ခြေရှိနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီက တဖက်မှာ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေး နှစ်လို့ဆိုပေမယ့် တကယ်တန်းမှာတော့ တိုက်ပွဲတွေ ထိုးစစ်တွေ နယ်မြေစိုးမိုးဖို့ အင်အားသုံးတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်နေသလို လေကြောင်းကနေ တိုက်ခိုက်တာတွေကိုလည်း အရင့်အရင် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတဲ့ အကြိမ်ရေအားဖြင့်သော်လည်းကောင်း ဒေသအားဖြင့်သော်လည်းကောင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မဟုတ်တဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင်တို့လိုက မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေကိုတောင် လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ လုပ်နေတာဟာ သမိုင်းမှာ အရုပ်ဆိုးအကျည်းတန် စရာတွေဖြစ်ပါတယ်။ 

အဆိုပါ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ် တို့မှာ ဖြစ်ပျက်နေတဲ့ နေ့စဥ်ဖြစ်ရပ်တွေဖြစ်တဲ့ ကျေးရွာမီးရှို့မှု၊ သတ်ဖြတ်မှု ပိုင်ဆိုင်မှုတွေ ယူဆောင်သွားတာတွေက အများစုဖြစ်ပြီး ဖမ်းဆီးတာမျိုး တရားဥပဒေနဲ့ ရုံးတင်စစ်ဆေးတာမျိုးကို လုပ်ဆောင်တာမရှိသလောက် နည်းပါးလှတာလည်း သတိပြုမိပါတယ်။ 

လက်နက်ကိုင် တွန်းလှန်မှု ခုခံမှုကို တရားဥပဒေနဲ့ ဖြေရှင်းတာထက် မြေပြင်မှာပဲ အကုန်လက်စသတ် ညှင်းဆဲ သတ်ဖြတ်တဲ့နည်းကို ဗျူဟာတရပ်အဖြစ် အသုံးပြုနေတာထင်ရှားနေပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar