မျိုးသန့်ထွန်း(စစ်ကိုင်း) - ဦးနု စာစုစာရင်းနဲ့ ကျနော် ( ၁ )
(မိုးမခ) မတ် ၁၊ ၂၀၂၂
ဦးနု (၁၉၀၇-၁၉၉၅)ဟာ ကမ္ဘာအသိ၊ မြန်မာအသိ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သလို စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တချိန်တည်း၊ တနေရာတည်း "သခင်" ဖြစ်ခဲ့သူပါ။ မြန်မာ့နိုင်ငံရေးမှာ နိုင်ရေးသမားများက "ကိုကြီးနု" လို့ ခင်မင်လေးစားခေါ်ကြားခြင်း ခံခဲ့ရပါတယ်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယုံကြည်အားကိုးမှု အရှိဆုံးသူလည်း ဖြစ်နေပါတယ်။ နိုင်ငံလွတ်လပ်ရေးရပြီးရင်း "စာရေးဆရာ"လုပ်မယ်။ ဗိုလ်ချုပ်နဲ့ ဝါသနာအတူ ခံယူချက်လည်း တူပါတယ်။ "သခင်နု"အမည်ဖြင့် နိုင်ငံရေးစာအုပ်များစွာ ရေးသားခဲ့တဲ့သူ ဖြစ်ပါတယ်။
"လူပေါ်လူဇော်လုပ်နည်း (၂ တွဲ နဂါးနီထုတ် ၁၉၃၈-၃၉)"၊ နောက်တော့ "မိတ္တဗလဋီကာ "၊ "ဂန္ဓာလရာဇ်(၁၉၄၀)"၊ "အာဇာနည်(၁၉၅၃) "၊ "ငါးနှစ်ရာသီဗမာပြည်(၁၉၄၆၊မြန်မာ့အလင်းသတင်းစာတိုက်) "၊ "လူထုအောင်သံပြဇာတ်(၁၉၅၀) " စတဲ့စာအုပ်တွေ ဆိုလိုက်ရင် " ဦးနု "လို့ လူတိုင်း တန်းသိကြပါတယ်။ ဒီနေရာမှာ ဦးနု ရေးသွားတဲ့စာအုပ်တွေပတ်သက်လို့ ဆရာဦးအောင်သင်း ပြောပြပုံကို ဖောက်သည်ချချင်ပါတယ်။
သွားလေသူစာရေးဆရာဦး အောင်သင်းကို ၁၉၉၈-၉၉ လောက်မှာ ကျွန်တော်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက်တခါ မှတ်မှတ်ရရ ဆရာမြသန်းတင့်ရဲ့သား ကိုဖိုးလပြည့်နှင့် မတင်ညိုသက် တို့မင်္ဂလာပွဲမှာ ဆရာနဲ့ တွေ့ခဲ့ပါတယ်။တစားပွဲဝိုင်းထိုင်ပြီး ဆရာက အားမာန်အပြည့်နဲ့ လက်သီးလက်မောင်းတန်း ပြောတာ မြင်ယောင်နေမိပါတယ်။
ဆရာဦးအောင်သင်းက စာရေးသူကို မေးတယ်။ ဦးနုကို ဘယ်လိုလူစားလို့ ထင်ပါလဲတဲ့။ ပြန်ဖြေတယ်၊ ဟာ ဆရာကလဲ..ဦးနုဟာ ဝန်ကြီးချုပ်ပဲလေ! ပြန်ပြောလိုက်ပါတယ်။ အဲဒီမှာ ဆရာက မင်းကွာ! ဝန်ကြီးချုပ်ကို ဘေးခဏ ချထားလိုက်ပါ ! ရေးသွားတဲ့စာတွေ စာအုပ်တွေကို ပြန်ကြည့်လိုက်ရင်း ဒို့ဗမာပြည်အတွက် လူငယ်တိုင်း လူတိုင်းအတွက် စွန့်ပစ်ရမယ်စာတွေ တစ်ခုမှ မပါဘူး။ လက်ကိုင်ထားရမယ့်စာ အင်မတန်အကျိုး များတဲ့ စာတွေလေ။ ပြန်ကြည့်လိုက်စမ်း " မိတ္တဗလဋီကာ"တို့၊ "အာဇာနည်"တို့၊ "ရက်စက်ပါ့ပေ့ကွယ်"တို့၊ "ငရဲဆိုချိုနဲ့လား".."ကာမတဏှာ" ဘယ်လောက်ကောင်းလိုက်တဲ့ စာအုပ်ကောင်းတွေလဲ။ လက်လွှတ်စရာ တစ်အုပ်မှမပါဘူး။ မင်းတို့လူငယ်တွေမက ငါတို့လိုလူကြီးတွေ အလေးအထား ဖတ်သင့်စာအုပ်တွေလို့ ညွှန်းချင်ပါတယ်။ဆရာ လုပ်တာ မဟုတ်ဘူးနော်တဲ့!
"တခါတည်း ပြောလိုက်ရအုံးမယ်၊ မင်းသိမှာပေါ့။ "လူထုအောင်သံပြဇာတ်(၁၉၅၀) " စာအုပ်တို့၊ "အာဇာနည်"တို့ စတဲ့ စာအုပ်တွေတောင် ကျောင်းသုံးပြဋ္ဌာန်းဖူးတယ်။ ရုပ်ရှင်လည်း ရိုက်သေးတယ်လေ။ ဗမာပြည်က ကွန်မြူနစ်တွေကို အဲဒီစာအုပ်တအုပ်တည်းနဲ့ တိုက်ခဲ့တာ၊ ဖင်ထိုင်ကျမတတ်ဘဲ! ပြဇာတ်ရေး ကောင်းတဲ့ ဦးနု လေ၊ ဦးနုကို ဗမာပြည်ရဲ့ ဘားနပ်ရှော ပြောသံ ကြားဖူးတယ်။ ငါ မပြောချင်ဘဲ ပြောလိုက်ရအုံးမယ်။ ဦးနု ဟာ အင်ဂလန်(England) မှာ လူဖြစ်ခွင့်ရခဲ့ရင် ရှိတ်စပီယားတို့နဲ့မခြား ပြဇာတ်ရေးဆရာ ဖြစ်နေမယ့်လူပါပဲ။ အဲဒီလောက်ထိ သူ့စာကို အမွှန်းတင်ရင်...သဘောပေါက်လိုက်တော့" တဲ့။ သူရေးသွားတဲ့ "ကမ္ဘာနဲ့ သတ္တဝါအစ၊ ယဥ်ကျေးမှုအစ၊ ရုပ်စုံ"သမိုင်းစာအုပ်ဟာ ထိုင်းနိုင်ငံမှာ (၉) တန်း၊ (၁၀)တန်း လား ပြဋ္ဌာန်းဖူးတယ်လို့ကြားဖူးတယ်ကွာ။ ဘယ်လောက်တန်ဖိုးထားကြတုံး စဥ်းစားကြည့်စမ်း!"ဆရာဦးအောင်သင်းဟာ အားကောင်းမောင်းသန်နဲ့ပြောတာ စိတ်ဝင်စားစရာပါပဲ။
ဆရာဦးအောင်သင်းရဲ့ လက်ဟန်ခြေဟန် ပြောတာတွေကို ယနေ့အထိ မျက်စိထဲက ပြေးမထွက်ခဲ့ဘူး။ နောက်တော့ ဆရာနဲ့ ထပ်မတွေ့ဖြစ်တော့ပါ။ တကယ်လို့များ ကျွန်တော်ဟာ " ဦးနုစာစုရင်း"ကို စာကြည့်တိုက်ဒီပလိုမာဘွဲ့ယူစာတမ်းအဖြစ် ပြုစုနေတယ်ဆိုတာ ဆရာဦးအောင်သင်းများ သိခဲ့ရင်း အသည်းလှိုက် အူလှိုက် ဘယ်လောက်ဝမ်းသာလိုက်မယ်ဖြစ်ခြင်း တွေးဆနေမိပါတယ်။
"ဦးနုစာစုစာရင်း"အစက ရန်ကုန်တက္ကသိုလ်ထဲက စာကြည့်တိုက်ပညာသင်တန်းက စတယ်။ ကျွန်တော်ဟာ ပြင်ပကနေ ဝါသနာအရ စာကြည့်တိုက်ဒီပလိုမာသင်တန်းကို ၂၀၁၃-၁၄ လောက်မှာ တက်ဖြစ်ခဲ့တယ်။ ကျနော်တက်တော့ စာကြည့်တိုက်အမှုထမ်းလည်း မဟုတ်၊ စာကြည့်တိုက်မှူးလည်း မဟုတ်ရပါ။ အပြင်ပက ဝါသနာအရ တက်ရောက်တဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဝင်ခွင့်က ဘွဲ့တစ်ခု ရတယ်။ နှုတ်ဖြေ ရေးဖြေ အောင်မှ ဝင်ခွင့်ရမှာနော်။ ဒါမှ စာကြည့်တိုက်ကျောင်းသားဖြစ်ရတယ်။ ကျနော်က အမှတ်ပြည့်ဂုဏ်ထူးနဲ့ ဝင်ခွင့်ရတယ်တဲ့။စာကြည့်တိုက်ပညာဌာနကို ဆရာဇော်ဂျီ၊ ဆရာတိုက်စိုး၊ ဆရာသော်ကောင်းတို့က ၁၉၇၁ ခုမှာ ထူထောင်ခဲ့ကြတယ်။ ကျွန်တော်ဟာ ထိုဆရာကြီးများတို့ရဲ့ စာကြည့်တိုက်ပညာကျောင်းကိုတတ်ခွင့်ရတာ မဟာအခွင့်အရေးကြီးတစ်ခုလို့ ခံယူမိပါတယ်။
ဘာပဲဖြစ်ဖြစ် ထိုပညာသင်ချိန်မှာ ဆရာကြီးများရဲ့တပည့်များက ပို့ချသင်ကြားပေးတာလည်း ပီတီဖြစ်ရပါတယ်။ ကျေးဇူးလည်းကြီးပါပေးတယ်။ မ.ဆ.လ အာဏာရှင်စနစ်အောက်မှာ ဦးနုရဲ့ စာများ ဖျက်ဆီးပစ်ခဲ့တဲ့ ဖြစ်ရပ်တွေများစွာ ရှိခဲ့ဖူးပါတယ်။နောက်မှ သတ်သတ်ရေးပါအုံးမယ်"ဘိုနေဝင်း ဖျက်ဆီးခဲ့တဲ့ဦးနုစာများ"လို့ရေးရန်ရှိပါတယ်။
ထိုအချိန်က အရပ်သားအစိုးရ ဖြစ်တယ်။ ပွင့်လင်းလွတ်လပ်မှု ရှိသယောင်ယောင် ဖြစ်နေချိန်။ စာပေလောကရဲ့ကင်ပေတိုင်အဖွဲ့ ဖြစ်ခဲ့တဲ့ စာပေစိစစ်ရေး"အဖွဲ့အစည်းကလည်း နိဋ္ဌိတံသွားပြီး။ ဒီအတွက်ကြောင့် စာကြည့်တိုက် ဘွဲ့ယူစာတမ်းကို "ဦးနုစာစုစာရင်း" ပြုစုခွင့်ရခဲ့တာ ဖြစ်ပါတယ်။ မ.ဆ.လ အစိုးရလက်ထက်မှာ ဦးနု စာစုကို လုပ်လို့မရပါဘူး။ စာကြည့်တိုက်ဌာနက အကြိမ်ကြိမ် ကြိုးစားဖူးတယ်တဲ့။ ဒါပေမဲ့ မရခဲ့ပါဘူး။ ဦးနု စာတွေမှာ "ရက်စက်ပါပေ့ကွယ်"မှာ ဦးနုကို ငွေမှင်သုတ်လိမ်းထားတာ တွေ့မိပါတယ်။ဟာ ဖြစ်မှဖြစ်ရပလေ။ ဦးနုရဲ့ စာအထဲမှာ နိုင်ငံရေးပါရင် ငွေမှင်သုတ်လိုသုတ်။ ဗမာပြည်မှာ"စာမတတ်သူပပျောက်ရေး"ကို ဆုပေးတာ ယုံရခက်ခက်ပါ။ နောင်အခါ စာပေသမားများအနေနဲ့ဘုရားမှာ "စာပေစိစစ် ပပျောက်စေသား"လို့ ဆုတောင်းမိပါတယ်။
နောက်ပိုင်းမှာ"ဦးနုစာစု" ရှာတော်ပုံတို့ကို ရေးချင်ပါ့သေးတယ်။ "ဦးနုစာစုစာရင်းနဲ့ ကျနော်"ပါတဲ့ ခေါင်းစဉ်ပေးလို့ အတ္တဆန်မိတာရယ် အပိုင်းလိုက်ရေးဖို့ ကြုံလာတာရယ်။ ဒီအတွက်ကြောင့် ခွင့်လွှတ်ပါရန်။
မျိုးသန့်ထွန်း(စစ်ကိုင်း)(၁-၃-၂၀၂၂)