Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၈ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၈ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) မတ် ၁၊ ၂၀၂၂

◾️ စစ်ရှိန်မြင့်လာတဲ့ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တောင်ပိုင်း 
ဖေဖေါ်ဝါရီ ၂၈ ရက်နေ့သတင်းတွေကိုဖတ်ရှုကြည့်တဲ့အခါ ယင်းမာပင် မြို့နယ်ထဲက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ချင်းပုန်းရွာမှာ တပ်တွေထွက်သွားပြီးနောက် ရွာသား ၁၃ ဦးရဲ့အလောင်းတွေ တွေ့ရှိရတယ်ဆိုတဲ့ သတင်း၊ ယင်းမာပင်နယ်ထဲမှာပဲ သပြေအေးရွာကို စစ်တပ်ကလေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သတင်း၊ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) မှာ ၄ ရက်ကြာကြားနာခဲ့တဲ့ မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်အမှုဒီနေ့မှာ တဖြတ်ပြီးဆုံးသွားပြီး နှစ်ဖက်လျှောက်လှဲချက်ပေးခဲ့တဲ့ သတင်း၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အဂတိအမှု တမှုဖြစ်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ လာဘ်ပေးခဲ့တဲ့အမှုကို စွဲချက် တင်လိုက်တယ်ဆိုတဲ့ သတင်း၊ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းကျေးရွာမှာ စစ်ကောင်စီတပ်တွေဝင်ပြီး နေအိမ်အချို့မီးရှို့ခဲ့တဲ့ သတင်းတွေနဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ စီးပွားရေးကျဆင်းမှုနဲ့ ကိုဗစ်ကူးစက်မှုဒဏ်တွေခံနေရချိန် ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံစျေးမြင့်တက်မှုဂယက်က နကိုကတည်းက အထိနာနေတဲ့ မြန်မာလူထုကို ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်တွေ ထပ်ဆင့်ခံနေရစေတဲ့အကြောင်းတွေ ဖြစ်ပါတယ်။

သတင်းတွေထဲ ထိပ်ဆုံးခေါင်းကြီး သတင်းဖြစ်နေတဲ့ သတင်းတွေကတော့ စစ်ကိုင်းတိုင်းလို ကယားပြည်နယ် ချင်းပြည်နယ်လိုမျိုးက လက်နက်ကိုင်တိုက်ပွဲတွေ ရွာတွေကိုမီးရှို့တာတွေ PDF သံသယနဲ့ ကျေးရွာသားတွေ အသတ်ခံကြရတဲ့သတင်းတွေ ဖြစ်ပါတယ်။ 

နေ့စဉ်လိုလို အလားတူသတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အဖြစ်အပျက်တွေက တဖြည်းဖြည်း အရှိန်ပိုမြင့်လာနေပြီး မီးရှို့မြေလှန်မှုတွေ ပိုပြင်းထန်လာပြီး အသက်ဆုံးရှုံးမှုတွေလည်း ပိုများလာနေတာ တွေ့ရပါတယ်။ ယနေ့သတင်းတွေထဲက သတင်းအချို့ကို ပြောပြရမယ်ဆိုရင် ယင်းမာပင်မြို့နယ်ထဲက ချင်းပုန်းရွာကို ပြီးခဲ့တဲ့ ၃ ရက်ကတည်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး ၂၈ ရက်နေ့မနက်မှာ ပြန်လည်ထွက်ခွာသွားချိန်မှာ သေဆုံးသူ အနည်းဆုံး ၁၃ ဦးရှိတယ်လို့ ကျေးရွာကိုပြန်သွားခဲ့တဲ့သူတွေပြောဆိုချက်အရ သိရပါတယ်။ ကျေးရွာထဲက ကျောင်းမှာ မူကြိုကလေးငယ် ၁၀၀ လောက်ပါ ဝင်စီးခံရစဉ် ၃ ရက်တာ စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး ကျေးရွာသားအချို့လည်း ထိန်းသိမ်းခံခဲ့ရပြီးနောက် ၂၈ ရက်နေ့နံနက်မှာ ပြန်လွတ်မြောက်လာတာလို့ဆိုပါတယ်။

ဟိုနားသည်နားမှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သား အလောင်း ၁၃ လောင်းအထိတွေ့ရှိထားပြီလို့ ဒေသခံတွေက သတင်းဌာနကိုပြောကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက အခုအရေအတွက်လောက် ကျေးရွာဒေသခံတွေ အသက်ဆုံးရှုံးရတဲ့အဖြစ်တွေ ဖြစ်ပျက်ခဲ့ရင် ထူးထူးခြားခြားသတင်းကြီးဖြစ်ခဲ့ပေမယ့် အခုကာလမှာတော့ အခုလို ၁၃ ဦးသေဆုံးရတဲ့အဖြစ်အပျက်မျိုးက မကြာခဏဆိုသလို ဖြစ်ပျက်လာနေတာတွေ့ရပါတယ်။ 

ကယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့သီတင်းပတ် မိုးဗြဲ၊ နန့်မယ်ခုံလို ဒေသတွေမှာ PDF တွေ ဆယ်ဂဏန်းနဲ့ ချီအသက်ဆုံးရှုံးခဲ့ကြတဲ့သတင်းတွေ ဖတ်ရှုခဲ့ကြရမှာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ဒီဇင်ဘာလ ခရစ်စမတ်မတိုင်ခင်တရက် ဖရူဆိုဒေသက မိုဆူကျေးရွာအနီး သတ်ဖြတ်ခံရတဲ့အဖြစ်အပျက်မှာ ကလေးငယ် အမျိုးသမီးအပါအဝင် အရပ်သား ၄၀ ဝန်းကျင် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာ လက်နက်ကိုင်တိုက်ပွဲတွေ ပိုပြင်းထန်လာချိန်မှာတော့ ၁၀ ယောက် ၁၅ ယောက်လောက် သေဆုံးရတဲ့ကိစ္စတွေဟာ ဖြစ်တောင့်ဖြစ်ခဲ အဖြစ်အပျက်တွေမဟုတ်တော့ပဲ ဖြစ်ဖူးတဲ့ဖြစ်ရပ်တွေ ဖြစ်လာနေတာပါ။ 

ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ ၇ ပိသာနဲ့  ဒေါ်လာ ၆ သိန်းပေးခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်အပေါ်မူတည် စွဲဆိုထားတဲ့ အဂတိ လိုက်စားမှုပုဒ်မကို ယနေ့စွဲချက်တင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ခံပြသက်သေမှာ ဦးဖြိုးမင်းသိန်းတို့ လင်မယားကို ပြန်လည်ထည့်သွင်းထားတယ်လို့ သတင်းတွေမှာဖေါ်ပြကြပါတယ်။ 

ဦးဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူတို့က တရားလိုပြသက်သေအဖြစ်နဲ့ တရားရုံးမှာထွက်ဆိုခဲ့ကြပြီးဖြစ်ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်ပါတဲ့ရှေ့နေတွေအနေနဲ့ တရားရုံးမှာ ထပ်မံမေးခွန်းထုတ်ဖို့ ရည်ရွယ်ပြီး ခေါ်ယူဖို့ဆုံးဖြတ်ခဲ့တယ်လို့ ယူဆရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို အခုအမှုအပြင် လရောင်တောခြံကိစ္စ၊ ရဟတ်ယာဉ်ဝယ်ယူမှုကိစ္စတွေနဲ့လည်း အဂတိလိုက်စားမှုဆိုင်ရာပုဒ်မတွေနဲ့ စွဲဆိုထားတာလည်း ဖြစ်ပါတယ်။ 

နောက်သတင်းတပုဒ်ကတော့ မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံးမှာ ၂၀၁၉ က လျှောက်ထားခဲ့တဲ့ အမှုကို ဒုတိယအကျော့ တရားရုံးကြားနာမှု ယနေ့ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ၄ ရက်ကြာ တရားရုံးကြားနာမှုအတွင်း မြန်မာနဲ့ ဂမ်ဘီယာနိုင်ငံတို့ကို ၂ လှည့်စီ လျှောက်လှဲခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ 

သိပြီးဖြစ်တဲ့အတိုင်း မြန်မာဘက်ကတော့ စစ်ကောင်စီခန့်အပ်တာဝန်ပေးတဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ဝန်ကြီးနဲ့ တရားရေးဝန်ကြီး ၂ ဦးနဲ့ ငှားရမ်းထားတဲ့ နိုင်ငံတကာရှေ့နေ ၂ ဦးတို့ လျှောက်လှဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုအမှုကိစ္စတွေရဲ့ သဘာဝအရ နှစ်နဲ့ချီကြာမြင့်တာမို့ စတင်လျှောက်ထားစဉ်က စတွက်ချက်ရင် ၂ နှစ်ကျော်ကာလအတွင်း ကိုယ်တိုင်ကြားနာမှု ၂ ကြိမ်သာ လုပ်ဆောင်ရသေးပြီး နောက်ထပ်အနည်းဆုံး နှစ်အနည်း ငယ်ကြာမြင့်မယ်လို့ မှန်းဆရပါတယ်။ ဒီကာလတွေအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေလည်း ဖြစ်ပေါ်နိုင်ခြေ အများကြီးရှိနေတာဖြစ်ပါတယ်။ 

ဒီနေ့သတင်းတွေအထဲ အခြားသောသတင်းတပုဒ်ကတော့ ကမ္ဘာမှာလည်း စစ်ရေးပဋိပက္ခတွေရဲ့ ဂယက်၊  စီးပွားရေးပိတ်ဆို့မှု ဒဏ်ခတ်မှုတွေဂယက်ကြောင့် ရေနံစျေး မကြုံဖူးအောင် မြင့်တက်လာနေချိန်မှာ ၈ နှစ်အတွင်း ကမ္ဘာ့ရေနံစျေး အမြင့်ဆုံးရောက်ချိန် မြန်မာ့ကျပ်ငွေတန်ဖိုးက စစ်အာဏာသိမ်းမှုကြောင့် ကျဆင်းနေတာကြောင့် မြန်မာနိုင်ငံက ရေနံစျေးမြင့်တက်မှုကို ၂ ဆခံရတယ်လို့ ဆိုနိုင်ပါတယ်။ တလီတာ ကျပ် ၂ထောင်နီးပါးနဲ့ တဂါလံကို ကျပ် ၉ ထောင်ဝန်းကျင် ရောက်ရှိလာတဲ့နောက် ကုန်ပစ္စည်းပို့ဆောင်မှုတွေ အပေါ် သက်ရောက်ပြီး စိုက်ပျိုးရေးထွက်ကုန်တွေ၊ မွေးမြူရေးထွက်ကုန် ခရီးသွားလာစရိတ်တွေ မကြုံဖူးလောက်အောင် မြင့်တက်လာနေတာ ဖြစ်ပါတယ်။ 

ကိုဗစ်ကန့်သတ်မှုတွေ နယ်စပ်ကုန်သွယ်ရေးပိတ်ထားတာတွေရဲ့ ဂယက်ကြောင့် နကိုကတည်းက ချိနဲ့နေတဲ့ စီးပွားရေး စစ်အာဏာသိမ်းအပြီး ပိုမိုဆိုးရွားတဲ့ သက်ရောက်မှုတွေအပြင် အခုတခါ ကမ္ဘာ့ရေနံစျေး ကြီးမြင့်မှုဂယက်ကိုပါ ထပ်ဆင့်ခံစားကြရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာ စားဝတ်နေရေးကြပ်တည်းမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီး စစ်ရေးပဋိပက္ခကြောင့်လည်း အလုပ်အကိုင်အခွင့်အလမ်း ထိခိုက်ကာ ဝင်ငွေမရှိတဲ့အခြေအနေတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့က ခန့်မှန်းချက်တွေကိုကြည့်ရင်လည်း လူဦးရေထက်ဝက်လောက်က ဆင်းရဲမွဲတေမှု မျဉ်းရဲ့ အောက်ကိုရောက်ရှိလာမှာဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ ၁၄ သန်းအတွက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ကြုံရနိုင်တဲ့ စီးပွားရေးကြပ်တည်းမှုဒဏ် အငတ်ဘေး၊ လူသားချင်းစာနာမှု အကူအညီတွေ အချိန်မှီရရှိနိုင်ပါ့မလားဆိုတာတော့ အခုနေမှာ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ဆိုရပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar