မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ မြောက်နေ့မြင်ကွင်း
စစ်ရေး၊ နိုင်ငံရေးနဲ့ စည်းရုံးရေးဗျူဟာများနဲ့ လိုက်ပါရမယ့် လူထု
လက်နက်ကိုင်တိုက်ပွဲတပွဲမှာ စစ်ရေးက အဓိကအကျဆုံးဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲနိုင်ဖို့ရာမှာ တပ်ဖွဲ့အင်အား၊ လက်နက်အင်အား၊ နည်းပညာ၊ စစ်ရေးပစ္စည်းအားသာချက်၊ တိုက်ပွဲအတွက်ထောက်ပံ့မှု အကူအညီစတာတွေက အဓိကကျပါလိမ့်မယ်။ ဒီအချက်အလက်တွေက စစ်ပွဲကို ရင်ဆိုင် တိုက်ခိုက်ကြရတဲ့ စစ်ရေးအရဦးဆောင်သူတွေ လေ့လာမှုအရ၊ လေ့ကျင့်မှုအရ၊ လက်တွေ့အတွေ့အကြုံရဲ့ သင်ခန်းစာအရ လေ့လာသင်ယူကြရတာဖြစ်ပါလိမ့်မယ်။
လက်ရှိမြန်မာနိုင်ငံက နွေဦးတော်လှန်ရေးလို့ ခေါ်ဆိုကြတဲ့ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး၊ ဖက်ဒရယ်စနစ်ထူထောင်ရေးကို ဦးတည်ချက်ထား တိုက်ခိုက်နေကြတဲ့ တိုက်ပွဲက စစ်ရေးတိုက်ပွဲလည်း အဓိကကျသလို နိုင်ငံရေးနဲ့ စည်းရုံးရေးကလည်း အဓိကကျတာဖြစ်ပါတယ်။ စစ်ရေးတိုက်ပွဲက အားလုံးရဲ့ အဆုံးအဖြတ်ဖြစ်တယ်လို့ယူဆခြင်း၊ အာဏာဟာ သေနတ်ပြောင်းဝက ထွက်တယ်ဆိုတဲ့ မော်စီတုန်းရဲ့ သမိုင်းတွင်တဲ့ဆိုရိုးစကားရှိသော်လည်း လက်တွေ့ ဒီမိုကရေစီနိုင်ငံရေး စနစ်နဲ့ တည်ဆောက်မယ်လို့ ရည်ရွယ်ထားတဲ့ အင်အားစုတွေအဖို့ အာဏာဟာ သေနတ်ပြောင်းဝကလာတယ်ဆိုတာကို ပုံသေမှတ်ယူဖို့ မသင့်ဘူးလို့သာ ဆိုချင်ပါတယ်။
လက်နက်ကိုင် အင်အားစုရဲ့ ရပ်တည်ရေးအတွက် သေနတ်နဲ့ ကာကွယ်ကြရ၊ ရင်ဆိုင်တိုက်ခိုက်ကြရတာမှန်သော်လည်း နိုင်ငံရေးစနစ်တရပ် တည်ဆောက်ကြတဲ့အခါမှာ သေနတ်ပြောင်းဝက အာဏာနဲ့အစဉ်အမြဲ အဆုံးအဖြတ်ပေးတာက အာဏာရှင်ဝါဒ၊ စစ်ဝါဒဝဲဂယက်ထဲ ပြန်လည်သက်ဆင်းသွားစေလိမ့်မှာ ဖြစ်ပါတယ်။တပါတီအာဏာရှင်စနစ်ဖြစ်တဲ့ ကွန်မြူနစ်စနစ်နဲ့ အာဏာထူထောင်ကြရာမှာတောင် စစ်ရေးက နိုင်ငံရေးရဲ့ လက်အောက်ခံအဖြစ်ထားကာ နိုင်ငံရေးစည်းရုံးမှုနဲ့ လူထုကို လိုက်ပါအောင် စည်းရုံးကြတာဖြစ်ပါတယ်။ ဝါဒဖြန့်တယ်ဆိုဆို လူထုက မိမိဆန္ဒနဲ့ လိုက်ပါလုပ်ဆောင်အောင် နိုင်ငံရေးရည်ရွယ်ချက် လမ်းစဉ်တွေကို ချပြစည်းရုံးကြတာဖြစ်ပါတယ်။ တော်လှန်ရေးကာလလို့ ဆိုကြတဲ့ တိုက်ခိုက်ရေးတွေ လုပ်ဆောင်နေစဉ်မှာလည်း စည်းရုံးရေးကို လျစ်လျူမရှုဘဲ တွဲဖက်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
လစ်ဘရယ်ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးကို လေးစားတဲ့ ဒီမိုကရေစီစနစ်ကို ရည်မှန်းချက်ထားပြီး တိုက်ပွဲဖေါ်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားမယ်ဆိုတဲ့အခါ အထက်က ဥပမာပေးခဲ့တဲ့ လက်ဝဲ ကွန်မျူနစ် ဆိုရှယ်လစ်တော်လှန်ရေးထက်ကို အာဏာကို သတိပြုသုံးစွဲဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်သူလူထု တဦးချင်းရဲ့ အခွင့်အရေးတွေကိုလည်း လေးစားပြီး တော်လှန်ရေးကိုလည်း အောင်မြင်အောင် လုပ်ဆောင်ကြရလို့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ရှိမှာအမှန်ပဲဖြစ်ပါတယ်။
နိုင်ငံရေးအရ လူထုကိုစည်းရုံးရာမှာ လူထုအလွှာအသီးသီးက ၄င်းတို့ရဲ့ လိုက်ပါဆောင်ရွက်နိုင်တဲ့ အကန့်အသတ်တွေ ရှိကြမယ့် သဘောသဘာဝကို နိုင်ငံရေးအရ ဦးဆောင်သူတွေ နားလည်သဘောပေါက်ဖို့ လိုအပ်မယ် ထင်ပါတယ်။ ဝန်ထမ်းတွေရဲ့ လိုက်ပါဆောင်ရွက်နိုင်တဲ့ အနေအထား၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူတွေရဲ့ အနေအထား၊ အလုပ်သမား၊ တောင်သူလယ်သမား၊ ပညာတတ်၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ စသဖြင့် သဘောသဘာဝ လွတ်လပ်မှုနဲ့ သူတို့ရဲ့ လိုက်ပါဆောင်ရွက်နိုင်မှု အဆင့်တွေ မတူကြတာကို သဘောပေါက်ဖို့ အရေးကြီးပါတယ်။ အစိုးရဝန်ထမ်းတွေကို စီဒီအမ်လှုပ်ရှားမှုနဲ့ နွေဦးတော်လှန်ရေး အစပိုင်းမှာ စည်းရုံးလှုံ့ဆော်ခဲ့ကြပြီး ပါဝင်မှုအတိုင်းအတာလည်း ကြီးမားခဲ့ပါတယ်။ သို့ပေမယ့် တိုက်ပွဲကာလရှည်ကြာလာတဲ့အခါမှာ စီဒီအမ်လုပ်သူတွေအထဲ သူတို့ရဲ့ ရပ်တည်ရေးကိုပါ စွန့်လွှတ်ပြီး လိုက်ပါနိုင်သူရှိသလို သားသမီး မိသားစုတွေငဲ့ရတာကြောင့် စီဒီအမ်တိုက်ပွဲ အဆုံးတိုင် မလိုက်ပါနိုင်တဲ့ အခြေအနေမျိုးလည်း ရှိတာကိုတွေ့ကြရပါတယ်။အလားတူပဲ ကိုယ်ပိုင်စီးပွားရေး လုပ်သူ၊ ကုမ္ပဏီဝန်ထမ်း၊ အလုပ်သမား စသဖြင့် လူတန်းစားအလွှာအသီးသီးမှာလည်း သူတို့ရဲ့ ရပ်တည်မှုအခြေအနေ နိုင်ငံရေးနိုးကြားမှု အခြေအနေပေါ်မူတည်ပြီး ဖောင်ဖျက်ကာ အဆုံးထိတိုက်ပွဲဝင် နိုင်သူရှိသလို အချို့လည်း နောက်ကနေ ပံ့ပိုးကူညီတဲ့ အနေအထားကနေ မကျော်လွန်နိုင်တော့တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုအခြေအနေအမျိုးမျိုးမှာ ရန်သူမဟုတ်တဲ့ လူထုလူတန်းစားတွေကို စည်းရုံးရေး အမြင်ရှိစွာနဲ့ စည်းရုံးမှုမျိုးလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ တိုက်ပွဲက တလအတွင်း ၆ လအတွင်း၊ တနှစ်အတွင်း အရှုံး အနိုင် ရလဒ်မပေါ်နိုင်တော့ဘူးလို့ အကဲဖြတ်ရင် စည်းရုံးရေးဗျူဟာကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စီဒီအမ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်မျိုးကို သာဓကအနေနဲ့ ပေးချင်တာလည်း ဖြစ်ပါတယ်။ ရေရှည်တိုက်ပွဲလို့ အကဲဖြတ်တဲ့အခါ စီဒီအမ်လုပ်ပြီး စစ်ကောင်စီယန္တရားရပ်တန့်ဖို့က လက်တွေ့မှာ ဖြစ်နိုင်ခြေ ရှိ၊ မရှိ ပြန်သုံးသပ်ကာ အဲဒီအကဲဖြတ်ချက်နဲ့ လိုက်ဖက်ညီတဲ့ မူဝါဒပြောင်းလဲမှုကို မိမိတို့ကို ထောက်ခံသူတွေကို အသိပေးစည်းရုံးတာမျိုးလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
နောက်ရှုထောင့်တခုက လုပ်ငန်းရှင်ကြီးတွေနဲ့ ပတ်သက်တဲ့ စည်းရုံးမှုမှာလည်း ဘယ်သူတွေက ရန်သူကို အဓိကအကူအညီပေးနေတဲ့ လုပ်ငန်းရှင်ကြီးတွေလဲ၊ ဘယ်လိုကိစ္စရပ်မျိုးကို အကူအညီပေးတာလဲ စစ်ရေးမှာလား၊ စီးပွားရေး လုပ်ငန်းရှင်ကျန်ရေးအတွက် မလွှဲသာလို့ စီးပွားရေးအရ ဆက်ဆံနေတာလား စတဲ့အချက်တွေနဲ့ အကဲဖြတ်ကာ တုံ့ပြန်မှု သဘောထားချမှတ်သင့်တယ်လို့ ထင်ပါတယ်။
အဲလိုမဟုတ်ခဲ့ရင် ရန်သူအရေအတွက်များအောင် လုပ်သလိုဖြစ်စေမှာပါ။ အပြည့်အဝပါဝင်နိုင်သူကို အပြည့်အဝပါဝင်တဲ့ အဆင့်မှာ စည်းရုံးဖို့လိုသလို၊ တစိတ်တပိုင်းပါဝင်ပြီးနောက်ကနေ ထောက်ပံ့မယ့်သူတွေကို အဲဒီအနေအထားမှာ ပါဝင်နိုင်အောင် လုပ်ဆောင်ပေးဖို့လိုပြီး ကြားနေမယ့်သူရှိခဲ့ရင်တော့ ရန်သူဖက်ပါမသွားအောင် ကြားနေသူအဖြစ်နေအောင် ကြိုးစားဖို့ လိုအပ်မယ် ဖြစ်ပါတယ်။ဒီလို စည်းရုံးရေးဗျူဟာ နည်းနာတွေကို နားလည်စွာနဲ့ စည်းရုံးသိမ်းသွင်းခြင်းဖြင့် နွေဦးတော်လှန်ရေးက မိမိရဲ့ ရည်ရွယ်ချက်နဲ့ လိုက်ဖက်တဲ့ စည်းရုံးရေးနည်းဗျူဟာနဲ့ စည်းရုံးသိမ်းသွင်းနိုင်လိမ့်မယ်လို့ ထင်မြင်မိကြောင်းပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar