Breaking News

ကိုကျော်(မြစ်ကြီးနား) - အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြား


ကိုကျော်(မြစ်ကြီးနား) - အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြား

(မိုးမခ) မတ် ၆၊ ၂၀၂၂


Mariupol နဲ့ Volnovakha မြို့နှစ်ခုမှာ အပစ်အခတ်ရပ်စဲပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဖို့ ယူကရိန်းနဲ့ ရုရှားတို့ သဘောတူညီထားမှု စနေနေ့မှာပဲ ပျက်ပြားသွားပါတယ်။ လူသားချင်းစာနာမှုအတွက် ကယ်ဆယ်ရေးလမ်းကြောင်း သဘောတူညီချက်ကို ရုရှားတို့က ချိုးဖောက်ခဲ့ပြီး လူနေရပ်ကွက်တွေကို ဆက်ပြီးတိုက်ခိုက်နေတာကြောင့် ဖြစ်တယ်လို့ ယူကရိန်းက စွပ်စွဲလိုက်ပါတယ်။ 

ပူတင်ကတော့ ယူကရိန်းမှ လက်နက်ချဖို့ ငြင်းဆိုမှု နဲ့ အနောက်နိုင်ငံများနဲ့ ပူးပေါင်းမှုကို ရှုတ်ချခဲ့ပြီး သဘောတူညီချက် ပျက်ပြားသွားရတယ်လို့ စွပ်စွဲပါတယ်။ 

ယူကရိန်းရဲ့ ခေါင်းဆောင်မှုပိုင်းက ယူကရိန်းနိုင်ငံရဲ့ အနာဂတ်ရပ်တည်မှုအတွက် မေးခွန်းထုတ်စရာရှိနေတယ်လို့ ပူတင်က ခြိမ်းခြောက်ပါတယ်။ 

မည်သည့် မဟာမိတ်အဖွဲ့ဝင်အုပ်စုမှ ဖြစ်နေပါစေ၊ တခြားမြေတိုင်းပြည်တစ်ခုက ယူကရိန်းအပေါ် ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုအား ဆန့်ကျင်မယ့်အပြုအမူ ရှိလာပါက ရုရှားစစ်တပ်ရဲ့တုံ့ပြန်မှုကို ချက်ချင်းခံရမယ်လို့လည်း ပူတင်က ပြောခဲ့ပါတယ်။  

ယူကရိန်းကို ကျူးကျော်မှုကြောင့် အနောက်နိုင်ငံများရဲ့ ရုရှားအပေါ်  ချမှတ်တဲ့ စီးပွားပိတ်ဆို့မှုများကလည်း စစ်ကြေညာတာနဲ့ အလားတူကြောင်း၊ ဒါပေမဲ့ ရုရှားကို ရန်ပြုလာခြင်းဖြင့် ဘယ်ကို ဦးတည်သွားနိုင်သလဲ ဆိုတာကို အနောက်နိုင်ငံများ နားလည်ကြမယ်လို့ ယုံကြည်ကြောင်း ပူတင်က ပြောခဲ့ပါတယ်။

ရုရှားရဲ့စွပ်စွဲချက်နဲ့ လုံးဝကွဲပြားတဲ့ သက်သေအထောက်အထား များစွာရှိနေပေမဲ့ ရုရှားဘက်မှ ယူကရိန်းအရပ်သားများအား ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ မဟုတ်ကြောင်း၊ ယူကရိန်းဘက်က ဒုက္ခသည်များကို ဓားစာခံထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အနှောင့်အယှက်လုပ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး  Sergei Lavrov မှ စနေနေ့မှ ပြောခဲ့ပါတယ်။  Mariupol မြို့ဒေသတဝိုက် လူသားချင်းစာနာမှု ကယ်ဆယ်ရေးလမ်းကြောင်းတလျှောက် စနေနေ့ ညနေ ၅ နာရီမှာ ရုရှားဘက်မှ တိုက်ခိုက်မှုပြန်လည်စတင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲ စတင်ခဲ့တဲ့ ၉ ရက်တာအတွင်း ယူကရိန်းဒုက္ခသည်ပေါင်း ၁ ဒသမ ၄၅ သန်းခန့် ထွက်ပြေးခဲ့ရပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် ဥရောပမှာ အကြီးမားဆုံးသော ရွှေ့ပြောင်းမှုဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ နိုင်ငံတကာ ရွှေ့ပြောင်းမှုအဖွဲ့အစည်းမှ ထုတ်ပြန်ခဲ့ပါတယ်။ 

အများစုက ယူကရိန်းအနောက်ဘက် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပိုလန်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီး ဖေဖာ်ဝါရီ ၂၄ ရက်မှစပြီး လူပေါင်း ၇၈၇,၃၀၀ (သောကြာနေ့ ၁၀၀,၀၀၀ ကျော် အပါအဝင်) နယ်စပ်ကို ကျော်ဖြတ်ခဲ့ကြောင်း ပိုလန်နယ်ခြားစောင့်တပ်ဖွဲ့မှတဆင့် သိရပါတယ်။ 

ယူကရိန်းမြို့တော် ကိဗ် (Kyiv) ကို အချိန် ၃ ရက်အတွင်းမှာ သိမ်းပိုက်နိုင်မယ်လို့ အနောက်တိုင်းနိုင်ငံတွေက ခန့်မှန်းခဲ့ပေမဲ့ ရုရှားတပ်များက ယူကရိန်းတို့ရဲ့ ပြင်းထန်တဲ့ခုခံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျဆုံးမှုများနဲ့ တိုက်ခိုက်ရေးယာဥ်များ ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့ရပါတယ်။

ကိုကျော်(မြစ်ကြီးနား)
(ကိုးကား။ ။ The World Street Journal - Mar 5, 2022 - Ukraine, Russia Agreement on Evacuating Mariupol Civilians Collapses)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar