မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၆ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၆ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၇၊ ၂၀၂၂မတ်လ ၆ ရက်နေ့ - မှတ်ပုံတင်နဲ့မှ ခရီးသွားတည်းခိုဖို့ရမယ်လို့ တင်းကြပ်၊ ခင်ဦး၊ ဒီပဲယင်းနဲ့ ကနီနယ်တွေက မီးရှို့ခံရတဲ့လူနေအိမ်တွေ
ဒီနေ့သတင်းတွေထဲ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဖြစ်သူ ဦးခင်ရီက လာမယ့် ဧပြီလ ၁ ရက်နေ့က စပြီး ခရီးသွားတဲ့အခါ၊ တည်းခိုတဲ့အခါမှာ ရပ်ကွက်ထောက်ခံစာနဲ့ သွားလာတာမျိုး တည်းခိုတာမျိုးခွင့်မပြုဖို့ လုပ်ဆောင်မယ်လို့ ဆိုလိုက်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်သူ၊ လက်နက်ကိုင် တိုက်ခိုက်သူတွေကို ရည်ရွယ်ပြီး စစ်ဆေးဖို့ ရည်ရွယ်လုပ်တာလို့ ယူဆရပြီး အဲဒီလို ကန့်သတ်ချုပ်ချယ်ခြင်းဟာ လူအများရဲ့ အခွင့်အရေး စီးပွားရေး၊ လူမှုရေး ကျန်းမာရေးအခွင့်အရေးတွေကိုပါ ထိခိုက်စေမှာဖြစ်ပါတယ်။
အထူးသဖြင့် ကျေးရွာတွေနဲ့ နယ်မြို့တွေက သာမန်လူထု အများစုအဖို့ မှတ်ပုံတင်လုပ်ဖို့ ရာအတွက် ကုန်ကျစရိတ် အထောက်အထားစတာတွေအတွက် အခက်အခဲရှိနေခဲ့ကြတာဖြစ်ပြီး တကယ်တန်းမှာ မှတ်ပုံတင်မရှိသူတွေက အောက်ခြေလူတန်းစား အလွှာက အများစုဖြစ်ပါတယ်။ မှတ်ပုံတင်လုပ်ဖို့ ကျပ် သောင်းဂဏန်းအထိ တောင်းခံတာတွေ ရှိနေပြီး အချိန်ပေးရတာကြောင့် ကျေးလက်နဲ့ နယ်မြို့က သူတွေအများအပြား မှတ်ပုံတင်မရှိကြတာ တွေ့ရပါတယ်။
အခုလို စစ်ကောင်စီက နိုင်ငံရေးအရ ဆန့်ကျင်သူတွေရဲ့ အသွားအလာကို စောင့်ကြည့်အရေးယူဖို့ ထုတ်လိုက်တဲ့ ညွှန်ကြားချက် လူအများရဲ့ လွတ်လပ်စွာ သွားလာတည်းခိုမှုကို ကန့်သတ်ပိတ်ပင်ရာရောက်မှာဖြစ်ပါတယ်။
နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့အခါတိုင်း ကျူးကျော်လူနေအိမ်တွေ ဖျက်ပြီး နှင်ထုတ်တာတွေလို ခရီးသွားလာရာမှာ တင်းကြပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်လေ့ ရှိပြီးအခုတကြိမ် စစ်အာဏာသိမ်းပြီးနောက်မှာလည်း ရန်ကုန်၊ မန္တလေးမြို့တွေက ကျူးကျော်လို့ဆိုတဲ့ လူနေအိမ် ထောင်နဲ့ချီဖျက်ဆီး ဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်၊ ရန်ကုန်တိုင်းမှာ လှိုင်သာယာမြို့နယ်က အများဆုံး ဖယ်ရှားခံရပြီး မန္တလေးမြို့မှာလည်း မီးရထားလမ်းနဘေးက နေအိမ်တွေ၊ မြစ်ငယ်မီးရထား ဝန်ထမ်းအိမ်ယာအနီးက အိမ်တွေ စသဖြင့် အများအပြားဖျက်ဆီး ဖယ်ရှားခဲ့ ဖယ်ရှားဖို့ အမိန့်ထုတ်ခဲ့ပြီဖြစ်ပါတယ်။
တဖက်မှာ အခုလိုဂရံမရှိတာကို အကြောင်းပြုတာ ရထားလမ်း ကားလမ်းနဘေးက ကျူးကျော်နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားနေသလိုပဲ ပီဒီအက်ဖ် လှုပ်ရှားမှုရှိတဲ့ နယ်တွေက ကျေးရွာတွေမှာ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာလည်း နေ့စဉ်လိုလို သတင်းတွေထဲမှာ ဖတ်ရှုနေရတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ လအထိ လူနေအိမ် ၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီးဖြစ်တယ်လို့လည်း စောင့်ကြည့်မှတ်တမ်းတင်တဲ့ အဖွဲ့တခုက ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေ့သတင်းထဲမှာ ဆိုရင်လည်း စစ်ကိုင်းတိုင်းမှာ ခင်ဦးနယ်က ကျေးရွာတချို့မှာ နေအိမ် ၁၀၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး ဒီပဲယင်းနယ်မှာလည်း နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ကနီနယ်ဘက်က ကျေးရွာတချို့မှာလည်း နေအိမ်တဒါဇင်ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲက ကနီ၊ ယင်းမာပင်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည် စတဲ့မြို့နယ်ထဲက ကျေးရွာတွေမှာ နေ့စဉ်လိုလို ရွာတွေဝင်ရောက် မီးရှို့တာ၊ ကျေးရွာသားတွေကို ပီဒီအက်ဖ်တပ်ဖွဲ့ဝင်သော်လည်းကောင်း အကူအညီပေးသူအနေနဲ့သော်လည်းကောင်း စွပ်စွဲသတ်ဖြတ်တာတွေ သတင်းတွေထဲ ဖတ်ရှုနေရတာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေက နေ့စဉ် ဖတ်နေရကြားနေရဖန်များတာကြောင့် လူဆယ်ဂဏန်းနဲ့ သေဆုံးတဲ့ သတင်းတွေတောင် သိပ်မထူးခြားတော့သလို ဖြစ်လာနေပါတယ်။ PDF သေဆုံးတာ၊ အရပ်သားသေဆုံးတာ၊ စစ်ကောင်စီဘက်က သေဆုံးတာ၊ သတင်းပေး ဒလန်ဆိုပြီးသတ်ဖြတ်ခံရတာတွေက နေ့စဉ်ကြားနေကျ သတင်းတွေဖြစ်လာနေတာပါ။
ဒီနေ့ သတင်းတွေထဲ ထူးခြားတယ်လို့ ဆိုရမယ့်သတင်းတပုဒ်ကတော့ ပဲခူးတိုင်းက လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ယောက္ခမဖြစ်သူနေအိမ်ကို ချိတ်ပိတ်လိုက်တာကြောင့် ဆေးရုံတက်ရောက်နေတဲ့ ယောက္ခမဖြစ်သူ ကွယ်လွန်ပြီးနောက် အသုဘကို လမ်းမပေါ်မှာပဲလုပ်ခဲ့ရတဲ့ သတင်းဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ပိုင်ဆိုင်တဲ့အိမ်မဟုတ်ပေမယ့်လည်း ယောက္ခမဖြစ်သူရဲ့ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့တဲ့နောက် ရက်ပိုင်းအတွင်း ကွယ်လွန်ခဲ့ရာမှာ အသုဘကို လမ်းပေါ်မှာလုပ်ပြီး သဂြိုဟ်ခဲ့ရတဲ့ သတင်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ တက်ကြွစွာပါဝင်ကြသူတွေ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေရဲ့နေအိမ်တွေကို ချိတ်ပိတ်တာတွေ အခုလပိုင်းမှာ ပိုမိုလုပ်ဆောင်လာနေတာပြီး ကာယကံရှင်ကိုယ်တိုင်ပိုင်ဆိုင်တဲ့ အိမ်မဟုတ်ပေမယ့်လည်း ချိတ်ပိတ်တာမျိုး လုပ်နေတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေက အာဏာကို အလွဲသုံးတာ ညစ်တာတွေ ဖြစ်ပြီး ပိုင်ဆိုင်မှုအဆုံးရှုံးမခံချင်ရင် မိမိဆွေမျိုးသားချင်းကိုပင် နိုင်ငံရေးမလုပ်ဖို့ တားမြစ်ရမယ့် အဓိပ္ပါယ်မျိုးအထိ ဖြစ်လာနေတာပါ။
တနည်းအားဖြင့် စစ်ကောင်စီက အောက်လမ်းနည်းတွေ သုံးပြီးစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်သူ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖိအားပေးနေတာဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar