မောင်လင်းရိပ် - တိတ်ဆိတ်ခြင်း စစ်ချီတေး
တိတ်ဆိတ်ခြင်း စစ်ချီတေး
မောင်လင်းရိပ်
(မိုးမခ) မတ် ၇၊ ၂၀၂၂
ခေါင်းနဲ့ နံရံကို သုံးလေးကြိမ်လောက် ပစ်တိုက်လိုက်ပြီး
နံရံကို ဆဲရေးဖို့ မေ့သွားသလို ဟို ပျော့စိပျော့နဲ့ ခေါင်းနဲ့ ဟို လက်ကိုင်ရိုးကျိုးနေတဲ့
ခြောက်ပေါင်တူတွေဟာ နံရံထက် ဆဲဖို့ကောင်းတာလို့ တွေ့ရှိသွားပြီလား
ဖရုဿဝါစာဆိုတာ ဘုရားမကြိုက်တာထက် ငါ့စရိုက်နဲ့ အလိုက်သင့်မဖြစ်နိုင်ပေမဲ့
ခုချိန်မှာ ငါဟာ စုန်းမအိုအိုရဲ့ ဆံပင်တစ်ထွေးကိုလည်း အောင့်အည်းမျိုချထားရသလို
ဒီမှာ နံရံဘေး ဖွေးခနဲ လူ့ဦးနှောက်တွေကွ လူလွန်မသား မြက်ဖြတ်ကပ်ကျေးတွေရဲ့
အသွားတဖက်ကနေ နောက်တဖက်ကို မင်းတို့ အားရပါးရ အဲ့ဟိုမှာ ကြိတ်လှီးနေလိုက်တော့
ကြားထဲက ပြတ်စရာက ငါတို့ရဲ့ ရွှေရောင်လက် ပိုးချည်မျှင်တွေ
အတ္တအစေးတွေကနေ ထုတ်ထားတာဆိုပေမဲ့ သတ္တိဆားရည်ထဲ ဆေးသားတင်ထားတဲ့ မျှော်လင့်ခြင်းတွေ
တိုင်မတက်နိုင်မယ့်အတူတူ ထွက်ထိုင်နေလိုက် သားကြီး
လမ်းဘေးအပေါစားမျက်လှည့်ပြကွက်တွေနဲ့ မီးကို စားပြနေတာ ယူကျုဘ်ထဲ လှည့်တင်မနေနဲ့တော့
ဒီဂဟေဆက်မီးပြာလဲ့လဲ့ဟာ သံမဏိနံရံထူထူကို တရှဲရှဲမြည်ပြီး ဖြတ်စားပစ်မှာ မပူနဲ့
အော်သံပေးတိုင်း တော်လှန်ရေးမဟုတ်တော့ တပိုင်းတစနဲ့ ပစ်ချထားလိုက်တဲ့
ရေးလက်စ ကဗျာတပုဒ်ကို အကြီးအကျယ် ဆိတ်ငြိမ်ခြင်းနဲ့ ပါဒအသစ်တွေ မျှားခေါ်နေသလို
အရေးတော်ပုံနဲ့ တစ်ကိုယ်တော် အော်ဟစ်ငြူစူဆဲဆိုခြင်းတွေနဲ့
မင်းကတော့ မင်းသားလိုလို လူပြက်လိုလို ဗီလိန်လိုလို အရံသင့်မျက်နှာဖုံး အနည်းဆုံးသုံးမျိုးလောက်နဲ့
တိုင်မတက်နိုင်မယ့်အတူတူ ထွက်ထိုင်နေလိုက်သားကြီး
စကားတွေမှာ တရားမပါတောင် ဓာတ်ဆားနဲ့ဗီတာမင်တချို့မှ ပို့မထားနိုင်ရင်
ဆိတ်ဆိတ်နေ ရွှေပါပဲ တော်လှန်ရေးရဲ့ အသက်ရှူသံတွေကို ကျေးဇူးပြုပြီး
ဆူညံသံတွေနဲ့ ရက်စက်စွာမခတ်လိုက်ကြပါနဲ့ဦး။
၂၀၂၂ မတ် ၆
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar