Breaking News

ကိုကျော်(မြစ်ကြီးနား) - ယူကရိန်းတောင်ပိုင်းစစ်ပွဲ ဘာကြောင့်အရေးပါသလဲ


ကိုကျော်(မြစ်ကြီးနား) - ယူကရိန်းတောင်ပိုင်းစစ်ပွဲ ဘာကြောင့်အရေးပါသလဲ?

(မိုးမခ) မတ် ၇၊ ၂၀၂၂



ရုရှားတို့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တာ ၁၁ ရက်မြောက်ရှိပါပြီ။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ ရုရှားရဲ့စစ်ချီမှု နှောင့်နှေးနေပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဒုတိယအကြိမ်မြောက် ပျက်ပြားခဲ့ရပြန်ပါတယ်။ ဒီနေ့တော့ ယူကရိန်းတောင်ပိုင်းရဲ့ စစ်ပွဲအခင်းအကျင်း နဲ့ပတ်သက်ပြီး ဘာကြောင့်အရေးပါသလဲ ဆိုတာကို ရှင်းပြပါမယ်။

တောင်ပိုင်းအခင်းအကျင်းက ယူကရိန်းအပေါ် ရုရှားတို့ရဲ့စစ်ဆင်နွဲမှုမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ တောင်ပိုင်းမှာ ယူကရိန်းရဲ့ ပင်လယ်ဆိပ်ကမ်း ၁၃ ခုရှိပြီး ၂၀၂၁ ခုနှစ်မှာ ပြည်ပပို့ကုန်တန်ချိန် သန်း ၁၅၀ ကျော် ရှိခဲ့ပြီး ယူကရိန်းနိုင်ငံရဲ့ ပို့ကုန် ၆၀ ရာခိုင်နှုန်း နဲ့ သွင်းကုန် ၅၀ ရာခိုင်နှုန်း ကိုယ်စားပြုတဲ့ဒေသဖြစ်ပါတယ်။
ယူကရိန်းရဲ့ တတိယအကြီးဆုံးမြို့ Odessa က သယ်ယူပို့ဆောင်ရေးနဲ့ သွင်းကုန်လုပ်ငန်းများအတွက် ဗဟိုအချက်အချာနေရာတစ်ခု ဖြစ်ပါတယ်။ Odessa နဲ့ တောင်ပိုင်းဆိပ်ကမ်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခြင်းဖြင့် ရုရှားအတွက် ခရိုင်မီးယားဒေသ (Crimea) နဲ့ ဆက်သွယ်ထားတဲ့ တံတားတစ်ခု ရသွားမှာဖြစ်ပြီး တချိန်တည်းမှာပဲ ယူကရိန်းရဲ့စီးပွားရေး ထိခိုက်သွားစေမှာ ဖြစ်ပါတယ်။ 

Odessa က အနောက်တိုင်းနိုင်ငံများမှ ကူညီထောက်ပံ့မှုများ တင်သွင်းဖို့ အရေးပါတဲ့ဆိပ်ကမ်းတစ်ခု ဖြစ်တာကြောင့် ရုရှားတို့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးရာမှာ အောင်မြင်မှုတစ်ခု ဖြစ်သွားနိုင်ပါတယ်။

ယူကရိန်းမြောက်ပိုင်းနဲ့ အရှေ့ပိုင်းတိုက်ပွဲများမှာ ရွေ့လျားမှု နှေးကွေးတုံ့ဆိုင်းနေပေမဲ့ တောင်ပိုင်းတိုက်ပွဲမှာ ရုရှားတို့အတွက် အောင်မြင်နိုင်တဲ့ အလားအလာ ရှိနေပါတယ်။ ကျူးကျော်တိုက်ခိုက်မှု အစပိုင်းမှာ ရုရှားတို့က ခရိုင်မီးယား နဲ့ Donetsk ဒေသတွေဆီမှ စစ်အင်အားဖြန့်ကြက်မှု စတင်ခဲ့ပါတယ်။ ယူကရိန်းတွေက ကောင်းမွန်စွာ တုံ့ပြန်တိုက်ခိုက်ခဲ့ပေမဲ့ တောင်ပိုင်းမှာ ရုရှားမြေပြင်တပ်ဖွဲ့က သိသိသာသာ အသာစီးရခဲ့တာကို မြင်ရပါတယ်။ 

အစောပိုင်းမှာကတည်းက တောင်ပိုင်းမှာ ယူကရိန်းတပ်များအတွက် အခက်အခဲရှိနေတာ သိသာထင်ရှားခဲ့ပြီး ဖေဖေါ်ဝါရီ ၂၅ နဲ့ ၂၆ ရက်တို့မှာ ခရိုင်မီးယား နဲ့ Donetsk တို့မှ ရုရှားတပ်များက Azov ပင်လယ် မြောက်ဖက်ပိုင်းမှာ ပေါင်းစည်းချိတ်ဆက်သွားဖို့ ကြိုးစားခဲ့ပါတယ်။ သမ္မတဇီလန်းစကီးကိုယ်တိုင်ကလည်း တောင်ပိုင်းမှာစိန်ခေါ်မှုများရှိတာကို စစ်ပွဲအစပိုင်းမှာ ဝန်ခံခဲ့ပါတယ်။ 

ယူကရိန်းကာကွယ်ရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ရုရှားတွေက ခရိုင်မီးယား နဲ့ ရုရှားကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Mariupol မှာ ယူကရိန်းတို့က ခုခံထိန်းထားဆဲ ဖြစ်ပေမဲ့  ကြာရှည်ထိန်းထားနိုင်ဖို့ သိပ်တော့မလွယ်ကူလှပါဘူး။

အကြမ်းဖျဥ်းအားဖြင့် အရှေ့မြောက်နဲ့ မြောက်ပိုင်းတို့မှာထက် ရုရှားတို့က တောင်ပိုင်းမှာ ဘာကြောင့် အောင်မြင်မှုပိုရနေတယ်ဆိုတာ အကြောင်းအရင်းတချို့ရှိပါတယ်။ 

(၁) မြို့တော်ကိဗ် (Kyiv)ကို ခုခံကာကွယ်ဖို့က ယူကရိန်းအတွက် အဓိကနည်းဗျူဟာ ဖြစ်ပါတယ်။ မြို့တော်လည်းဖြစ်တယ်၊ နိုင်ငံရေး ထောက်ပံ့ပို့ဆောင်ရေးနဲ့ ယဥ်ကျေးမှုတို့ဆိုင်ရာ အရေးပါတဲ့နေရာလည်း ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာအထိ သက်ရောက်လွှမ်းမိုးမှုရှိတဲ့ သတင်းဝါဒဖြန့်ကင်ပိန်းတစ်ခုရဲ့ ဗဟိုဌာနလည်းဖြစ်ပါတယ်။ ယူကရိန်းတို့က မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ သူတို့ရဲ့စစ်အင်အားကို ပိုပြီးဂရုစိုက်ထားတာ ဖြစ်ပါတဘ်။

(၂) စစ်ပွဲမတိုင်မီထဲက ရုရှားတို့က တောင်ပိုင်းမှာ တိုက်ခိုက်ရေးအင်အားကို ပိုပြီးစုစည်းနိုင်ခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်း Rostov-Krasnodar ဒေသမှာ တပ်ရင်းပေါင်း ၁၅ ခုနဲ့ ခရိုင်မီးယားမှာ တပ်ရင်း ၁၅ ခုလောက်ရှိပါတယ်။

(၃) ခရိုင်မီးယားနဲ့ Rostov-Krasnodar တို့မှာ ပို့ဆောင်ထောက်ပံ့ရေးအခြေစခန်း ကောင်းမွန်စွာရှိထားတာကြောင့် ရုရှားတပ်ဖွဲ့တွေ အလုံးအရင်းနဲ့ ချီတက်ခဲ့နိုင်ပါတယ်။ ယူကရိန်းမြောက်ပိုင်းနယ်စပ်နဲ့ ထိတွေ့ထားတဲ့ ဘယ်လာရူ့စ်နိုင်ငံမှ ချီတက်ခဲ့တဲ့ ရုရှားတပ်တွေက အဲဒီလို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

(၄) ရုရှားတို့က ကုန်း-ရေနှစ်မျိုးစလုံးမှာ စစ်အင်အားဖြန့်ကြက်မှု (amphibious landing) လုပ်နိုင်စွမ်း ရှိထားတာကြောင့် ယူကရိန်းတွေအတွက် ပင်လယ်မှ ခြိမ်းခြောက်မှုကိုလည်း စောင့်ကြည့်နေရပါတယ်။

(၅) နောက်ဆုံးတစ်ချက်ကတော့ ခန့်မှန်းယူဆချက်တစ်ခုပဲ ဖြစ်ပါတယ်။ တောင်ပိုင်း ရုရှားစစ်အင်အားရဲ့ ဦးဆောင်မှု စီမံခန့်ခွဲမှုအပိုင်းက မြောက်ပိုင်းကထက် ပိုမိုသာလွန်ကောင်းမွန်တာကြောင့် ဖြစ်ပါတယ်။ ရုရှားတို့ရဲ့ ကွဲပြားတဲ့လမ်းကြောင်းတွေက စစ်ချီတက်မှုများမှာ တောင်ပိုင်းစစ်အင်အားက မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့ကလို ကြာရှည်စွာရပ်တန့်သွားမှု မရှိဘဲ များသောအားဖြင့် ဆက်တိုက်ချီတက်သွားတာကို မြင်ခဲ့ရပါတယ်။ 

ဒါတွေအားလုံးက ရုရှားတို့ရဲ့ နောက်ဆက်တွဲစစ်ဆင်ရေးအတွက် ဘယ်လိုအဓိပ္ပာယ် သက်ရောက်သလဲ? တောင်ပိုင်းဆိပ်ကမ်းတစ်ခုလုံးကို ရုရှားတို့ ထိန်းချုပ်လိုက်ခြင်းဖြင့် အရှေ့ပိုင်းမှ ယူကရိန်းစစ်အင်အားကို ဝိုင်းရံပိတ်ဆို့ထားဖို့ အခြေခံအထောက်အပံ့တစ်ခု ရသွားမှာဖြစ်ပြီး အထူးသဖြင့် Donbas ဒေသတဝိုက်နဲ့ နှစ်ဖက် ထိပ်တိုက် ရင်ဆိုင်နေရတဲ့နေရာတို့မှာ ဖြစ်ပါတယ်။

တောင်ပိုင်းကို သိမ်းပိုက်ခြင်းဖြင့် Dnipro ကို ဆက်လက်သိမ်းယူဖို့ ရုရှားတို့အတွက် ထိုးစစ်ဆင်နိုင်မဲ့ အထိုင်စခန်းတစ်ခု ဖြစ်သွားမှာဖြစ်ပါတယ်။ Dnipro ကလည်း ရုရှားတို့အတွက် အရေးပါတဲ့ ဗျူဟာနေရာတစ်ခုဖြစ်ပြီး အရှေ့တောင်ပိုင်းကို ပို့ဆောင်ထောက်ပံ့ရေးလုပ်နိုင်မဲ့ လမ်းကြောင်းတစ်ခု ရသွားမှာဖြစ်ပါတယ်။

Dnipro ကိုသိမ်းပိုက်ပြီး Dnieper မြစ်အရှေ့ခြမ်းမှာရှိတဲ့ ယူကရိန်းနယ်မြေအားလုံးကို သိမ်းနိုင်ဖို့ အထောက်အပံ့ ဖြစ်သွားနိုင်ပါတယ်။ အဲဒီမှတဆင့် Dnieper မြစ်ကြောင်းအထက်တလျှောက် မြို့တော်ကိဗ်ကို ဆက်လက်သိမ်းပိုက်ပြီး ယူကရိန်းခေါင်းဆောင်ကို တောင်းဆိုကမ်းလှမ်းမှုတွေလုပ်ဖို့ ရုရှားတို့အတွက် ဆုံးဖြတ်ချက်ချရမဲ့ အဓိကအချိန်အခါတစ်ခု ဖြစ်မှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ရုရှားတပ်တွေက အခုချိန်မှာ Odessa ကို ချီတိုက်တိုက်ခိုက်ဖို့ အသင့်ပြင်ထားပြီး တောင်ပိုင်းထိုးစစ်ဆင်မှုရဲ့ အဓိကရည်မှန်းချက် ဖြစ်ပါတယ်။ ရုရှားရဲ့ အမှတ် ၈၁၀ ရေတပ်တပ်ဖွဲ့ကိုလည်း ကုန်း၊ စရေနှစ်မျိုး ဆင်းတက်စစ်ချီနိုင်တဲ့ စစ်သင်္ဘောများ အသင့်ပြင်ဆင်ထားဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။ 

အကယ်၍ Odessa ကို ရုရှာတို့သိမ်းပိုင်နိုင်ခဲ့ပါက ယူကရိန်း အနောက်ဘက်နယ်စပ်များမှ အနောက်နိုင်ငံတွေရဲ့ အထောက်အပံ့ပေးပို့မဲ့ လမ်းကြောင်းများတားဆီးဖို့ အပါအဝင် အခြားသော ထိုးစစ်ဆင်မှုများအတွက် တိုက်ခိုက်ရေးအင်အားကို လွတ်လပ်စွာ အသုံးချလို့ရသွားမှာ ဖြစ်ပါတယ်။ သို့မဟုတ်ရင်လည်း Odessa ကို အခြေစိုက်စခန်းတစ်ခုအဖြစ် ထားရှိပြီး စစ်ဗျူဟာအခွင့်အရေးအရ ထိုးစစ်ဆင်ဖို့ ရုရှားစစ်အင်အားများ အပြောင်းအလဲပြုလုပ်လို့ ရမှာဖြစ်ပါတယ်။ 

အနောက်နိုင်ငံများက များသောအားဖြင့် ယူကရိန်းမြောက်ပိုင်းနဲ့ အရှေ့ပိုင်း စစ်မျက်နှာပြင်တို့မှာ အဓိကအာရုံထား စောင့်ကြည့်နေကြပြီး ရုရှားတို့က တောင်ပိုင်းမှာ အောင်မြင်မှုပိုပြီး ရရှိနေပါတယ်။ ဒီအချက်က မည်သည့်စစ်ရပ်စဲရေး သဘောတူညီချက်ကိုမဆို အကျိုးသက်ရောက်မှုလည်း ရှိနိုင်ပါကြောင်း။ ။

*(ကိုးကားချက်။ ။ Copy from Mick Ryan - Mick Ryan ရဲ့ ရုရှား-ယူကရိန်းစစ်ပွဲ လေ့လာသုံးသပ်ချက် ဖြစ်ပါတယ်။ သူက ဩစတြေးလျစစ်တပ်မှ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးဘာသာရပ်-Johns Hopkins University နဲ့ USMC School of Advanced Warfare ကျောင်းတို့မှ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar