ပီတာဂလန့် - ပုတင်စားမိသော ပုကျယ်ဂျင်း
(မိုးမခ) မတ် ၁၄၊ ၂၀၂၂
ယူကရိန်းနဲ့ ရုရှားကိစ္စမယ် အဓိက အခရာကျသူကို ကမ္ဘာကြီးက မေ့ထားပုံရတယ်။ ဒီကိစ္စ စတည်တာက လွန်ခဲ့တဲ့ ၇ လကျော်လောက်ကပါ။ ခင်ဗျားတို့မှတ်မိကြမလား မဆိုနိုင်ဘူး။ မြန်မာ့နွေဦးတော်လှန်ရေး အရှိန်အဟုန်ပြင်းထန်ချိန် ၂၀၂၁ ဇွန်လတုန်းက မအလပုကျယ် ရုရှားသွားခဲ့တာကို ပြောရင် ရေးတေးတေး အမှတ်ရလာကြလိမ့်မယ်။ အများစုထင်တာက မြန်မာပြည်သူတွေကိုသတ်ဖို့ လက်နက်သွားဝယ်တာလောက်ပဲရှိမယ်ထင်တယ်။
မတ်လကုန်လောက်ကစပြီး လက်နက်မဲ့ ဆန္ဒပြနေကြတဲ့ ပြည်သူလူထုကြီးကို ရက်ရက်စက်စက် သတ်ဖြတ်ပြရဲခဲ့တဲ့ အာဏာသိမ်းမအလဖက်ဆစ်အုပ်စုရဲ့ လုပ်ရပ်ကို ဗလာဒီမီယာပုတင်က ကြိတ်ကြွေနေတာကလား။ ဒါကြောင့် မအလပုကျယ် ရုရှားသွားတာကို လက်နက်ဝယ်ရုံလောက်ပဲ သတင်းလွှင့်ထားခဲ့တာ ဖြစ်တယ်။ ဗလာဒီမီယာပုတင်ဟာ မအလပုကျယ်ကို တိတ်တိတ်ခိုးတွေ့ရတယ်ဆို ပိုမှန်မယ်လို့ ယူရလိမ့်မယ်။
"ချစမ်းပါ ကိုပုတင်ရယ်၊ ခင်ဗျားတို့ ကရိုင်းမီးယားလည်း သိမ်းထားနိုင်ပြီပဲ၊ ယူကရိန်းကိုပါ ခင်ဗျားဆွဲစိထားသင့်တယ်"
မအလပုကျယ်က ပုတင်ကို အဲသလို အကြံဉာဏ်လိုလိုနဲ့ ဘလိုင်းကြီးမြှောက်ပင့်ပေးတယ်။ သည်တော့ ပုတင်က မနောတွေခွေ့ပြီး
"အမေရိကန်နဲ့ နေတိုးအဖွဲ့က ယူကရိန်းဘက်ကဝင်ကူကြရင် ကိုပုကျယ်ရဲ့လပ်တီးကြီးက ကျုပ်ဘက်က ဝင်ကူတိုက်ပေးနိုင်မလား" လို့ ပြန်မေးတယ်။
အဲသမှာ သူ့အကွက်ထဲဆိုက်လာပြီဖြစ်လို့ မအလပုကျယ်က "ကျုပ်ဝင်ကူမယ်၊ တစ်ခုရှိတာက လောလောဆယ် ကျုပ်ပြည်သူတွေကို ကမ္ဘာပေါ်မှာမရှိသေးတဲ့ ဖက်ဆစ်နည်းမျိုးနဲ့သတ်ပြဖို့ လက်နက်နဲ့တိုက်လေယာဥ်လိုနေတယ်။ အဲဒါ ခင်ဗျားက ကျုပ်ကိုအကြွေးရောင်းပေး" လို့ ပြောလာတယ်။ အဲဒီတော့ ငွေရဖို့ပဲအာရုံရှိတဲ့ ပုတင်ဟာ နည်းနည်းတွေသွားတယ်။ ဒါကို မအလပုကျယ်က ချက်ချင်းဓာတ်ပေါက်လိုက်တယ်။
ကြောင်ချေးလို့နာမည်ပြောင်ရပြီး စကားပြောရင် တည်တည်တံ့တံ့ မပြောတတ်ဘဲ ဘူးလုံးနားမထွင်းလေနဲ့ ပြောင်ချော်ချော်ပုံစံမျိုးသာပြောတတ်တဲ့ မအလပုကျယ်ဟာ သူ့ခွင်အတွက်ဆို အင်မတန်အကင်းပါးပါတယ်။
"ပိုက်ဆံအတွက်က မပူနဲ့ကိုပုတင်၊ ခင်ဗျားတို့ နိုင်ငံတကာသွားသင်္ဘောတွေကို ကျုပ်ရဲ့ပင်လယ်ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့်ပေးမယ်။ အဲသည်စရိတ်ထဲက အရစ်ကျဖြတ်ယူဗျာ"
သည်မှာ ဗလာဒီမီယာပုတင်လည်း သဘောတော်ကျပြီး မအလပုကျယ်နဲ့ သဘောတူစာချုပ်တွေ ချုပ်လိုက်ကြတယ်။ ခင်ဗျားတို့တွေတောင် သတင်းမီဒီယာတွေမှာ မအလပုကျယ် ရုရှားသွားတဲ့ပုံတွေကြည့်ပြီး မအလပုကျယ်ဟာ ပုတင်နဲ့တောင် တွေ့ခွင့်ရတဲ့အဆင့်မဟုတ်ပါဘူး ဘာညာလိုက်ပြောမိကြသေးတယ် မဟုတ်လား။
အမှန်တကယ်က မအလပုကျယ်ဟာ ပုတင်ကို ဂျင်းထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအပေါ် ယုတ်ကန်းနေတဲ့ မအလပုကျယ်အပေါ် ကမ္ဘာ့နိုင်ငံတွေ ပိုမိုအာရုံစိုက်လာနေချိန်မှာ ကွက်စတိပဲ ယူကရိန်း-ရုရှား ထိပ်တိုက်တွေ့မှုက ပေါ်လာတယ်။ အခုပဲကြည့်လေ ချကြတော့မလား ချကြတော့မလားနဲ့ အမေရိကန်နဲ့အပေါင်းပါ နေတိုးအဖွဲ့တို့ တာဆူပြနေကြပြီလေ။ ကမ္ဘာကြီးတစ်ခုလုံးလည်း တတိယကမ္ဘာစစ်ဖြစ်တော့မလားဆိုတဲ့ ကံကောင်းချင်စိတ်နဲ့ ရင်တမမ ဖြစ်နေကြပြီ။ (တချို့က ပြောနေကြတယ်၊ တတိယကမ္ဘာစစ်ဖြစ်ရင် ကမ္ဘာပေါ်မှာ စတုတ္ထကမ္ဘာစစ်ဆိုတာ မရှိနိုင်တော့ဘူး၊ လူတွေအားလုံး တတိယကမ္ဘာစစ်နဲ့အတူ သေဆုံးကုန်ကြပြီး လူတစ်ယောက်မှမကျန်နိုင်တော့လို့တဲ့)။ ဆိုတော့ အခြေအနေအရပ်ရပ်က ယူကရိန်း-ရုရှားဘက်လှည့် မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှုတွေ လျော့သလိုဖြစ်သွားရင် မအလပုကျယ်ဟာ သူ့စိတ်ကြိုက် ပြည်သူတွေကို ဝိုက်တော့မှာ မဟုတ်လား။
မြန်မာပြည်မှာလည်း မအလပုကျယ်က အာဆီယံကိုယ်စားလှယ်လာရင် သက်သေခံပြဖို့ ထာဝရငြိမ်းချမ်းရေးစေတီ၊ အဲလေ ထာဝရငြိမ်းချမ်းရေးညီလာခံကြီးကို နှစ်ယောက်နဲ့တစ်ပိုင်းလောက်ရှိမယ့်အဖွဲ့တွေနဲ့ ဟန်ဆောင်ပန်ဆောင်လုပ်ပြထားပြီးပြီ။ ကမ္ဘောဒီယားမှာလည်း မကြာမီ အာဆီယံအစည်းအဝေးကလည်း စတော့မယ်။
အခြေအနေတွေအားလုံးက အိုကေကွက်စတိချည့်ပဲ။ ခတ်မယ့်ကျွဲလို မအလပုကျယ်လည်း နေသေးသပ ချိုသွေးတမြမြ လုပ်နေတာပေါ့။ ဒါပေမဲ့ မအလပုကျယ်တွေးပူနေရတဲ့ အိပ်မရအောင်ဖြစ်နေတဲ့ "အပူအကြီးကြီး" က ရှိလာပြီ။
အဲဒါကဘာလဲဆိုတော့ ...
ယူကရိန်းကို ရုရှားက ဝင်တိုက်၊ အမေရိကန်တို့ နေတိုးတို့က ယူကရိန်းဘက်က ဝင်တိုက်၊ တရုတ်ကလည်း ရုရှားဘက်ဝင်လာ။ အဲသမှာ ပူတင်က မအလတပ်တွေလွှတ်ပေးဖို့တောင်းရင် မအလ ခွကျပြီ။ ချင်းနဲ့စစ်ကိုင်းဘက်မှာ တူမီးလောက်ကိုတောင် မနိုင်နိုင်လို့ လေကြောင်းနဲ့ သွားသွားယုတ်မာနေရတဲ့ အခြေအနေမဟုတ်လား။ တိုင်းရင်းသားတပ်တွေနဲ့ ပီဒီအက်ဖ်တွေ ပေါင်းမိချိန်ကျမှ ပုတင်က လှမ်းပြီး မအလပုကျယ် မင်းရဲ့ လပ်တီးတွေ လွှတ်ပေးတော့လို့ ပြောပြီဆိုရင် သူ့မှာရှိတဲ့လပ်တီးအင်အားနဲ့ မအလပုကျယ်တော့ အကြီးအကျယ်ဂွမ်းပြီ။ အခုဆိုရင် ရုရှားက သူ့သြဇာမကင်းတဲ့နိုင်ငံတွေဆီကို စစ်ကူပေးဖို့ တောင်းနေပြီ။ ပုကျယ်တစ်ယောက် မျောက်မီးခဲကိုင်ထားမိသလို "ဂျွတ်" နေပြီ။
မြောက်ကိုရီးယားက တူးပေးထားတဲ့ လိုဏ်ခေါင်းထဲ ဝင်ပုန်းနေရမလား၊ သူ့လပ်တီးကြီးနဲ့အတူ ရုရှားပဲလိုက်ပါပြေးရမလား။ မအလပုကျယ် အရူးမီးဝိုင်းနေမယ့်ပုံကိုတော့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါကုန်။
ပီတာဂလန့်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar