Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၅ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၅ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) မတ်လ ၆ ရက်၊ ၂၀၂၂

◾️ကမ္ဘာ့စီးပွားရေး အကြပ်အတည်းနဲ့ မြန််မာ့နိုင်ငံရေးစီးပွားရေး အကြပ်အတည်း 
ယူကရိန်းနိုင်ငံကို ရုရှားနိင်ငံက ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲရဲ့ဂယက်က ဥရောပအတွက် လုံခြုံရေးအခြေအနေတွေပါ ထိခိုက်နိုင်တဲ့အထိ စိုးရိမ်စရာဖြစ်ပြီး ကမ္ဘာအတွက်တော့ စီးပွားရေး သံတမန်ရေး ကုန်သွယ်ရေးအကျိုးဆက်တွေ ရိုက်ခတ်လာစေမှာ ဖြစ်ပါတယ်။ 

စစ်ပွဲဖြစ်တယ်ဆိုတာနဲ့ ရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံစျေးက ချက်ခြင်းကိုမြင့်တက်သွားပြီး ရေနံအများအပြားထုတ်လုပ်တဲ့ နိုင်ငံတွေကလွဲလို့ နိုင်ငံတိုင်းလိုလိုမှာ အကျိုးဆက်ကိုခံစားနေကြရပါပြီ။ မြန်မာနိုင်ငံအဖို့ဆိုရင်လည်း ယူကရိန်းစစ်ပွဲစတင်တာ သီတင်းတပတ်ပြည့်လာချိန်မှာ အဲဒီမတိုင်ခင်က ဓါတ်ဆီ ဒီဇယ်ဆီစျေးနှုန်းထက် တလီတာ ကျပ် ၃၀၀ ကျော် တဂါလံမှာ ကျပ် ၁၄၀၀ နီးပါး မြင့်တက်ခဲ့ပါတယ်။ သတင်းမီဒီယာတွေမှာ ဖေါ်ပြတဲ့ စျေးနှုန်းတွေက ရန်ကုန်မှာရောင်းချတဲ့ စျေးနှုန်းတွေဖြစ်ပြီး နယ်မြို့တွေအဖို့ ဝေးရင်ဝေးသလောက် တလီတာကို ကျပ် ၁၀၀ ကနေ ၂၀၀ လောက်ထိထပ်မြင့်သွားသလို နယ်မြေလုံခြုံရေးအရ ကုန်စည်ပို့ဆောင်ရခက်ခဲတဲ့ ဒေသတွေ၊ တားမြစ်ခံထားရတဲ့ဒေသတွေမှာ စျေးနှုန်းက ၁ ဆခွဲကနေ ၂ ဆနီးပါးလောက်ထိ မြင့်တက်နေတာ ဖြစ်ပါတယ်။ 

ပြည်တွင်းမှာ ဥရောပစစ်ပွဲဂယက် လောင်စာဆီ စျေးနှုန်းမြင့်တက်တဲ့သတင်းဟာ ခုရက်တွေမှာ ထိပ်တန်းသတင်းဖြစ်နေပါတယ်။ လောင်စာဆီစျေးမြင့်တက်တာဟာ လူတိုင်းနဲ့သက်ဆိုင်နေတာကြောင့် စားဝတ်နေရေး နဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် လောင်စာဆီစျေးကို စိတ်ဝင်တစားစောင့်ကြည့် နားထောင်နေကြရတာဖြစ်ပါတယ်။ 

ကမ္ဘာ့ရေနံစိမ်းစျေးက တစည်ကို ဒေါ်လာတရာကျော်သွားတာ စစ်ပွဲမဖြစ်မီ ရက်သီတင်းပတ် အလိုကဖြစ်ပြီး စစ်ပွဲတကယ်ဖြစ်ပြီဆိုတဲ့နောက် ၁၁၀ ကျော်တဲ့အထိ မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီဂယက်တွေကို ခံနိုင်ဖို့ ကျော်ဖြတ်နိုင်ဖို့ နည်းလမ်း၊ အစိုးရရဲ့အထောက်အပံ့ နိုင်ငံတကာအကူအညီစသဖြင့် ရိုက်ခတ်မှုခံသာအောင် စီးပွားရေးဆိုးဆိုးရွားရွားမဖြစ်အောင် ကြိုးစားကြမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံအဖို့ ကံဆိုးစွာပဲ စစ်အာဏာသိမ်းထားတဲ့ အစိုးရ၊ လူထုနဲ့ အစေးမကိုက်တဲ့အစိုးရ၊ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတချို့နဲ့ အကူအညီတွေကို ရပ်ဆိုင်းထားတဲ့အချိန်၊ လက်နက်ကိုင်တိုက်ပွဲတွေက ဒေသအများအပြားမှာ ဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးပြဿနာနဲ့ စီးပွားရေးကျဆင်းမှု ဒိထက်တိတိကျကျ ပြောရရင် စီးပွားရေးပြိုလဲမှုမျိုးအထိတောင် ဖြစ်ပွားနိုင်ခြေရှိနေတာပါ။ 

မြန်မာ့အရေးက နိုင်ငံတကာမှာ စိတ်ဝင်စားမှုလျော့ကျလာနိုင်ပြီး ကုလသမဂ္ဂနဲ့ မြန်မာ့အရေးမှာ လူ့အခွင့်အ ရေးနဲ့ လူသားချင်းစာနာမှုရှုထောင့်က ရပ်ခံပေးကြတဲ့ အနောက်ဥရောပနိုင်ငံတွေ အများစုဟာ ယူကရိန်းစစ်ပွဲရဲ့ အကျိုးဆက် သက်ရောက်မှုတွေအတွက် ပြင်ဆင်နေကြရ အားထုတ်နေကြရမယ့်အခြေအနေဖြစ်တာကြောင့် ခုအရေးအခင်းမတိုင်ခင်ကလို အင်တိုက်အားတိုက် ကူညီနိုင်ကြပါ့မလားဆိုတဲ့ စိုးရိမ်မှုလည်း ရှိနေတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှု အလုပ်အကိုင် ရှားပါးမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အတွက် အာဏာကိုချုပ်ကိုင်ထားတဲ့ စစ်ကောင်စီအနေနဲ့ လုပ်ဆောင်နိုင်ခြင်းမရှိတာက သေချာနေပြီး စီးပွားရေးနယ်ပယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ခုထက်ပိုဆိုးမသွားစေဖို့ စီးပွားရေးလုပ်ငန်း ရပ်တည်နိုင်ရေးလည်း အရေးကြီးသလို အလုပ်သမားတွေရဲ့ အခွင့်အရေးလည်း လေးစားမှုရှိဖို့ ရသင့်ရထိုက်တဲ့ လုပ်ခလစာရရှိဖို့အရေးကြီးပါတယ်။ 

ရန်ကုန်၊ မန္တလေးနဲ့ အချို့သောမြို့ကြီးတွေမှာ လုပ်ခလစာနဲ့ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအဖို့ ခေတ်ပျက်သလိုဖြစ်နေတဲ့ အခုလိုကာလမှာ အလုပ်သမားအခွင့်အရေး၊ လုပ်ခလစာခံစားခွင့်စတဲ့ အခွင့်အရေးတွေအတွက် ပြောဆိုဖို့ အခွင့်မသာကြပါဘူး။ အလုပ်သမားအဖွဲ့အစည်းတွေ ခပ်လျှိုလျှိုနေကြရချိန် အချို့သောမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေချိန် အရင်လို အလုပ်သမားအရေး ဆန္ဒပြတာ တောင်းဆိုတာတွေ လုပ်ခွင့်မရှိကြပါဘူး။ အလုပ်သမားအခွင့်အရေး မျှတတဲ့လုပ်ခလစာစတဲ့ အရေးဆိုမှုတွေက အခုလိုအချိန်ကာလမှာ တောင်းဆိုခွင့် မသာကြတဲ့အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒီလို အခြေအနေတွေက အိမ်နီးချင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားလို့ခေါ်တဲ့ လုပ်ခစား အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ဖို့ အခြေအနေက တွန်းပို့သလိုဖြစ်ပေါ်စေကာ နယ်စပ်ကနေ တရားမဝင်ဝင်ရောက်ဖို့ ပွဲစားတွေကို ငွေကြေး သိန်းဆယ်ဂဏန်းနဲ့ချီပေးပြီး သွားရောက်နေကြရပါတယ်။ 

အခုလို အလုပ်သမားတွေ ဘေးကြပ်နံကြပ် အခြေအနေမျိုး ရင်ဆိုင်နေရချိန်မှာ စိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ တောင်သူလယ်သမားတွေ အဖို့လည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ နယ်မြေမတည်ငြိမ်တာကြောင့် စိုက်ပျိုးရေးတွေ ကောင်းကောင်းမလုပ်နိုင်တာရှိသလို စိုက်ပျိုးလို့ထွက်ရှိလာတဲ့ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကိုလည်း ကိုဗစ်မတိုင်ခင်ပုံမှန်အခြေအနေလို နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်နိုင်ငံကို တင်ပို့တာမျိုးတွေ မရှိတာ၊ သယ်ယူပို့ဆောင်ရေး စရိတ်က မြင့်တက်လာတာတကြောင်း ကိုဗစ်ကန့်သက်ချက်တွေကြောင့် နယ်စပ်မှာ တရုတ်နိုင်ငံဘက်က ချမှတ်တဲ့ ကိုဗစ်စည်းကမ်းအတိုင်း ကွန်တိိန်နာ ခေါက်တိုသယ်ပို့ယာဥ် စတဲ့ စည်းကမ်းတွေကြောင့် ကုန်ကျစရိတ်တွေနဲ့ အကျိုးအမြတ်မရတာ၊ ဆုံးရှုံးတာတွေ ဖြစ်ပွားနေကြတာပါ။ 

စစ်ကိုင်းတိုင်းလိုမျိုးမှာ ပြည်ပတင်ပို့ကုန်မဟုတ်တဲ့ စိုက်ပျိုးရေးထွက်ကုန်တွေတောင် ခါတိုင်းလို မိမိရွာမှာ မိမိအိမ်မှာ သိုလှောင်ထားဖို့ မဖြစ်နိုင်တာကြောင့် ရိတ်သိမ်းလို့ရတာနဲ့ ပေါက်တဲ့စျေးနဲ့ ထိုးရောင်းကြရတဲ့ အဖြစ်ကို လယ်သမားတွေ ကြုံနေကြရပါတယ်။ အမြတ်ဆိုတာထက် စိုက်ထုတ်ကုန်ကျထားတဲ့ စိုက်ပျိုးစရိတ်တောင် ကာမိဖို့ အနိုင်နိုင် ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအဖို့ စီးပွားရေး အကြပ်အတည်းက ပြည်တွင်းက နိုင်ငံရေးအခြေအနေကြောင့် ဖြစ်ပွားတာအပြင် အခုအခါ ကမ္ဘာ့အခြေအနေကြောင့် သက်ရောက်လာမယ့် ဂယက်ကြောင့် နှစ်ဆင့်ခံစားကြရမယ့် အနေအထားလည်း ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကနေ ခံသာအောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာ နိုင်ငံရေးအရ ဦးဆောင်ဦးရွက်ပြုနေသူတွေ ကြိုတင်စဥ်းစားပြင်ဆင်ထားကြဖို့ နှိုးဆော်ချင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar