မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၉ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) မတ် ၁၀၊ ၂၀၂၂၇
ဒီနေ့အဖို့ သတင်းတွေထဲမှာလည်း ပေါက်မြို့နယ်ထဲက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့နေ့တွေက စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ပတ်သက်လို့ သေဆုံးသူအရေအတွက် ပိုမိုတိုးလာတဲ့သတင်း၊ ယင်းမာပင်မြို့နယ်ထဲက လက်ပံတော ကျေးရွာကို စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ထပ်မံသိရှိလာရတဲ့သတင်း၊ ကရင်ပြည်နယ်မှာတော့ တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ လေးကေ့ကော်ဒေသကနေ စစ်ကောင်စီတပ်တွေ နောက် (၃) ရက်အတွင်းထွက်ခွာဖို့ မကြာမီက တာဝန်ယူခဲ့တဲ့ တပ်မဟာ (၆) ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်ရဲ့လက်မှတ်နဲ့ စစ်ကောင်စီအရှေ့တောင်တိုင်း စစ်တိုင်းမှူးထံ အကြောင်းကြားစာပေးပို့လိုက်တဲ့ သတင်း၊ မြန်မာနိုင်ငံရဲ့ မြို့တွေမှာ အစိုးရဝန်ကြီးဌာနပိုင်မြေ၊ စည်ပင်ပိုင်မြေတွေမှာ နှစ်ပေါင်းများစွာနေထိုင်နေကြတဲ့ နေအိမ်တွေ၊ ကျူး ကျော်တဲတွေကို ဖယ်ရှားနေရာမှာ ခုရက်ပိုင်း မန္တလေးတိုင်း မြစ်ငယ်မြို့နဲ့ စစ်တွေမြို့ ရထားလမ်းနဘေးက ကျူးကျော်နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားနေတဲ့သတင်းတွေ ဖြစ်ပါတယ်။
ပေါက်မြို့နယ် အင်းငယ်ဒေါင့်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စဥ် ကျေးရွာသားအချို့ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် အသေးစိတ်တွေ ထပ်မံသိရှိလာရတဲ့အခါမှာ လေးနှစ် အရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ အသတ်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေ ယမန်နေ့သတင်းတွေမှာ ဖေါ်ပြခဲ့ကြပြီး နောက်ဆက်တွဲ ထပ်မံသိရှိရတဲ့ အချက်အ လက်တွေအရ မိခင်ရော ကလေးပါသေဆုံးသွားတဲ့ မိသားစုရဲ့ အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူကိုပါ စစ်ကောင်စီတပ်တွေက ဓါးစာခံ ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ အင်းငယ်ထောင့်ကျေးရွာက လူနေအိမ် ၃ လုံးလည်း မီးရှို့ခံလိုက်ရပြီး ပီဒီအက်ဖ် ၅ ဦးကို စစ်ကောင်စီတပ်တွေက သတ်ဖြတ်သွားတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက အမျိုးသမီးရော ကလေးငယ်ပါ သတ်ဖြတ်မှုတွေဖြစ်နေတာဟာ အခုမှတော့မဟုတ်ပေမယ့်လည်း ဆက်လက်ပြီး ဖြစ်ပွားနေတာ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့လိုနေရာမျိုးတွေမှာ မကြာခဏ ဖြစ်ပျက်နေတာ ဒီလိုသတ်ဖြတ်မှုတွေ သတင်းတွေထဲပါရှိပေမယ့်လည်း အရေးယူတားမြစ်တာ တာဝန်ခံမှုမရှိတာကိုကြည့်ရင် စစ်ကောင်စီလက်နက်ကိုင်တပ်တွေအတွင်း စစ်ဆင်ရေးဧရိယာတွေ စစ်ဆင်ရေးအတွင်း အရပ်သားတွေအပေါ် အမေးအမြန်းမရှိ သတ်ဖြတ်ခွင့် ငွေကြေးနဲ့ပိုင်ဆိုင်မှု လုယူခွင့်ရှိတယ်ဆိုတဲ့ ဆိုးရွားတဲ့ခွင့်ပြုမှုမျိုး (သို့မဟုတ်) လျစ်လျူရှုမှုမျိုးရှိနေတာ သေချာနေပါတယ်။
ဒီအဖြစ်အပျက်တွေ သတင်းတွေထဲပါရှိနေသည့်တိုင် စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့ တာဝန်ခံဖြေရှင်းခြင်း စုံစမ်းခြင်းတွေ လုပ် ဆောင်တာမတွေ့ရဘဲ သတင်းအချက်အလက် ထုတ်ဖေါ်ပြောဆိုသူတွေ ဖော်ပြတဲ့သတင်းသမားတွေကို အရေးယူဖို့ စောင့်ကြည့်တာ အရေးယူအပြစ်ပေးတာတွေသာ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
အခုဖြစ်ပွားတဲ့ ပေါက်မြို့နယ်လို အလားတူ အဖြစ်အပျက်တွေ မနှစ်က ဆန္ဒပြမှုတွေ နှိမ်နှင်းစဥ်ကတည်းက ရန်ကုန်မှာ မန္တလေးမှာဖြစ်ပျက်ခဲ့တာပါ။ နေအိမ်ထဲဝင်ပြီး မိသားစုနဲ့အတူရှိတဲ့ ကလေးသူငယ်တွေကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးမှုတွေ မန္တလေးမြို့မှာလည်း ဖြစ်ပျက်ခဲ့သလို ရန်ကုန်မြို့မှာလည်း ဖြစ်ပျက်ခဲ့တာပါ။ အဲဒီဖြစ်ရပ်တွေအတွက် ဘယ်စစ်ကောင်စီတပ်ဖွဲ့ဝင်မှ စစ်တပ်အမိန့်ပေးသူမှ အရေးယူ အပြစ်ပေးခံရတာမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အလားတူဖြစ်ရပ်မျိုးတွေ ဆက်လက်ဖြစ်ပွားနေပြီး ကယားပြည်နယ် ဖရူဆိုမြို့နယ်က မိုဆိုကျေးရွာအဖြစ်အပျက်ဆိုရင်လည်း လက်နက်ကိုင်တပ်ဖွဲ့နဲ့ လုံးဝမပတ်သက်သူ စစ်ဘေးရှောင် အရပ်သားတွေ လူမှုကူညီရေး ဝန်ထမ်းတွေ စုစုပေါင်း ၄၀ နီးပါး သတ်ဖြတ်ပြီး မီးရှို့ဖျောက်ဖျက်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပေါက်မြို့နယ်က အဖြစ်အပျက်နဲ့ ဆင်တူယိုးမှားမဟုတ်ပေမယ့် ခုရက်ပိုင်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ အရပ်သား ဆယ်ဂဏန်း သေဆုံးရတဲ့ အခြားအဖြစ်အပျက်တခုကတော့ ယင်းမာပင်မြို့နယ်က လက်ပံတောကျေးရွာကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်ရာက ပုန်းခိုကျင်းထဲ ခိုလှုံနေသူတွေ သေဆုံးခဲ့ရတဲ့အဖြစ်အပျက်ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ဟာ အခြားသော စစ်ကိုင်းတိုင်းထဲက တန့်ဆည်၊ ကနီ၊ ဆားလင်းကြီး၊ မင်းကင်း၊ ချောင်းဦး၊ ရေဦး ဒီပဲယင်းတို့လိုပဲ စစ်ကောင်စီတပ်တွေ ပီဒီအက်ဖ်တွေ ထိတွေ့မှုများတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီဘက်က PDF တွေကို ထိရောက်စွာမတိုက်နိုင်တဲ့အခါ ပြီးခဲ့တဲ့ လပိုင်းကတည်းက ကျေးရွာကို လက်နက်ကြီးနဲ့ပစ်တာ လေကြောင်းအကူနဲ့ပစ်တာ၊ နေအိမ်တွေ မီးရှို့တာ စတဲ့ မြေလှန်တဲ့နည်းနာ အားလုံးသိမ်းကျုံးထိခိုက်စေပြီး ကျေးရွာတွေရဲ့ လူအင်အား ပိုင်ဆိုင်မှု စတာတွေပါ ပြန့်ကျဲပျက်စီးအောင် ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ကောင်စီရဲ့ အဲဒီလိုရက်စက်မှုတွေကြောင့် ဒေသခံတွေအဖို့ အခြားရွေးစရာမရှိပဲ စစ်ကောင်စီကို လက်တုံ့ပြန်ဖို့သာ ရွေးချယ်တာမျိုးလည်း ဖြစ်စေမှာပါ။
အခြားသတင်းတပုဒ်ကတော့ ကေအန်ယူ တပ်မဟာ (၆) ဒူးပလာယာခရိုင်မှာပါဝင်တဲ့ လေးကေ့ကော်ဒေသကို ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ကတည်းက ဝင်ရောက်တိုက်ခိုက် တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ၃ ရက်အတွင်း ထွက်ခွာပေးဖို့ ဒူးပလာယာခရိုင် အတွင်းရေးမှူးက စစ်ကောင်စီစစ်တိုင်းမှူးထံ စာပို့လိုက်ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ငြိမ်းချမ်းရေးစံပြမြို့ လေးကေ့ကော်ဒေသက တိုက်ပွဲတွေဟာ ခုချိန်ထိ ဆက်လက်ပြီး ဖြစ်ပွားနေသလို ဒေသခံအများအပြားလည်း ထိုင်းဘက်ခြမ်းနဲ့ မြန်မာနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ် နဘေးမှာဖြစ်သလို တဲထိုးတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။
ကေအန်ယူရဲ့ သတိပေးစာနောက်မှာ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနိုင်ခြေလည်းရှိနေပြီး အဆိုပါဒေသကကျေးရွာနေ လူထုအဖို့ စစ်ဘေးတိမ်းရှောင်သူအရေအတွက်ပိုမို များပြားလာနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်ဆုံးသတင်းကတော့ မြစ်ငယ်မြို့ ရထားဝန်ထမ်းအိမ်ရာတွေအနီးက နှစ်ပေါင်းများစွာနေထိုင်လာခဲ့ကြတဲ့ နေအိမ်တွေကို ဂရံမရှိတာ ပိုင်ဆိုင်မှုအထောက်အထားမရှိဘူးလို့အကြောင်းပြပြီး စစ်ကောင်စီက ရက်ပိုင်းအတွင်း ဖယ်ရှားခိုင်းတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လုပ်နေကျ လုပ်ရပ်တွေဖြစ်တဲ့ လူနေအိမ်တွေဖယ်ရှားတာ လမ်းတွေချဲ့မယ့်အကြောင်းပြပြီး နေအိမ်တွေ နောက်ဆုတ်ပေးရတာ ဖျက်ပေးရတဲ့အဖြစ်တွေက လုပ်နေကျ လုပ်ရပ်သဖွယ် ခုတကြိမ်လည်း ဖြစ်ပျက်နေတာပါ။ မြစ်ငယ်မြို့တင်မကပဲ ရခိုင်ပြည်နယ် စစ်တွေမြို့က ရထားလမ်းနဘေးနေထိုင်ကြတဲ့ ကျူးကျော်အိမ်တွေကိုလည်း ဖျက်ပြီးဖယ်ရှားနေတဲ့ သတင်းတွေ ဒီနေ့သတင်းတွေထဲ ဖတ်ရှုနေရတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar