သီဟလတ် - မေဦး(စာရေးဆရာမ ခင်ဆွေဦး) ကွယ်လွန်ခြင်း သုံးနှစ်ပြည့် ဂုဏ်ပြုအလွမ်းစာ
သီဟလတ်
(မိုးမခ) မတ် ၂၇၊ ၂၀၂၂
လွန်ခဲ့တဲ့ရက် ကွန်ပျူတာထဲက ဖိုင်တွဲ(File Folder) တစ်ခုကို ဖွင့်ကြည့်မိတယ်၊ ဖိုင်တွဲနာမည်က MayOo2019၊ မေဦးဆိုတာက ကျွန်တော်တို့ချစ်ခင်လေးစားပြီးခေါ်ကြတဲ့နာမည်ပါ၊ လူအများသိကြတာက စာရေးဆရာမကြီးခင်ဆွေဦး၊ စာရေးဆရာကြီးမဟာဆွေ၊ ဒေါ်ကြည်ကြည်တို့ရဲ့သမီး ခင်ဦး သို့မဟုတ် ခင်ဆွေဦး။
ဖိုင်တွဲထဲမှာ ...
၁။ ၂၀၀၃ ခုနှစ် စက်တင်ဘာလထုတ် ဟန်သစ်မဂ္ဂဇင်းထဲက ဆရာမောင်ညိုပြာရဲ့ "ကျွန်တော်တို့ချစ်ခင်လေးစားတဲ့မမဦး"၊
၂။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ မိုးမခမဂ္ဂဇင်း အတွဲ(၃)၊ အမှတ်(၁)မှာဖေါ်ပြမည့်ဆောင်းပါးကို မွေးနေ့လက်ကမ်းအနေနဲ့ရခဲ့တဲ့ ဆရာမ လှကျော်ဇောရဲ့ "ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ-၃၈၊ ခင်ဆွေဦးရဲ့ဒို့တိုင်းဌာနီ"၊
၃။ ၂၀၁၉ ခု မတ်လ ၂၉ ရက်နေ့ မိုးမခအွန်လိုင်းမဂ္ဂဇင်းထဲက ဆရာမလှကျော်ဇောရဲ့ "မမခင်ဆွေဦးသို့ ဂါရဝ..."
၄။ ၂၀၁၉ ခု မတ်လ ၃၀ ရက် ကြေးမုံသတင်းစာထဲက ဆရာမ ဂျူးရဲ့ "တို့တိုင်းဌာနီကို ချန်ရစ်ကာ ထွက်ခွာလေသူ"
၅။ ၂၀၁၉ ခု ဧပြီလ ၄ ရက်နေ့ မိုးမခအွန်လိုင်းမဂ္ဂဇင်းထဲမှာဖေါ်ပြတဲ့ ၂၀၁၂ ခု ဒီဇင်ဘာလထုတ် ကလျာမဂ္ဂဇင်းထဲက ဆရာမ ခင်ဆွေဦးရဲ့ ဗိုလ်မှူးချုပ်ကျော်ဇော(သို့မဟုတ်) ဗိုလ်သူရ
၆။ ၂၀၁၉ ခု ဧပြီလ ၈ ရက်နေ့ မိုးမခအွန်လိုင်းမဂ္ဂဇင်းထဲက ဆရာမောင်အောင်မွန်ရဲ့ "ကျွန်တော်တွေးမိသလိုရေးပါမည်(၄၁၀)စာရေးဆရာမခင်ဆွေဦး၏စာနှင့်နောက်ဆုံးခရီး"
၇။ ၂၀၁၉ ခု မေလ ၅ ရက်နေ့ မိုးမခအွန်လိုင်းမဂ္ဂဇင်းထဲက ဆရာ မောင်ရစ်ရဲ့ "ဆရာမကြီးဒေါ်ခင်ဆွေဦးသို့နှုတ်ဆက်ခြင်း"
စတဲ့စာဖိုင်တွေနဲ့ မေဦးဓာတ်ပုံတွေရှိပါတယ်။
မမဦး၊ မမခင်ဆွေဦး၊ မေဦး၊ ဆရာမခင်ဆွေဦး၊ ဆရာမကြီးဒေါ်ခင်ဆွေဦးလို့အမျိုးမျိုးရေးကြပေမယ့် စာတွေထဲမှာတူညီတာတခုက မေဦးကို ချစ်ခင်လေးစားတန်ဖိုးထားတာကြတာပါပဲ။
ကျွန်တော် မေဦးနဲ့သိကျွမ်းရင်းနှီးခဲ့တဲ့အကြောင်းတွေပြန်တွေးနေမိတယ်။
× × ×
၁၉၇၆ ခုနှစ်မှာ အမေက ရပ်စောက်မြို့နယ်စာရင်းရုံးဦးစီးမှူးဆိုတော့ ကျွန်တော်လည်းရပ်စောက်မြို့မှာရှိနေခဲ့တယ်၊ အဲဒီနှစ် စာပေဟောပြောပွဲရာသီမှာ ရပ်စောက်မြို့ကို စာရေးဆရာ၊ဆရာမ သုံးယောက် လာဟောပြောကြပါတယ်၊။
ဆရာမြ(ဆရာမြသန်းတင့်)၊ မေဦး(ဆရာမခင်ဆွေဦး)နဲ့ ဆရာဂျမ်း(ဆရာတင်မိုး) တို့ပါ။ အဲဒီအချိန်က ဆရာမြသန်းတင့်ကို ကျွန်တော့်ငယ်သူငယ်ချင်းမမြူ(စာရေးဆရာမ မြူမြူ)ရဲ့အဖေလို့ ကျွန်တော်မသိသေးပါဘူး၊ ဒါပေမယ့် မေဦး(ဆရာမခင်ဆွေဦး)က ကျွန်တော့်အမေနဲ့ ညီအစ်မလိုခင်ကြသူတွေတဲ့၊ စိန့်ဂျွန်းကွန်ဗင့်(အခု အ-ထ-က ၂ လသာ)မှာ ဆရာမအတူတူလုပ်ခဲ့ကြသူတွေတဲ့၊ အဲဒါကြောင့် အိမ်ကိုအလည်ဖိတ်လို့ ဆရာ ဆရာမသုံးယောက်နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
အဲဒီနောက် ဆရာ ဆရာမတို့နဲ့ လူချင်းမတွေ့ဆုံရပေမယ့် သူတို့စာတွေနဲ့ တွေ့ဆုံရင်းနှီးနေခဲ့ပါတယ်။
ကျွန်တော့်ငယ်သူငယ်ချင်းမမြူနဲ့ ကျွန်တော့်အမတို့ ဒေသကောလိပ် အမှတ်-၃ မှာအတူတက်ရင်း ရင်းနှီးရာက မမြူကို ဆရာမြသမီးမှန်း ကျွန်တော်သိခဲ့ရတယ်၊ အဲဒီနောက် ဆရာမြအိမ်ကို ကျွန်တော် အလျဥ်းသင့်သလိုရောက်ခဲ့ပါတယ်။
ကျွန်တော်အကျဉ်းကျနေတဲ့ ၁၉၈၉-၁၉၉၆ ခုနှစ် ကာလအတွင်း အဆက်ပြတ်နေခဲ့ပြီး ၁၉၉၇ ခုနှစ်နှောင်းလောက်မှာ ဆရာမြအိမ်ကို ကာတွန်းကိုဝင်းအောင်နဲ့အတူရောက်ခဲ့တယ်။ နောက်လအနည်းငယ်အကြာ မထင်မှတ်ပဲ ဆရာမြ ကွယ်လွန်သွားပါတယ်၊အလွန်စိတ်မကောင်းစရာပါပဲ။
အဲဒီမှာ ဆရာမြနာရေးကိုလာတဲ့ မေဦးနဲ့ ပြန်ဆုံခွင့်ရခဲ့တယ်၊ မေဦးက ပရိသတ်များတဲ့သူဆိုတော့ မမှတ်မိနိုင်ဘူးပေါ့၊ ကျွန်တော်ကပဲ ပြန်မိတ်ဆက်ပြီးနှုတ်ဆက်ပါတယ်၊ မေဦး ဝမ်းသာအားရနဲ့ ကျွန်တော့်အမေကိုမေးတော့တာပါပဲ။
အဲဒီနောက် ကျွန်တော်နဲ့ပန်းချီမမွှေးအိမ်ထောင်ပြုတော့ မေဦးက "အရင် မမွှေးက 'သမီး' အခုတော့ 'ချွေးမ' ဖြစ်သွားပြီ" လို့ပြောသေးတယ်၊ မေဦးနဲ့ပြန်ဆုံပြီး ၂ နှစ်ကျော်လောက်အကြာ ၂၀၀၀ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအထိ မေဦးရဲ့ စံပယ်ဖြူမဂ္ဂဇင်းကို ကျွန်တော် အယ်ဒီတာချုပ်တာဝန်ယူထုတ်ဝေခဲ့ပါတယ်၊ အဲဒီတုန်းက ဘဘသခင်အုန်းမြင့်က ခင်ဗျား စံပယ်ဖြူလုပ်လို့က ဆံပင်ဖြူမှာပဲလို့ စနောက်ခဲ့တာပေါ့။
အဲဒီနောက် မေဦးနဲ့အမပုလဲတို့က ကျွန်တော်တို့အိမ်ခန်းကို မကြာခဏရောက်လာတတ်သလို မေဦးရဲ့အိမ်ကိုလည်း ကျွန်တော်တို့ မကြာခဏရောက်တတ်ကြပါတယ်။
၂၀၀၈ ခုနှစ်ကလို့ထင်ပါတယ်၊ စိန်ဂျွန်းကွန်ဗင့်(အခု အ ထ က ၂ လသာ)မှာဆရာကန်တော့ပွဲရှိလို့ ကျွန်တော် အမေ့ကိုလိုက်ပို့ပါတယ်၊ အဲဒီမှာမေဦးနဲ့ ကျွန်တော့်အမေတို့ဆုံကြတော့ အမေ(မာမီ)က ကျွန်တော့်ပုခုံးကိုကိုင်ပြီး "မိုင်ဆန်း( my son)လေ"လို့ပြောတော့ မေဦးက "ကိုယ့်သားပါ"တဲ့၊ အဲဒီမှာ ကျွန်တော် က ဟုတ်ပါတယ် မာမီ့ရဲ့ဆန်း(son)၊ မေဦးရဲ့သားလေ လို့ပြောတော့ နှစ်ယောက်သားသဘောကျပြီးရယ်ကြပါတယ်။
၂၀၁၀ ခုနှစ် ကျွန်တော် မြန်မာသစ်မဂ္ဂဇင်းလုပ်နေတဲ့ကာလ မေဦးက စင်္ကာပူမှာ၊ ကျွန်တော် မြန်မာသစ်မဂ္ဂဇင်းတွေပို့ပေးရင်း စာမူတောင်းတော့ မေဦးကစာပြန်ပါတယ်၊ အခုတော့ အဲဒီစာဟာ မေဦးအမှတ်တရ သိမ်းထားစရာဖြစ်နေပါပြီ။
မေဦး မြန်မာနိုင်ငံပြန်လာနေပြီးနောက်ပိုင်း မေဦးနေတဲ့ မြောက်ဒဂုံအိမ်မှာ ကျွန်တော်တို့စာပေမောင်နှမတွေ မကြာ မကြာ ဆုံတတ်ကြတယ်။
မေဦး ကျန်းမာရေးမကောင်းလို့ဆေးရုံတက်တဲ့အချိန် ကျွန်တော်လည်း သိပ်မကျန်းမာတော့ မရောက်ဖြစ်ခဲ့ဘူး၊ မမွှေးပဲသွားနိုင်ခဲ့တယ်၊ မေဦးဆေးရုံဆင်းပြီး မြောက်ဒဂုံအိမ်မှာပြန်နေပါတယ်၊ ကျွန်တော်ကျန်းမာလာလို့ မေဦးဆီသွားတွေ့တော့ မေဦးမှတ်ဉာဏ်အားနည်းနေပြီ၊ ဒါပေမယ့် သူ့မျက်နှာကအပြုံးကတော့ လျော့မသွားပါဘူး၊ အမတယောက်သွားတွေ့ပြီး ပြန်ပြောပြတာက "မေဦးက သူမမှတ်မိတာကို စိတ်မကောင်းမှာစိုးတော့ မမလက်ကိုကိုင်ပြီး သိပ်ချစ်ဖို့ကောင်းတာပဲဆိုပြီး စကားလွှဲတယ်၊ တကယ်တမ်းချစ်ဖို့ကောင်းတာက မေဦး"တဲ့၊
၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက်မှာ မေဦး ကွယ်လွန်သွားပါတယ်။ ဒါပေမယ့် မေဦးအမှတ်တရတွေ ကျန်နေဆဲပါ။ အမှန်တရားမြတ်နိုးတတ်တာတွေနဲ့ ယှဉ်တွဲပြီး သူ့ရဲ့စာတွေကို နှောင်းလူတို့ လက်ဆင့်ကမ်းဖတ်နေကြအုံးမှာပါ။ ဆရာမောင်ညိုပြာရေ ဆရာပြောတဲ့ "ဆရာမကြီး ဒေါ်ခင်ဆွေဦးကတော့ ဘာမျှအစွန်းအထင်းမရှိတဲ့ Plain Heart နဲ့ထုထားတဲ့လူသားပါပဲ" ဆိုတဲ့အဆိုကို ကျွန်တော်လည်း ဒီစာနဲ့ထောက်ခံလိုက်ပါရဲ့ဗျာ။
သီဟလတ်
၂၃:၀၀ နာရီ၊ ၂၆-၃-၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar