Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၆ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၁ လ ၂၆ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၂၇၊ ၂၀၂၂


မတ်လ ၂၆ ရက်  - တနှစ်အတွင်း ကြံ့ခိုင်ရေးပါတီဝင် ၁၃၀၀ ကျော် သေဆုံးခဲ့၊ တပ်မတော်နေ့လို့ အမည်ပြောင်းထားတဲ့ တော်လှန်ရေးနေ့ 

ပြီးခဲ့တဲ့တနှစ်တာ ကျော်ကာလအတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး တိုက်ခိုက်မှု၊ လုပ်ကြံမှု၊ ပစ်ခတ်သတ်ဖြတ်မှုတွေအတွင်း ကြံ့ခိုင်ရေးပါတီဝင် ၁၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဒီနေ့မတ်လ ၂၆ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူပွဲမှာ ကြံ့ခိုင်ရေးပါတီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

အခုလို သေဆုံးခဲ့ကြရသူတွေထဲက အမြင့်ဆုံးရာထူးက ဘယ်အဆင့်ထိ ရှိသလဲဆိုတဲ့ အချက်အလက်တွေတော့ ရှင်းရှင်းလင်းလင်း မရှိပေမယ့် ပြီးခဲ့တဲ့ တနှစ်တာအတွင်း သတင်းဖော်ပြမှုတွေ အရဆို မြို့နယ် ဥက္ကဋ္၊ အမှုဆောင် အစရှိတဲ့ အဆင့်လောက်ရှိတဲ့   ကြံ့ခိုင်ရေးပါတီတာဝန်ယူထားသူတွေ ပါဝင်နေတာတော့ တွေ့ရပါတယ်။ 

ကျန်တဲ့အရေအတွက် အများစုကတော့ ပါတီဝင်တွေအဆင့်တွေသာ ဖြစ်ဖို့များမယ်လို့ ယူဆရပါတယ်။ ကြံ့ခိုင်ရေးပါတီဝင်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှု အချို့ရှိတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အများအားဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ကျေးရွာတွေမှာ စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေ သတ်ဖြတ်ခံရတာတွေကို စုစည်းထားတဲ့ အရေအတွက် ဖြစ်ဖို့အလားအလာ များပါတယ်။ 

စစ်အာဏာသိမ်းအပြီး ၇ လအကြာ ယမန်နှစ် စက်တင်ဘာလအတွင်းက  ကြံ့ခိုင်ရေးပါတီရဲ့ ထုတ်ပြန်မှုအရ အဲဒီကာလအထိ သတ်ဖြတ်ခံရသူ ပါတီဝင်နဲ့ မိသားစု စုစုပေါင်း ၂၅၀ ကျော်ရှိပြီလို့ ဖေါ်ပြထားပြီး နောက်၆ လ ကျော် ၇ လအကြာ ထုတ်ပြန်မှုအရ ၁၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

ဒီကိန်းဂဏန်းတွေ ဘယ်လောက်ထိ တိကျမှန်ကန်သလဲ ဆိုတာဆန်းစစ်ဖို့ ခက်ခဲပေမယ့် အခုလို တနှစ်တာအတွင်း လက်နက်ကိုင်တပ်ဖွဲ့ မဟုတ်တဲ့ စစ်အာဏာသိမ်းမှုကို ထောက်ခံအားပေးသူ အရပ်သား ၁၃၀၀ ကျော် သေဆုံးရတယ်ဆိုခဲ့ရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သဘောထားကွဲလွဲမှု ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာ ပြသနေတာ ဖြစ်ပါတယ်။ 

အခြားတဖက်မှာ စစ်ကောင်စီတပ်တွေ နှိပ်စက်မှု၊ သတ်ဖြတ်မှုတွေ ကြောင့် သေဆုံးရသူတွေလည်း ရာဂဏန်းမကတော့ပဲ ထောင်ဂဏန်းအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေ သို့မဟုတ် ဒေသအလိုက် ပီဒီအက်ဖ် အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲဲ့ တိုက်ခိုက်မှုတွေ အတွင်းသေဆုံးတဲ့ အရေအတွက်က သီးခြား ရှိဦးမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်းမှာ အသက်ဆုံးရှုံးမှု အရေအတွက်ဟာ ထောင်ဂဏန်း ကြီးကြီးထိ ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ 

ကြံ့ခိုင်ရေးပါတီရဲ့ ဒီအထိမ်းအမှတ်ကျောက်တိုင်ကို ဘာကြောင့် ဒီနေ့မှာ စိုက်ထူရသလဲဆိုတာ သေချာမသိသော်လည်း မနက်ဖြန်မှာ ကျရောက်မယ့် ဖက်ဆစ် တော်လှန်ရေးနေ့မှာ စစ်ကောင်စီက တပ်မတော်နေ့အဖြစ် အခမ်းအနားကို တက်ရောက်မယ့် ဗိုလ်ချုပ်ဟောင်း ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေ နေပြည်တော်ကို စုဝေးရောက်ရှိိနေချိန်မှာ လုပ်ဆောင်တယ်လို့ ခန့်မှန်းရပါတယ်။ 

မနက်ဖြန် မတ်လ ၂၇ ရက်နေ့မှာတော့ တပ်မတော်နေ့ အမည်ပြောင်းထားတဲ့ တော်လှန်ရေးနေ့မှာ စစ်ကောင်စီတပ်တွေက စစ်ရေးပြပွဲတွေ နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပြီး ဖက်ဆစ်တော်လှန်ရေး ၇၇ နှစ် ပြည့်မြောက်တဲ့ နေ့ဖြစ်ကာ ပြည်တွင်းစစ်သက်တမ်းက နှစ် ၇၀ ကျော်နေပြီလည်း ဖြစ်ပါတယ်။ 

၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေး ပြီးနောက် ၃ နှစ်အကြာမှာပဲ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သလို ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုတွေလည်း ၁၉၄၈ ခုနှစ်မှာကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ 

ကံဆိုးစွာပဲ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သမိုင်းဟာ ကွန်မျူနစ်၊ ဆိုရှယ်လစ် ဝါဒရေးရာကွဲလွဲမှု၊ ဖက်ဒရယ်စနစ် ၊ တိုင်းရင်းသား ကိုယ်ပိုင် ပြဌါန်းခွင့်တွေကို လက်မခံနိုင်ခြင်း စတဲ့ နိုင်ငံရေးကွဲလွဲမှုတွေပေါ် အကြောင်းခံပြီး လက်နက်ကိုင် တိုက်ခိုက်မှုတွေ နှစ် ၇၀ ကျော်ကြာမြင့်ခဲ့တာ ယနေ့တိုင်အထိ ဖြစ်ပါတယ်။ 

ဒီအခြေအနေအောက်မှာ စစ်တပ်ဟာ နိုင်ငံရေးအာဏာရဲ့ ပင်မထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းအဖြစ် မှတ်ယူလာကာ စစ်တပ်ကို အသုံးချပြီး တပါတီ၊ စစ်ခေါင်းဆောင် တဦးတယောက်က ဆုံးဖြတ်တဲ့ စစ်အာဏာရှင် စနစ်သက်ဆိုးရှည်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီကနေ့ သမိုင်းကို ပြောင်းလဲဖို့ ဦးဆောင်နေကြသူတွေ ပါဝင် လှုပ်ရှားနေကြသူတွေအနေနဲ့ ဒီအဖြစ်အပျက်တွေကို ကောင်းစွာနားလည်သိရှိထားကြဖို့ လိုအပ်ပြီး အတိတ်သမိုင်းမှာ မှားယွင်းခဲ့တဲ့ အမှားမျိုး ထပ်ပြီးမမှားကြဖို့ အရေးကြီးပါတယ်။

နှစ် ၇၀ ကျော်ကြာမြင့်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုတွေ အတွင်း လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အကြောင်းရင်းတွေကို ကောင်းစွာနားလည်ပြီး ဒီနေ့ရောက်နေတဲ့ အခြေအနေ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃/၄ ခုအတွင်းက ဖြေရှင်းမှု ရပ်တည်ချက်မျိုးနဲ့ ဒီနေ့ခေတ်မှာ ရပ်တည်ဖြေရှင်းလို့ မရနိုင်တော့ဘဲ ဒီနေ့ခေတ်ရဲ့ အခင်းအကျင်း ရပ်တည်ချက်အသစ်မျိုးနဲ့ ဖြေရှင်းနိုင်ဖို့လည်း အရေးကြီးလှပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar