တံတားဖြူကို တံတားနီအဖြစ်ပြောင်းစေခဲ့သည့်အရေးအခင်း
(မိုးမခ) မတ် ၁၆၊ ၂၀၂၂
ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့တဲ့ ကိုဖုန်းမော်နှင့်ကိုစိုးနိုင်တို့ကျဆုံးခဲ့ရသည့် ပစ်ခတ်သတ်ဖြတ်မှုအကြောင်းမှာ အခြားကောလိပ်နဲ့တက္ကသိုလ်တွေကိုပျံ့နှံ့သွားခဲ့တယ်။
ဒါကြောင့် ၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းအတွင်း ကျောင်းသားထောင်ပေါင်းများစွာစုရုံးပြီး မဆလအစိုးရရဲ့လုပ်ရပ်တွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြတယ်။
မွန်းလွဲ (၁) နာရီမှာ ရန်ကုန်တက္ကသိုလ်ဒုပါမောက္ခချုပ် ဦးဘသန်းဟက် ကျောင်းသားများကို စကားပြောခဲ့ပါတယ်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသူက ကျောင်းသားများရဲ့လိုလားချက်ကို မေးမြန်းတဲ့အခါ ကျောင်းသားထုကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး..ဒို့အရေး” လို့ သံပြိုင်ဖြေကြားခဲ့တယ်။ ဒုပါမောက္ခချုပ် ဦးဘသန်းဟက်လည်း တားမရတဲ့အဆုံး ကျောင်း၀င်းတွင်းက မထွက်ရင် ဘာမှမဖြစ်စေရဘူးလို့အာမခံချက် ပေးခဲ့ပါသေးတယ်။
အဲ့ဒီနောက် ကျောင်းသားတွေလည်း တက္ကသိုလ်၀င်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက်လူစုရင်း ဆန္ဒပြခဲ့ကြတယ်။ ကျောင်းဆောင်တွင်းမှာ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားထုကြီးဖြစ်သွားခဲ့ကြတယ်။ ဆေးတက္ကသိုလ်ကျောင်းသားအချို့လည်း ပါ၀င်လာကြတယ်။
ကျောင်းသားများထဲမှအလှည့်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ချီတက်ကြရန်လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာတပြိုင်နက်ထောက်ခံခဲ့ကြတယ်။ ကျောင်းသားများအားလုံးစုစည်းကြပြီးညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ကြပါတယ်။
ပြည်လမ်းတလျှောက် ချီတက်ကြပြီး လှိုင်ကောလိပ်ကို၀င်ပြီး သမိုင်း၀င်းတစ်ခုလုံးရှိ ကျောင်းသားအင်အားစုရန်ခရီးစဉ် ရေးဆွဲခဲ့ကြတယ်။
ပြည်လမ်းတခုလုံး ကျောင်းသားများနဲ့ ပြည့်နှက်နေပြီး မဆလအစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ ရန်ကုန်စက်မှုတက္ကသိုလ်ဆီသို့ ဦးတည်ပြီး ချီတက်ခဲ့ကြပါတယ်။
အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီးရဲ့ ရှေ့ဆုံးမှာတော့ ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတိုင်းမှာ အသုံးပြုခဲ့ကြသော ခွပ်ဒေါင်းအလံကို စတင်လွှင့်ထူခဲ့ကြတယ်။
ကျောင်းသားများချီတက်ရာ ပြည်လမ်းတောက်လျှောက်တွင်အထက်တန်းကျောင်းသားများလည်း ကျောင်း၀တ်စုံများနဲ့၀င်ရောက်ပူးပေါင်းပါ၀င်လက်တွဲလာကြတယ်။
ကျောင်းသားထုကြီးလည်းတဖြည်းဖြည်းအင်အားများလာပြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့် တံတားဖြူကန်ဘောင်ကိုကျော်လိုက်တာနဲ့ ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။ တံတားဖြူကန်ဘောင်အကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထားတာကို တွေ့လိုက်ရတယ်။
စစ်သားမြောက်များစွာက ကျောင်းသားအုပ်ဆီကို သေနတ်များနဲ့ချိန်ထားပြီး တိုက်ပွဲ၀င်အသင့်အနေအထားနဲ့ စောင့်နေကြတယ်။ ဘရင်းကယ်ရီယာများကလည်းစစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားတယ်။
အဲ့ဒီအချိန်မှာပဲ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ဝိုင်းရံလိုက်ကြတယ်။
အရှေ့မှာ စစ်တပ်၊ အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ ကာရံထားသော ခြံစည်းရိုးများနဲ့ လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲသို့ အလိုလိုရောက်သွားရတယ်။
ထိုအချိန်မှာပဲအမိန့်ပေးသံထွက်ပေါ်လာပြီးလုံထိန်းများက ကျောင်းသားအုပ်ထဲသို့နံပါတ်တုတ်များနဲ့ ၀င်ရိုက်ကြတော့တယ်။
ကျောင်းသားများ ခြေဦးတည့်ရာကို ထွက်ပြေးကြတယ်။ ကန်ဘောင်ပေါ်တက်ပြေးကြတယ်။ အချို့လည်း အင်းလျားကန်ထဲခုန်ဆင်းကြပြီးလွတ်မြောက်ရာလမ်းကို ရှာကြတယ်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီးရိုက်ကြတယ်။
ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနဲ့ အတုန်းအရုံး လဲကျကုန်ကြတယ်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်၀င်ပြီး ပြေးပုန်းကြတယ်။
ကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသားတွေနောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေကို အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ကြတယ်။ အင်းလျားကန်ရေပြင်လည်း သွေးချင်းချင်းနီလို့တံတားဖြူကန်ဘောင်လည်း ကျောင်းသားကျောင်းသူတို့ရဲ့သွေးတွေနဲ့ တံတားနီအဖြစ် ရောက်ခဲ့ရတယ်။
ဒီလို ကျောင်းသားတွေကိုရိုက်နှက်သတ်ဖြတ်ရန်ဖို့ ကြိုတင်စီစဉ်အကွက်ချပြီး စီစဉ်အမိန့်ပေးညွှန်ကြားခဲ့သူကတော့ မဆလအစိုးရအကြီးအကဲ ဦးနေ၀င်း၏ ညာလက်ရုံး ဗိုလ်စိန်လွင် (ရန်ကုန်က သားသတ်သမား သို့မဟုတ် စိန်လွင် ခြောက်တန်း တဇောက်ကန်းလို့ နာမည်ဆိုးတွေနဲ့ကျော်ကြားခဲ့သူ) ဖြစ်ပါတယ်။
မတ်လအရေးအခင်းနဲ့ပတ်သက်ပြီး အစိုးရက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ခဲ့သော်လည်း ကော်မရှင်၏အစီရင်ခံစာကို တရားဝင်မထုတ်ပြန်ဘဲ နိုင်ငံတော်ကောင်စီသုံးသပ်ချက်များအရ မတ်လ (၁၆) ရက်နေ့ အရေးအခင်းတွင် လူ (၄၁) ဦး အချုပ်ကားအတွင်း အသက်ရှုကျပ်သေဆုံးခဲ့သည်ကိုသာ ဝန်ခံခဲ့ပါတယ်။
ဒီကနေ့ (၃၄) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း တံတားနီအရေးအခင်းတွင် ကျောင်းသားကျောင်းသူ ဘယ်နှစ်ယောက် ကျဆုံးခဲ့ရတယ်ဆိုတဲ့ အချက်အလက်မှန်များ အများပြည်သူ မသိရှိရသေးပါ။ စစ်အာဏာရှင်ခေတ်ကြီးထဲ အခုချိန်ထိ ကျောင်းသားပြည်သူများ ဖြတ်သန်းနေရဆဲဖြစ်ပါတယ်။
အင်းလျားကန်ဘောင် တံတားဖြူ သွေးချင်းချင်းနီစွေးစွန်းထင်းခဲ့ရသော တံတားနီနေ့ဖြစ်ရပ်များဟာ မေ့ပျောက်လို့လည်းမရ ခွင့်လွှတ်စရာလည်းမရှိသော သွေးကြွေးများပင်ဖြစ်တယ်လို့ ယူဆလိုက်ရပါတော့တယ်။
ဆိုရှယ်ဒီမိုကရက်တစ်စာစဉ်မှ ကူးယူပါသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar