သော်တာအေးလဲ့ - အာဏာရှင်စနစ် ဘယ်လို လည်ပတ်သလဲ
သော်တာအေးလဲ့ - အာဏာရှင်စနစ် ဘယ်လို လည်ပတ်သလဲ
(မိုးမခ) မတ် ၇၊ ၂၀၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နိုင်ငံတော် အာဏာကို ထိန်းပေးထားတယ်လို့ ဘယ်လိုပဲ ပြောပြော၊ ပြည်သူအပေါ် ဆက်ဆံတဲ့ပုံစံကတော့ အာဏာရှင်တို့ ပြုမူပုံနဲ့ တထေရာတည်းပါပဲ။ နောက်တကျော့ပြန်ပြီး အသက်ဝင်လာတဲ့ အာဏာရှင်စနစ်ဟာ ရုပ်လုံးတော့ ပေါ်လာပါပြီ၊ ဒါပေမဲ့ ခုခံတော်လှန်မှုတွေ ရှိနေတဲ့အတွက် ယန္တရားက သေချာမလည်ပတ်နိုင်သေးဘူးလို့ ဆိုနိုင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အာဏာရှင်စနစ် ဘယ်လိုလည်ပတ်သလဲ ဆိုတာကို ရှင်းပြထားတဲ့ How Dictatorships Work: Power, Personalization and Collapse စာအုပ်အကြောင်း မျှဝေပေးချင်ပါတယ်။
ဒီစာအုပ်ကို ဖတ်ရင်း အာဏာရှင်စနစ်ကို ကောင်းကောင်းထိန်းကျောင်း လည်ပတ်နိုင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးခေတ်နဲ့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်တွေကို နှိုင်းယှဉ်ပြီး လေ့လာနိုင်ပါတယ်။
ဒီစာအုပ်ထဲမှာ အာဏာရှင်စနစ် ဘယ်လိုအလုပ်လုပ်သလဲ၊ လည်ပတ်သလဲ၊ အာဏာပါဝါဘယ်လို ထူထောင်ကြသလဲ၊ ပုဂ္ဂိုလ်အခြေပြုစိတ်ကြိုက် ဘယ်လိုခြယ်လှယ်သလဲနဲ့ အာဏာရှင်စနစ် ဘယ်လိုပြိုကျသွားသလဲဆိုတာတွေ ရေးထားပါတယ်။ ရေးတဲ့သူတွေက Barbara Geddes, Joseph Wright နဲ့ Erica Frantz တို့ပါ။ ဒီစာအုပ်ကို ဖတ်ဖြစ်သွားတာက Barbara Geddes ကို လေးစားသဘောကျမိလို့ပါ။ အာဏာရှင်စနစ်လေ့လာရေးမှာ သူဟာ အတော်လေး လက်တွေ့ကျကျ သုံးသပ်ပြနိုင်တယ်လို့ ခံစားမိပါတယ်။ သူ့ရဲ့ ရှေ့ကထွက်ထားပြီးသား နိုင်ငံတော်တည်ဆောက်ရေးနဲ့ နှိုင်းယှဉ်နိုင်ငံရေးဆိုင်ရာ စာအုပ်နဲ့ စာတမ်းတွေမှာလည်း Rational Choice နဲ့ဆက်နွှယ်ပြီး တော်တော်လေး ရေးထားပါတယ်၊ အခုစာအုပ်မှာလည်း အာဏာရှင်တို့ရဲ့ နိုင်ခြေယုတ္တိအပေါ် ရွေးချယ်မှုပြုတတ်ကြတဲ့အကြောင်း စောင်းပေးရေးပါတယ်။
ဒီစာအုပ်ကို ၁၉၄၆ ကနေ ၂၀၁၀ ခုနှစ်အထိ ကမ္ဘာ့နိုင်ငံအသီးသီးက အာဏာရှင်စနစ်အမျိုးမျိုး (တပါတီအာဏာရှင်၊ စစ်အာဏာရှင်၊ ပုဂ္ဂိုလ်အခြေပြု စိတ်ကြိုက်ခြယ်လှယ်သူ အာဏာရှင်) ကို အခြေခံလေ့လာပြီး ရေးထားပါတယ်။ အာဏာရှင်စနစ် စပြီးသန္ဓေတည် သက်ဝင်ကျင့်သုံးချိန်ကနေ နောက်ဆုံးပြိုကျသွားတဲ့အချိန်၊ သို့မဟုတ် အသွင်ကူးပြောင်းလိုက်ရတဲ့အထိ အဆင့်ဆင့်ဖော်ပြထားပါတယ်။ သေချာတာကတော့ အာဏာရှင်စနစ်ဟာ အများစုထင်ကြသလို အမြဲတည်တံ့နေတာမျိုး မဟုတ်ပါဘူး၊ တချိန်ချိန်မှာ ပြိုကျသွားတယ်၊ သို့မဟုတ် အုပ်ချုပ်သူတွေက သူတို့အာဏာ သက်ဆိုးရှည်ရေးအတွက် ဝတ်စုံပြောင်းပေးတတ်ကြပါတယ်။
ပထမဆုံးအဆင့်။ အာဏာရှင်စနစ် ဘယ်လိုအစပြုသလဲဆိုတော့ အာဏာသိမ်းမှုကြောင့်၊ နိုင်ငံခြားက ဝင်ရောက်ကျူးကျော်မှုကြောင့်၊ လူထုအုံကြွမှုကြောင့်၊ အုပ်ချုပ်သူအေလိထ် (elite) အပြောင်းအလဲကြောင့်၊ လက်နက်ကိုင်ပုန်ကန်မှုတို့ကြောင့် ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ စစ်တပ်အာဏာသိမ်းမှုဟာ အာဏာရှင်စနစ် ဖြစ်ပေါ်လာရခြင်းအတွက် အတော်လေး အကျုံးဝင်သက်ဆိုင်ပြီး လူထုအုံကြွမှုနဲ့ အုပ်ချုပ်သူအေလိထ်အပြောင်းအလဲကြောင့် အာဏာရှင်စနစ် ဖြစ်ပေါ်လာဖို့တော့ ရာခိုင်နှုန်းနည်းပါတယ်။
စာအုပ်ထဲမှာ မပါပေမယ့် အာဏာရှင်စနစ်နဲ့ အာဏာသိမ်းမှုတွေအကြောင်း ရေးထားတဲ့ တချို့စာအုပ်တွေမှာတော့ (ဥပမာ - ဆင်မြူရယ်လ်ဟန်တင်တန်ရဲ့ Political Order in Changing Societies စာအုပ်) အာဏာသိမ်းမှုတွေမှာ အကြောင်းပြချက် သုံးမျိုးရှိတတ်တယ်လို့ ဆိုကြပါတယ်။ ပထမက နိုင်ငံရေးအကွဲအပြဲတွေ၊ ပဋိပက္ခတွေကြောင့် နိုင်ငံတော်ကို ကယ်တင်ကာကွယ် စောင့်ရှောက်ဖို့ဆိုတဲ့ အကြောင်းပြချက်ပါ။
ဒုတိယအချက်ကတော့ နိုင်ငံရေးအခင်းအကျင်းအသစ် ဖန်တီးဖို့ ရာထူးအငယ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေသူတွေက အာဏာသိမ်းဖို့ ကြိုးစားကြတာပါ။ နောက်ဆုံးတခုက လူထုအုံကြွမှုတွေကို နှိမ်နင်းဖို့အတွက် အထက်တန်းလွှာ အသိုင်းအဝိုင်းတွေရဲ့ ထောက်ခံမှုနဲ့ အာဏာသိမ်းတာမျိုးပေါ့။ အကျဉ်းရုံးပြောရရင် အုပ်ချုပ်သူခေါင်းဆောင် ပြောင်းလဲဖို့ (လူပြောင်းဖို့) အာဏာသိမ်းတတ်သလို၊ အုပ်ချုပ်ရေးစနစ် ပြောင်းဖို့ (မူပြောင်းဖို့) လည်း အာဏာသိမ်းကြတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အာဏာသိမ်းမှု သုံးကြိမ်ဟာ ဘယ်လိုအမျိုးအစားထဲမှာ ပါသလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။
တခု သတိထားစရာက အာဏာသိမ်းတဲ့ ဖြစ်စဉ်ကို တဦး တယောက်တည်း ကြံစည်လုပ်ဆောင်လို့ မရပါဘူးဆိုတာကိုပါ။ တဦးတည်း ကောင်းစားဖို့အတွက် ကျန်တဲ့သူတွေက နောက်လိုက် လုပ်ရတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ စွန့်စားရတဲ့ကိစ္စမို့ နဂိုကတည်းက ကြိုတင်စီမံ အကွက်ချပြီး၊ ထောက်ခံသူလူတစုနဲ့ ပူးပေါင်းဆောင်ရွက်ရပါတယ်။ ဒါကြောင့်လည်း အာဏာသိမ်းပြီးသွားလို့ အာဏာရလာတဲ့အခါ အတူပူးပေါင်းပါဝင်ခဲ့တဲ့ အာဏာသိမ်းအုပ်စု အဖွဲ့ဝင်တွေကြားမှာ အချင်းချင်း ပွတ်တိုက်မှုမရှိအောင် စဉ်းစားကြရပါတယ်။ ဒီအခါမှာ အဖွဲ့ဝင်လူတစုဟာ ရာထူး၊ အာဏာ၊ စီးပွားဥစ္စာကို ဝေစားမျှစားဖို့ သဘောတူကြရတော့တာပဲ။ ဒီအဆင့်ကို အာဏာရှင်စနစ် ခိုင်မာအောင် ပြုလုပ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။
ဒီအဆင့်မှာ အာဏာရှင်အတွက် အကျပ်အတည်းတခု ရှိပါတယ်။ အဲဒါက သူ့အဖွဲ့ဝင်တွေဟာ အချင်းချင်း မသင့်မြတ်၊ အပြိုင်အဆိုင်ဖြစ်နေကြရင် သူ့အတွက် အာဏာတည်မြဲဖို့ ခက်ခဲစေပါတယ်။ ဒါမှမဟုတ် အချင်းချင်း အရမ်းစည်းလုံးနေရင်လည်း အားလုံးစုစည်းပြီး သူ့ကို ပြန်ဖြုတ်ချမှာကို စိုးရိမ်ရပြန်တယ်။ အာဏာရှင်ဟာ ဒီနှစ်ခုကို သတိကြီးကြီးထားပြီး ကိုင်တွယ်ရပါတယ်။ နောက်တခုက လူမျိုးစုတွေနဲ့ ပတ်သက်ပြီးတော့လည်း စာအုပ်ထဲမှာ ရှင်းပြထားပါသေးတယ်။ လူမျိုးစုတွေကြားမှာ သပ်လျှိုပြီး အလွမ်းသင့်သူတချို့ကိုသာ အာဏာရှင်ဟာ အာဏာခွဲဝေပေးပါတယ်။ ဒီနည်းနဲ့ လူမျိုးစုတွေရဲ့ အင်အားကို ချည့်နဲ့စေပြီး သူ့ကို ပုန်ကန်မယ့်အခြေအနေတွေကိုလည်း အာဏာရှင်ဟာ ထိန်းချုပ်ထားလိုက်ပါတယ်။ ဒါ့အပြင် မျိုးနွယ်စုတွေကြားမှာ အချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန်လာအောင်လည်း မီးမွှေးတတ်ပါသေးတယ်။
ဥပမာ- ဥဘက်ကစ္စတန်နိုင်ငံမှာ ဆမားကန်းမျိုးနွယ်စုတို့ရဲ့ အကြီးအကဲ အစ္စမေးလ်ဂျူရာဘီကော့ရဲ့ ထောက်ခံမှုနဲ့ သမ္မတဖြစ်လာတဲ့ ကာရာမော့ဟာ အာဏာရလာပြီးနောက်ပိုင်းမှာ မျိုးနွယ်စုတွေအချင်းချင်းကြား ပွတ်တိုက်ပြိုင်ဆိုင်မှုတွေ များလာစေတဲ့နည်းနဲ့ သူ့အာဏာကို တည်မြဲစေခဲ့ပါတယ်။
အာဏာခိုင်မြဲအောင် တည်ဆောက်ခြင်းအဆင့်မှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက် ရှိပါသေးတယ်။ ခုနက ပြောခဲ့သလို အာဏာသိမ်းတုန်းက ကြံရာပါအဖွဲ့ထဲက ခေါင်းဆောင်ဟာ အာဏာရှင်ဖြစ်လာပေမဲ့ သူ့အဖွဲ့သားတွေဟာ သူ့ကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့အနေအထား ရှိပါတယ်။ အဖွဲ့ဝင်တွေဟာ ခေါင်းဆောင်ဖြစ်သူကို သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကို အဓိက ဖော်ဆောင်ပေးဖို့ မျှော်လင့်ကြပါတယ်။ ခေါင်းဆောင်ကို ဖိအားပေးတဲ့အခါမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီအခါမှာ အာဏာရှင်ဟာ အဲဒီအဖွဲ့ဝင်တွေရဲ့ သြဇာကနေ လွတ်အောင် ပုဂ္ဂိုလ်အခြေပြုစိတ်ကြိုက် အနေအထားကို ဖော်ဆောင်ဖို့ တဖြည်းဖြည်းအကဲစမ်း လာတော့တာပါပဲ။ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေမှာ သူ့သြဇာကို ချဲ့လာပါတယ်။ တပ်ဖွဲ့ဝင်အသစ်တွေ ခန့်တာ၊ ရာထူးအသစ်တွေ ဖန်တီးတာ၊ လူခန့်တာတွေမှာ သူ့စိတ်ကြိုက် ခန့်နိုင်အောင်၊ ဒါမှမဟုတ် သူ့သဘောအတိုင်း ရာထူးအပြောင်းအလဲတွေ လုပ်ပြီး တစတစ ချုပ်ကိုင်လာပါတော့တယ်။ အဲဒီလိုနည်းနဲ့ သူ့ကို သစ္စာခံတဲ့ အမာခံပဉ္စမံတပ်ဖွဲ့ကို ခါးပိုက်ဆောင်ထားလိုက်ပါတယ်။
နောက်ထပ်တနည်းကတော့ ပါတီထောင်တဲ့နည်းပါ။ အထူးသဖြင့် ပုဂ္ဂိုလ်အခြေပြု စိတ်ကြိုက်အာဏာထူထောင်တဲ့ အာဏာရှင်စနစ်မှာ ဒါမျိုး ရှိတတ်ပါတယ်။ ပါတီထောင်ပြီး တချို့တွေကို ပါတီဘက်ကို ကူးပြောင်းပေးတဲ့နည်းမျိုးနဲ့ အာဏာယန္တရားထဲမှာတောင် အာဏာရှင်လက်ထဲက လွဲပြီး တခြားနေရာမှာ အာဏာ စုစည်းမနေအောင် ဖန်တီးလိုက်ပါတယ်။ ပါတီထောင်ရခြင်း နောက်ထပ်အကြောင်းအရင်းတခုက သူတို့တွေဟာ အာဏာသိမ်းပြီးမှ အာဏာရလာသူတွေပါ။ လူထုထောက်ခံမှုနဲ့ ခေါင်းဆောင်ဖြစ်လာသူမဟုတ်တဲ့အတွက် တရားဝင်အစိုးရ မဟုတ်ပါဘူး။ ဒါကြောင့် တရားဝင်မှုရှိအောင် တချိန်မှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် အာဏာရှင်ဟာ ပါတီကို တည်ထောင်တာမျိုး လုပ်တတ်ပါတယ်။
နောက်တဆင့်ကတော့ အာဏာရှင်သန်ရေးအတွက် လုပ်ဆောင်ရတာပါ။ အာဏာခိုင်မြဲအောင် တည်ဆောက်ပြီးသွားရင် ဆက်လက်ပြီး ရှင်သန်အောင်၊ အာဏာအဓွန့်ရှည်တည်တံ့အောင် အာဏာရှင်တွေဟာ သူတို့ ဆိုးသက်ကို ဆွဲဆန့်ကြပါတယ်။ ဒီအဆင့်မှာ သူတို့ရင်ဆိုင်ရတာ နှစ်ခုရှိပါတယ်။ ပထမအချက်က သတင်းအချက်အလက် မှန်မှန်ကန်ကန် မရရှိနိုင်တာနဲ့ တန်ပြန်တော်လှန်မှုတွေ ဖြစ်မလာအောင် ဘယ်လိုဖိနှိပ်ထားမလဲ ဆိုတာပေါ့။ အာဏာရှင်ကို ကြောက်တဲ့အတွက် အောက်လက်ငယ်သားတွေဟာ အမှန်အတိုင်း မတင်ပြရဲကြတော့ဘူး။ ဒီအခါမှာ အာဏာရှင်ဟာ သူ့ရဲ့အကြွင်းမဲ့ပါဝါကို အထင်ကြီးစိတ် ဝင်လာတာနဲ့အမျှ လူထုနဲ့ပိုမိုကင်းကွာလာပြီး ဆုံးဖြတ်ချက်တွေဟာလည်း တိုင်းပြည်ရဲ့ အနာနဲ့ ဆေး လွဲသလို လွဲချော်လာနိုင်ပါတယ်။ နောက်တခုက အဲဒီလိုသတင်းအချက်အလက် သေချာမရတဲ့အတွက် ဘယ်လောက်အတိုင်းအတာအထိ ဖိနှိပ်ထားရမလဲဆိုတာ မပေါ်လွင်တော့ပါဘူး။ အထူးသဖြင့် သူ့ပါဝါကို လှုပ်ကိုင်ပြီး အာဏာသိမ်းနိုင်ခြေရှိတဲ့ အုပ်စုတွေအကြောင်း သူ သိပ်မသိနိုင်တော့တာပေါ့။ အဲဒါကြောင့် အာဏာရှင်ဟာ အထူးလျှို့ဝှက်စုံစမ်းရေးအဖွဲ့တို့၊ ထောက်လှမ်းရေးအဖွဲ့တို့ကို ဖွဲ့စည်းပြီး တန်ပြန်ထောက်လှမ်းစုံစမ်းစေပါတယ်။
နောက်ဆုံးအဆင့်ကတော့ အာဏာရှင် ပြိုကျသွားတဲ့အဆင့်ပါ။ နောက်ထပ်အာဏာသိမ်းမှုကြောင့်၊ ရွေးကောက်ပွဲကြောင့်၊ လူထုအုံကြွမှုကြောင့်၊ ပြည်တွင်းစစ်ကြောင့်၊ အုပ်ချုပ်ရေးအဖွဲ့ထဲက အပြောင်းအလဲကြောင့်၊ နိုင်ငံခြားက ကျူးကျော်ဝင်ရောက်မှုကြောင့် စတဲ့အချက်တွေကြောင့် အာဏာရှင်ဟာ ပြုတ်ကျသွားနိုင်သလို အာဏာရှင်စနစ်ကလည်း ချုပ်ငြိမ်းသွား၊ သို့မဟုတ် ပုံပြောင်းသွားနိုင်ပါတယ်။ အာဏာရှင်စနစ် ပြိုကျတာမဟုတ်ဘဲ အာဏာရှင်သာ ပြုတ်ကျတာဆိုရင်တော့ နောက်အသစ်လာမယ့် အာဏာရှင်ဟာ အထက်ကနည်းတွေအတိုင်း သူ့ပါဝါကို ပြန်တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့် အာဏာရှင်တချို့ဟာ အသေမထွက်ရရေးအတွက် ရွေးကောက်ပွဲ လုပ်ပေးတဲ့နည်းမျိုးနဲ့ အရေခွံပြောင်းပြီး တနည်းတဖုံ အာဏာသက်ကို ဆွဲဆန့်ကြပါတယ်။
တကယ်တော့ အာဏာရှင်ဟာ သူ့အာဏာသက်တည်မြဲရေးအတွက် ရာထူးခန့်အပ်တာ၊ ဖြုတ်ချတာ၊ လူမျိုးစု အထက်တန်းလွှာတွေနဲ့ ပေါင်းပြီး အာဏာခွဲဝေတာ၊ ပါတီထောင်တာ၊ အထူးလျှို့ဝှက်စုံစမ်းရေးတပ်ဖွဲ့ဖွဲ့တာ စတဲ့ နိင်ခြေအတွက် ယုတ္တိကျတဲ့ ရွေးချယ်မှုတွေ လုပ်တတ်သလို၊ သူ့အနီးအနားက လူတွေကလည်း အာဏာရှင်ကို ဆက်လက်ထောက်ခံရေး၊ မထောက်ခံရေးကိစ္စမှာ သူတို့ရဲ့ အကျိုးစီးပွားကို အမြဲတွက်ချက်နေတတ်ပါတယ်။ အဓိကကတော့ ဒီစာအုပ်ထဲမှာ အုပ်ချုပ်သူ အာဏာရှင်နဲ့ ပြည်သူတွေအကြားက အကြောင်းအရာထက်၊ အုပ်စိုးသူအလွှာမှာ အချင်းချင်းအကြားက အပြိုင်အဆိုင်တွေနဲ့ ယန္တရားတည်ဆောက်ပုံကိုသာ အဓိက ရေးထားပါတယ်။ ဒါကိုဖတ်ပြီး မြန်မာပြည်အခြေအနေနဲ့ နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်။ ဘယ်အချက်တွေနဲ့ အကျုံးဝင်ကိုက်ညီခဲ့သလဲ၊ ကိုက်ညီနေသလဲ ဆိုတာကိုပေါ့။
သော်တာအေးလဲ့
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar