ရဲသျှမ်း - စာရေးဆရာ ညိုထွန်းလူရဲ့ “သူသည် လူတစ်ယောက် ဖြစ်ခဲ့သည်” လုံးချင်းဝတ္ထု ခံစားမှု
စာရေးဆရာ ညိုထွန်းလူရဲ့ “သူသည် လူတစ်ယောက် ဖြစ်ခဲ့သည်” လုံးချင်းဝတ္ထု ခံစားမှု
ရဲသျှမ်း
(မိုးမခ) မတ် ၇၊ ၂၀၂၂
လုံးချင်းဝတ္ထုတွေ၊ မဂ္ဂဇင်းတွေ စည်ဝေခဲ့တဲ့ ခေတ်ကာလတခုရှိခဲ့ဖူးပါတယ်။ စာဖတ်သူအမျိုးမျိုးအတွက် ရသမျိုးစုံပေးနိုင်တဲ့စာအုပ်တွေပဲ ဖြစ်တယ်။ သိုင်း၊ စုံထောက်၊ အချစ်၊ ဘာသာပြန်၊ ဘဝသရုပ်ဖော်…စသဖြင့် လုံးချင်းဝတ္ထုစာအုပ်တွေ လစဉ်မပြတ်ထုတ်ဝေခဲ့ကြတာပါ။ စာအုပ်အငှားဆိုင်တွေ ရှင် သန်ခဲ့တဲ့ ကာလတခုမှာပေါ့။ နောင်တော့ စာအုပ်အငှားဆိုင်တွေဘက်ခြေဦးမလှည့်နိုင်တော့တဲ့ အခြားသောဖျော်ဖြေမှုတွေနောက် ရောက်သွားတဲ့အခါမှာတော့ လုံးချင်းဝတ္ထုတွေလည်း အထွက်ကျဲလာပါတော့တယ်။
ပြီးခဲ့တဲ့ ၄−၅နှစ်မှာ လုံးချင်းဝတ္ထုတွေပြန်ထွက်လာကြတာကို ဝမ်းမြောက်ဝမ်းသာတွေ့လာရပါတယ်။ တလျှောက်လုံး ဝတ္ထုတိုတွေ မဂ္ဂဇင်းဝတ္ထုရှည်တွေလောက်ရေးခဲ့တဲ့ ဆရာ၊ ဆရာမတွေလည်း လုံးချင်းဝတ္ထုတွေရေးလာပါတယ်။ တစ်နှစ် တစ်အုပ်လောက်ရေးနိုင်ဖို့ကိုပဲ အတော်အားထုတ်ရတဲ့ အနေ အထားမှာ ကိုယ်ဖြတ်သန်းခဲ့တဲ့၊ ဖြတ်သန်းနေတဲ့ ခေတ်အခြေအနေကို ထင်ဟပ်တဲ့စာကိုသာရေးကြတာဆိုတော့ ထုတ်ဝေသူတွေလည်း အတော့်ကို ချင့်ချိန်ရမယ့်အခြေအနေရောက်နေချိန်နဲ့တိုက်ဆိုင်လာတဲ့အခါ စာအုပ်ထုတ်ဝေရေးလည်း ပြန်ပြီးချည့်နဲ့လာပြီလို့ မြင်မိတယ်။ စက္ကူဈေးမြင့်တာ၊ မီးမလာလို့ လုပ်ငန်းနှောင့်နှေးတာ၊ ပို့ဆောင်ခတွေမြင့်တက်တာအပြင် ဈေးကွက်ကဖယ်ရှားခံရလေမလား အတွေးရောက်နေကြမှာပါပဲ။ ( ကျွန်တော်ဆို ပထမဆုံးလုံးချင်းဝတ္ထုလေးပြီးခဲ့တဲ့ နိုဝင်ဘာမှာရေးပြီးခဲ့ပေမဲ့ ထုတ်ဝေသူအခက်အခဲတွေကိုတွေးဆပြီး စာမူသိမ်းထားလိုက်တော့တယ်။)
သည်အခက်အခဲတွေကြားမှာပဲ ဆရာညိုထွန်းလူရဲ့ “ သူသည် လူတစ်ယောက် ဖြစ်ခဲ့သည်” ဆိုတဲ့ လုံးချင်းဝတ္ထုထွက်လာပါတယ်။ ၃၁မေ ၂၀၂၀ မှာ ရေးပြီးခဲ့ပြီး ၂၀၂၂ မတ်လမှာမှ ထွက်လာနိုင်တာပါ။ ဆရာ့ရဲ့ ပထမဆုံးလုံး ချင်းဝတ္ထုဖြစ်ပါတယ်။ ဒုတိယ ရေးတဲ့ “ တိမ်တိုက်တွေထဲက အိပ်မက်တွေ” က ၂၀၂၁ ဇန်နဝါရီမှာ ထွက်တာဆိုတော့ ရှေ့နောက်လွဲသွားတာပါ။
“သူသည် လူတစ်ယောက် ဖြစ်ခဲ့သည်” ကိုဖတ်နေတဲ့အချိန်မှာ John Stein Beck ရဲ့ Of Mice and Men ( ဆရာမောင်ထွန်းသူ ဘာသာပြန်−ဒို့ပိုင်တဲ့မြေ) ရဲ့ဇာတ်ကောင် Lennie (လင်နီ) ကို သတိရနေမိပါတယ်။ ဆရာညိုထွန်းလူရဲ့ဇာတ်ကောင် ရဲဒင်က လင်နီလိုစရိုက်ရှိတဲ့ ခွန်အားကြီးပြီး အသိဉာဏ် အားနည်းသူတယောက် ဖြစ်နေတာပါ။ လင်နီက ခွေးကလေးတွေ၊ ကြွက်ဖြူကလေးတွေကို ချစ်တယ်။ အရွယ်ရောက်သူမို့လိင်စိတ်လည်း ရှိတယ်။ ကိုရဲဒင်ကလည်း အဲသည်လိုပါပဲ။ သူ ဆန်စက်ဝင်းထဲမှာမွေးထားတဲ့ဝက်တွေကို သူငယ်ချင်းလို၊ မိသား စုလိုဖြစ်ပြီး ကြင်နာမှုပေးတယ်။ ဆန်စက်အလုပ်သမ မအေးရှင်ကိုရင်ခုန်တတ်တယ်။ ဇာတ်ကြောင်းပြောသူကောင်လေး( စာရေးသူငယ်ဘဝ)ရဲ့ဖခင်ကို အကြောက်ကြီး ကြောက်တယ်။ ဒို့ပိုင်တဲ့မြေဝတ္ထုထဲက George ကို လင်နီ ကြောက်သလိုမျိုးပါပဲ။
နောက် ဖတ်ရင်းမြင်ယောင်မိတာက ကာဇက်စာရေးဆရာ Chingiz Aitmatov ရဲ့ Jamila ( ဆရာမြသန်းတင့် ဘာသာပြန် မိုးအဆုံးမြေအဆုံး) ဝတ္ထုရဲ့ မြင်ကွင်းတွေ၊ ဆက်တင်တွေပါပဲ။ ဂျိုးထောင် ရွာကလေးရဲ့ဆန်စက်ဝင်းထဲကနေ ကြိတ်ခွဲပြီးတဲ့ ဆန်အိတ်တွေဘူတာရုံကလေးဆီ လှည်းတွေနဲ့ ပို့တဲ့အခန်းတွေက ကာဇက်စတန်ရဲ့ ရှေ့တန်းစစ်မြေပြင်အတွက် ဘူတာရုံကလေးဆီ ရိက္ခာပို့ရတဲ့မြင်ကွင်းတွေလို ခံစား၊ ရင်မောနေရပါတယ်။
ထင်ရှားတဲ့ နိုင်ငံတကာ ဝတ္ထုတွေလို ဆရာညိုထွန်းလူ ရဲ့ scene, charecters, setting တွေ စာဖတ်သူကို ညှို့ယူနိုင်တယ်လို့ ပြောချင်ပါတယ်။ အထူးသဖြင့် ဇာတ်လမ်းအားပြုထားတာမဟုတ်ဘဲ ကိုယ့်အဖေ၊ အမေတောင်မသိသူ၊ ဉာဏ်ရည်နိမ့်ပါးပြီး ခွန်အားကြီးသူတယောက်ရဲ့နှလုံးသားကို သူ့ဘေးမှာရှိနေခဲ့တဲ့ ဇာတ်ကောင်တွေရဲ့မေတ္တာတွေနဲ့ ရက်ရှယ်ရေးသွားတာမို့ ကျွန်တော်တို့ဖတ်နေရတဲ့ဝတ္ထုတွေနဲ့ ကွဲထွက်သွားတာဖြစ်ပါတယ်။
တော်လှန်ရေးကောင်စီ အစောပိုင်းကာလနောက်ခံကိုလည်း စာရေးသူက ကျွဲကူးရေပါထင်ဟပ်ပြသွားတာလည်း ကျေနပ်စရာကောင်းလှပါတယ်။ ဆန် စက်ပိုင်၊ စက်ပိုင်ကတော် (စာရေးသူရဲ့ ဖခင်၊ မိခင်) တို့ရဲ့ဇာတ် ကောင်စရိုက်တွေကို အပြတွေနဲ့ပြထားပါလျက် စာရေးသူက နှုတ်ပြောနဲ့ ထပ်တလဲလဲ ပြန် ပြောနေတာလေးတွေကိုတော့ ဆရာညိုထွန်းလူသတိမထားမိတာလားမသိ။ ပြထားပြီမို့ မပြောစေချင်တာဖြစ်ပါတယ်။ ( ကျွန်တော့်အမြင်ပါ၊ ကွဲလွဲနိုင်ပါတယ်)
ထမင်းတနပ်ကို နို့ဆီဘူးနှစ်လုံးချက်စားနိုင်တဲ့ ကိုရဲဒင်၊ တစ်တင်းခွဲ ဆန်နှစ်အိတ်ကို အသာလေးပွေ့သွားနိုင်တဲ့ ကိုရဲဒင်၊ စက်ပိုင်ကို ဘဘလို့ခေါပြီး တုန်နေအောင်ကြောက်ရှာသူ၊ ကောင်လေးကို ပခုံးပေါ်တင်ပြီးချစ်တတ်သူ၊ ဝက်ကလေးတွေကို သွေးသားရင်းပမာ သံယောဇဉ်ကြီးသူ…သူဟာ လူတယောက် ဖြစ်ခဲ့ပါတယ်။ သူ့ဘဝကို ကတိမ်းကပါး၊ ကမောက်ကမဖြစ်အောင် နောက်ဆုံး သူ့ခွန်အားတွေကို ဝါးမျိုစုပ်ယူလိုက်သူတွေက သူ့ထက် အသိဉာဏ် ကြီးသူတွေပါ။ သို့ပေမဲ့….နှလုံးသားမလှတဲ့သူတွေ ဖြစ်ပါတယ်။
အပြစ်မဲ့လူသားတဦးဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းတွေ၊ လူ့အခွင့်အရေးတွေမရှိခဲ့ပေမဲ့ သူချစ်တတ်ခဲ့တယ်။ ခွန်အားတွေ ပေးဆပ်ခဲ့တယ်။ ငွေကြေးဓနဆိုတာ သူ့အတွက်အရေးအရာမဟုတ်ခဲ့သူ ကိုရဲဒင်ဆိုတဲ့လူတယောက် ဟောသည် ကမ္ဘာမြေမှာ၊ သည်နိုင်ငံမှာ၊ ကောလင်းနယ်ထဲမှာ ရှိခဲ့ဖူးပါတယ်။ လူ ပီသစွာပေါ့။
ဆရာညိုထွန်းလူ ကြေကြေကွဲကွဲရေးဖွဲ့လောက်အောင် ကိုရဲဒင်ဟာ ချစ်စရာကောင်းလွန်းခဲ့ပါတယ်။ ဝတ္ထုရဲ့ နောက်ဆုံးစာမျက်နှာတွေ ဖတ်နေရချိန်မှာ ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေ စွတ်စိုလို့ပါ။ စက်ပိုင်ကြီးနဲ့စက်ပိုင်ကတော်(စာရေးသူအဖေနဲ့အမေ)တို့ရဲ့ လှပတဲ့နှလုံးသားကိုလည်း မြင်နေမိတယ်။
ကောင်လေးရေ….ဆိုတဲ့အသံကို စာဖတ်သူပါ နှလုံးသားက ထပ်တလဲလဲကြားနေရမှတော့ ကောင်လေး ဆိုတဲ့ ဆရာညိုထွန်းလူ ဘယ်လောက်များ ကြေ ကွဲခံစားခဲ့ရပါလိမ့်…။
အခုတော့ ဆရာညိုထွန်းလူက သူတို့မိသားစုဘဝထဲ ခဏတာရောက်လာသူ ကိုရဲဒင်ကို စာဖတ်သူရင်ထဲ ထာဝရထည့်လိုက်ပါပြီလေ။
ရဲသျှမ်း
၆ မတ် ၂၀၂၂
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar