မောင်မောင်စိုး - ကျနော်သိတဲ့ ဖလုံ-စဝေါ်
(မိုးမခ) မတ် ၆၊ ၂၀၂၂
ဖလုံ-စဝေါ် ဆိုတာ ကရင်မျိုးနွယ်လို့သိရပါတယ်။ ဒါပေမဲ့ wiki ထဲမှာ ဖေါ်ပြတဲ့ မြန်မာအစိုးရက အသိ အမှတ်ပြုတဲ့ ကရင်မျိုးနွယ်စု ၁၁ စုထဲမှာတော့ ပါဝင်တာ မတွေ့ရပါ။ သို့သော်လည်း တိုင်းသားလူမျိုးတွေနဲ့ပတ် သက်တဲ့ အစိုးရထုတ်စာရင်းတွေက မတိကျဘူးလို့ တိုင်းရင်းသားလူမျိုးတိုင်းလိုလိုက ထောက်ပြကြပါတယ်။ ဖလုံစဝေါ်ဆိုတာ ကရင်မျိုးနွယ်စုတခုကိုခေါ်တာလား (သို့မဟုတ်) ဒေသတခုကို အစွဲပြုခေါ်တာလား သို့မဟုတ် ကရင်လူမျိူးအား အခြားအဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် ခေါ်ဆိုတာလားတော့ ကျနော်မသိပါ။ ကျနော်လေ့လာရအုံးမဲ့ ကိစ္စတခုဖြစ်ပါတယ်။
ဒါပေမဲ့ ဖလုံ-စဝေါ် ဒီမိုကရက်ပါတီ (Phalon-Sawaw Democratic Party) ဆိုတဲ့ ကရင်လူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီတရပ် ဘားအံမြို့မှာအခြေပြုပြီး ၂၀၁၀ ခုနှစ်စပြီး တရားဝင်ဖွဲ့စည်းခဲ့တာတွေ့ရပါတယ်။ ခုရက် ပိုင်းမှာလဲ ဘားအံတောင်ကလေးဆရာတော်အမှူးပြုပြီး ဖလုံ-စဝေါ်အသေးစားငွေချေးလုပ်ငန်း ထူထောင်တဲ့သတင်းဖတ်ရပါတယ်။ ဒီအခါ ကျနော် တစွန်းတစ ထိတွေ့ခဲ့ရတဲ့ ဖလုံစဝေါ်နဲ့ ပတ်သက်မှုကို ပြန်သတိရမိပါတယ်။
၁၉၈၁ ခုနှစ် ကျနော် ဗမာပြည်ကွန်မြူနစ်ပါတီထဲ ရှိစဉ်ကာလကပါ။ မြောက်ပိုင်းဗျူရိုအတွင်းရေးမှူး ရဲဘော်အောင် ခေါ် ဗိုလ်မျိုးမြင့် (အသားမဲ) နဲ့အတူ သူရဲ့ရုံးအဖွဲ့ဝင်အဖြစ် ပန်ဆန်းဗဟိုဌာနချုပ်ကို မြောက်ပိုင်းဗျူရိုရုံးရှိရာ မုန်းကိုးကနေ ခရီးထွက်ရပါတယ်။ ခရီးထွက်ရတဲ့နေ့မှာ ကျနော် ပါတီကရဲဘော်တွေအပြင် မျက်နှာစိမ်းရဲဘော်တယောက်ပါပါတယ်။ အသားဖြူဖြူ ကတုံးနဲ့ပါ။ ရုပ်ကတော့ ကရင်နဲ့တူတယ်လို့ ခန့်မှန်းရပါတယ်။ သူနံမည်ကို ကိုနီလို့မိတ်ဆက်ပေမဲ့ အမည်ရင်းတော့ မဟုတ်ပါဘူး။ လမ်းတလျောက်မှာ ကိုနီနဲ့ပတ်သက်ပြီး လိုအပ်တာစီစဉ်ပေးဖို့ ကျနော့်ကို တာဝန်ပေးပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်း စည်းကမ်းအရ သူဘယ်သူ ဘယ်ဝါဆိုတာ စပ်စုမေးမြန်းခွင့်မရှိပါဘူး။ ပန်ဆန်းရောက်တော့ ကိုနီဟာ ပါတီထဲက ကိုးကိုးကျွန်းပြန်တွေဖြစ်တဲ့ ကိုသံချောင်း (လူထု)၊ ကိုအောင်ငြိမ်း (မြင်းခြံ) တို့နဲ့ ရင်းနှီးကြောင်း တွေ့ရတဲ့အတွက် သူလဲ ကိုးကိုးကျွန်းပြန်တယောက်မှန်း သိခဲ့ရပါတယ်။ ပန်ဆန်းမှာ တလခန့်ကြာပြီး မုန်းကိုးပြန်လာတော့လဲ အတူပြန်ပါလာပါတယ်။ ပန်ဆန်းကပြန်လာပြီးနောက် ကိုနီတယောက် မန်ရှိုး (မန်ဟီးရိုး) တဆင့် မြို့ပေါ် ပြန်ထွက်သွားပါတယ်။ အဲဒီတုန်းက သူ့ကို ပါတီမြေအောက်လုပ်ငန်းကလား ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ လျှို့ဝှက်ရေးအရ မေးမြန်းခွင့်မရှိတဲ့အပြင် သူနဲ့လဲ နောက်တခေါက် မတွေ့ရတော့ပါ။
ကိုနီ ပြန်ပြီး တနှစ် ၂ နှစ်ခန့်အကြာမှာ မုန်းကိုး မြောက်ပိုင်းဗျူရိုရုံးကို ကရင်ရဲဘော်တယောက် ရောက်လာပါတယ်။ အသက် ၂၀ ခန့်လောက်ရှိပြီးတက်ကြွဖြတ်လတ်တဲ့ ကရင်လူငယ်တယောက်ပါ။ နံမည်ကိုတော့ မောင်ခင်မြင့်လို့ခေါ်ပေမဲ့ အမည်ရင်းတော့မဟုတ်ပါဘူး။ မြောက်ပိုင်းဗျူရိုရုံးမှာ ဆက်သွယ်ရေးသင်တန်းလာတက်တာပါ။ သူဘယ်သူဘယ်ဝါ ဘယ်ကလာတယ်ဆိုတာ အများကို လျှို့ဝှက်ထားပေမဲ့ လုပ်ငန်းသဘောသဘာဝအရ ဆက်စပ်နေတော့ ကျနော်ကတော့ အနည်းအကျဉ်း သိရပါတယ်။ သူရဲ့ထူးခြားချက်က သတ်သတ်လွတ်စားတာပါဘဲ။ ငယ်ရွယ်တဲ့ကရင်လူငယ်တယောက်ပေမဲ့ သတ်သတ်လွတ်စားတဲ့ ဗုဒ္ဓဘာသာဝင်တယောက်ဆိုတာ သိခွင့်ရသလို ကိုနီရဲ့အဆက်အစပ်နဲ့ ရောက်လာပြီး ပါတီကမဟုတ်ဘဲ သီးခြားအဖွဲ့အစည်းကဖြစ်ကြောင်း သတိထားမိပါတယ်။ ဖလုံစဝေါ် အဖွဲ့ဆိုတာစပြီး ကြားဘူးခဲ့ပါတယ်။ မောင်ခင်မြင့်လဲ တနှစ်လောက်နေတော့ ပြန်ပျောက်သွားပြီး နောက်တခါ ထပ်မတွေ့တော့ပါ။
၁၉၈၇ ခုနှစ် စီစီဝမ်တာပန်တိုက်ပွဲအပြီး ကိစ္စတခုနဲ့ ကိုးကန့်သွားရပါတယ်။ ကျနော်တို့ကိစ္စအပြင် လမ်းကြုံကတော့ လူတယောက်ကို ပို့ပေးဖို့တာဝန်ယူရပါတယ်။ သူက ကရင်လူမျိုးတယောက် အသက် ၄၀/၅၀ ခန့်ရှိမယ်ထင်ပါတယ်။ သူနံမည်တော့ မမှတ်မိတော့။ အဲဒီကာလက နံမည်အမှန်လဲ ပြောလေ့မရှိတော့ အလေးထား မမှတ်တာလဲ ပါပါတယ်။ အဖွဲ့အစည်းစည်းကမ်းတွေအရ မေးမြန်းပြောဆိုခွင့်မရပေမဲ့ သူဟာ ကိုနီတို့ မောင်ခင်မြင့်တို့ ဖလုံစဝေါ်အဖွဲ့ က ဥက္ကဌဖြစ်ကြောင်းတော့ သိခဲ့ရပါတယ်။ ပန်ဆန်းသွားပြီး သခင်ဗသိန်းတင်နဲ့ ဆွေး နွေးဖို့ပါ။ ကျနော်တို့က သူကို မုန်ကိုးကနေ ကိုးကန့် ခရိုင်ရုံးရှိရာ လောက်ကိုင်မှာလက်လွှဲပေးပြီး ကိုးကန့်ခရိုင်က သူ့ကို ပန်ဆန်းကိုဆက်ပို့ပေးပါတယ်။ နောက်လဲ သူနဲ့ ထပ်မဆုံတော့ပါ။
ဒါဟာ ၁၉၈၁ မှ ၁၉၈၇ ခုနှစ်ကြား ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဖလုံစဝေါ်အဖွဲ့တခု သို့မဟုတ် အင်အားစုတခုရဲ့ ဆက်ဆံရေးလဲဖြစ်ပါတယ်။ လျှို့ဝှက်စည်းမျဉ်းစည်းကမ်းတွေကြောင့် မေးမြန်းခွင့်မရှိတာကြောင့် အသေး စိတ်တော့ မသိရပါ။ သူတို့ဟာ သီးခြားလက်နက်ကိုင် ဖလုံစဝေါ်အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်ဖို့ ပြင်ဆင်နေတာလား၊ ဒါမှမဟုတ် KNU ထဲက ခွဲထွက်ဖို့ ကြိုးစားနေတာလားဆိုတာတော့ မသိရပါဘူး။ အဲဒီအဖွဲ့ရှိသေးလား ဒါမှမဟုတ် သူတို့ရဲ့အဆက်အနွယ်တွေရှိသေးလားဆိုတာလဲ မသိတော့ပါ။ ကျနော် တွေ့ခဲ့ဘူးတဲ့ ဖလုံစဝေါ် အဖွဲ့ထဲ အငယ်ဆုံး မောင်ခင်မြင့်တောင် ခုရှိနေသေးရင် အသက် ၆၀ တန်းလောက်တော့ရှိမယ်ထင်ပါတယ်။ ဒါကတော့ ခုထိ ကျနော့်အတွက် ပဟေဠိတပုဒ်အဖြစ် ကျန်နေဆဲဖြစ်တဲ့ ကျနော်သိတဲ့ ဖလုံစဝေါ်ပါ။
မောင်မောင်စိုး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar