Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၃ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၁ လ ၂၃ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၂၄၊ ၂၀၂၂


မတ်လ ၂၃ ရက် - ကြံ့ခိုင်ရေးရဲ့ မဟာမိတ် ဦးခင်ရွှေနဲ့  ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တချို့ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်

ခုရက်ပိုင်း သတင်းတွေထဲ စိတ်ဝင်စားကြတဲ့ သတင်းတပုဒ်ကတော့ ခရိုနီလို့ ခေါ်ဆိုကြတဲ့ အာဏာပိုင်တွေနဲ့ နီးစပ်ပြီး ချမ်းသာကြတဲ့ လုပ်ငန်းမျိုးစုံလုပ်ကိုင်သူ လုပ်ငန်းရှင်ကြီးတွေထဲက တဦးဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေ နဲ့ သူ့ရဲ့ သားဖြစ်သူ ဇေသီဟတို့ကို ဖမ်းဆီးလိုက်တဲ့သတင်းပဲ ဖြစ်ပါတယ်။ 

အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ရဲစခန်း အမှုဖွင့်တဲ့မှတ်တမ်းစာ အရဆိုရင်တော့ ဗဟန်းမြို့နယ်မှာရှိတဲ့ စစ်တပ်ထံက အငှားစာချုပ်နဲ့ ငှားရမ်းထားတဲ့ မြေပေါ်က အဆောက်အဦကို ဖြိုဖျက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနဆီက ငှားရမ်းစဥ် ပေးဖို့ သဘောတူထားတဲ့ ငှားရမ်းခကို ပြည့်ပြည့်ဝဝ မပေးဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တိုင်ကြားထားတဲ့ စာဖြစ်ပါတယ်။ 

ငှားရမ်းစာချုပ် စတင်တဲ့ကာလက ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်ပြီး မြို့တော်ဝန် အိမ်လို့ ခေါ်ဆိုတဲ့ အိမ်နဲ့ ဧည့်ဂေဟာ အဆောက်အဦ ၂ ခုကို ဦးခင်ရွှေက ဖြိုဖျက်ခဲ့တယ် ဆိုပါတယ်။ 

ဦးခင်ရွှေဟာ ယခင် ဦးသန်းရွှေ စစ်အစိုးရလက်ထက် ဆယ်စုနှစ်တွေအတွင်းမှာ ချမ်းသာကြွယ်ဝခဲ့ပြီး အိမ်ယာဖွံ့ဖြိုးရေးစီမံကိန်းတွေ အတွက် မြေတွေခွင့်ပြုချက်ရတာ၊ တခြားဟိုတယ်လုပ်ငန်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်း စတဲ့ အစိုးရနဲ့ ရင်းနှီးပြီး အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်တွေနဲ့ အကျိုးတူကိစ္စရပ်တွေ လုပ်ကိုင်ခဲ့ရာက ကြီးပွားချမ်းသာလာတာလို့ အများစုက သိရှိထားကြတာ ဖြစ်ပါတယ်။ ယခင်စစ်အစိုးရလက်ထက်က အာဏာ အရ နံပါတ် ၄ ဖြစ်တဲ့ ဦးရွှေမန်းနဲ့ ခမီးခမက်တော်ကာ ဦးရွှေမန်းအာဏာရှိစဥ်ကာလတွေဖြစ်တဲ့ ၂၀၁၅ ခုနှစ်အထိ အာဏာရဲ့အကာအကွယ်ကို ရရှိခဲ့တာ သံသယဖြစ်စရာမရှိပါဘူး။ အဲဒီကာလတွေက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လည်း ဖြစ်ခဲ့သလို ၂၀၁၀ကနေ ၂၀၁၅ ခုနှစ်အထိ လွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်း ပါဝင်ခဲ့ကာ ကြံ့ခိုင်ရေးပါတီရဲ့ အာဏာဖြန့်ကျက်ရေး မဟာဗျူဟာထဲက တခုဖြစ်တဲ့ သာသနနုဂ္ဂဟ အသင်းအဖွဲ့တွေ ဖွဲ့စည်းရေး ကုန်ကျစရိတ်ကို ကျခံရေးလိုမျိုးမှာ တာဝန်ယူ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ မဘသ အဖွဲ့လို အလားတူ ဘာသာရေးကို အခြေပြုပြီး ပါတီနိုင်ငံရေး အာဏာကို ပံ့ပိုးအထောက်အကူပြုမယ့် အဖွဲ့အစည်းကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ 

ခုလို အဖမ်းခံရတဲ့ သတင်းမှာပါတဲ့ ရှေးဟောင်း အဆောက်အဦကာကွယ်ရေး ဥပဒေနဲ့ ဖမ်းဆီးတယ်ဆိုတဲ့ ဒီအကြောင်းပြချက်တွေက အဓိကကျတဲ့ အချက်တွေမဟုတ်ဘူးဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဒီထက် အရေးပါတဲ့ အာဏာအသိုက်အဝန်းက အုပ်စုတချို့ကို ဖယ်ရှားလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တယ်လို့လည်း ယူဆစရာ ရှိပါတယ်။ 

အခုရက်ပိုင်းမှာပဲ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်း စီးပွားကူးသန်းဝန်ကြီးဖြစ်သူ ဦးအောင်သန်းဦးတို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ သူတို့ကို ဖမ်းဆီးတဲ့ ကိစ္စက ဦးခင်ရွှေတို့ သားအဖ အဖမ်းခံရတဲ့ အဖြစ်အပျက်နဲ့ ဆက်စပ်သလား သီးခြားစီလားတော့ မရှင်းလင်းပါဘူး။ ရန်ကုန်တိုင်း စီးပွားကူးသန်းဝန်ကြီး နဲ့ မြို့တော်ဝန်တို့က ဒလဘက်မှာ မြေယာချပေးတဲ့ ကိစ္စနဲ့ ပတ်သက်တယ်လို့ သတင်းတချို့မှာ ဖော်ပြထားပြီး ဦးခင်ရွှေတို့ ကိစ္စနဲ့ ဆက်စပ်တဲ့ အထောက်အထားတော့ မတွေ့ရပါဘူး။ 

အခုလို မြို့တော်ဝန်၊ တိုင်းဒေသကြီး ဝန်ကြီး၊ ခရိုနီ သားအဖ တို့ဖမ်းဆီးလိုက်တဲ့ အဖြစ်အပျက်ကို စစ်ကောင်စီက ဇတ်တူသားစားနေပြီလားဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။ ဇာတ်တူသားစားတယ် ဆိုရာမှာ ကြံ့ခိုင်ရေးပါတီကို ငွေကြေးအရ ထောက်ပံ့ခဲ့သူ ခရိုနီ အဖမ်းခံရတာ၊ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနဲ့ မြို့တော်ဝန်ကို ဖမ်းဆီးလိုက်တာဟာ စစ်ကောင်စီရဲ့ လက်ရှိ စစ်တပ်ခေါင်းဆောင်တွေ အချင်းချင်း အရေးယူတာမျိုး သဘောတော့ မဟုတ်ပါဘူး။ ကြံ့ခိုင်ရေးပါတီရဲ့ ထောက်ပံ့ရေးအပိုင်းကို တစိတ်တပိုင်း တာဝန်ယူခဲ့သူ၊ ကြံ့ခိုင်ရေးအတွက် ဘာသာရေး အဖွဲ့အစည်းတခုကို ထူထောင်ပံ့ပိုးပေးခဲ့သူ နဲ့ တချိန်က ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် တယောက်ဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ မိသားစုချင်းဆက်စပ်နေသူကို ဖမ်းဆီးလိုက်တာသာ ဖြစ်တယ်လို့ ကောက်ချက်ချရမယ် ထင်ပါတယ်။ 

အလားတူပဲ မြို့တော်ဝန်၊ ပြည်နယ်တိုင်း အဆင့်ဝန်ကြီးတဦးကို ဖမ်းဆီးထိန်းသိမ်းတာမျိုးကလည်း ယခင် ကြံ့ခိုင်ရေးပါတီရဲ့ တရားမဝင် လုပ်ရပ်တွေဖြစ်တဲ့ စွမ်းအားရှင်လို ဆန္ဒပြထောက်ခံမှုတွေမှာ ကုန်ကျစရိတ်အတွက် ငွေကြေးလိုအပ်ချက်တွေကို ရှာဖွေဖြည့်ဆည်းပေးပြီး ကိုယ်ကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့်တွေ ရရှိတဲ့ ဆန်စပါးလုပ်ငန်းရှင်အသင်းက အမှုဆောင်တဦးဖြစ်တဲ့ ဦးအောင်သန်းဦးလိုသူကို ဖမ်းဆီးလိုက်တာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်လို့သာ ယူဆစရာ ရှိပါတယ်။ 

စစ်ကောင်စီရဲ့ အာဏာလက်ရှိ ထိပ်ပိုင်းခေါင်းဆောင်တွေအကြား အက်ကြောင်း၊ အုပ်စုကွဲတယ်ဆိုတာမျိုး အထိ အဓိပ္ပာယ်ကောက်ယူဖို့အထိတော့ ပြောဖို့စောသေးတယ်လို့သာ ဆိုရပါလိမ့်မယ်။ 

ခုမနက်မှာ အထက်က အဖြစ်အပျက်တွေအပြင် အရင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ သူရဦးရွှေမန်းသား တိုးနိုင်မန်းတို့ပါ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ  ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြနေကြပြီး တချို့သတင်းဌာနတွေကလည်း ကူးယူဖော်ပြကာ နာရီအနည်းငယ်အကြာမှာ ဦးရဲထွဋ်က ၄င်းအနေနဲ့ ဖမ်းဆီးခံရခြင်းမရှိကြောင်း ရှင်းလင်းရေးသားတဲ့ ပို့စ်တွေ တက်လာတာလည်း တွေ့နေရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar