Breaking News

မင်းကိုနိုင် - ဘယ် "လော်" ကိုယုံရမှာလဲ.....

မင်းကိုနိုင် - ဘယ် "လော်" ကိုယုံရမှာလဲ.....
(မိုးမခ) မတ် ၃၁၊ ၂၀၂၂

တခါက တောမြို့တမြို့မှ ာပွဲကြီးတခု ဝှဲချီးကျင်းပပါတယ်။ ကြိုတင်ပြင်ဆင်အချိန်ယူ အစည်းအဝေးတွေလုပ် ကော်မတီတွေဖွဲ့ခဲ့ကြတာပါ။ တကယ်ပွဲတော်ရက်ရောက်တဲ့အခါ အားလုံးမျက်လုံးပြူးစရာ ဒဲ့ဒိုးကြုံပါတော့တယ်။

အဲဒါကတော့ ရွှေပွဲလာတွေ အဆမတန်များလွန်းတဲ့ကိစ္စပါ။ ပွဲလာတယ်ဆိုလို့ ခဏတဖြုတ်မဟုတ်ပါဘူး။ ညအိပ် ညနေပါ။ တစ်ပြည်လုံးကလာကြတာနဲ့ မြို့နီးချုပ်စပ်ကတက်လာတာ ဧည့်သည်ဦးရေဟာ သိန်းဂဏန်းချီနေပါတယ်။ တည်းခိုစရာ မြို့ပေါ်အိမ်တိုင်းလည်း ပြည့်လျှံနေပါပြီ။ ဘုန်းကြီးကျောင်းတွေလည်း မဆန့်တော့ပါဘူး။

ဖုန်းလိုင်းတွေဆို ကြပ်ခဲပြီး ဆက်မရ မရ ဖြစ်ကုန်ပါပြီ။ ဒီအထိပြောချင်တာ မရောက်သေးပါဘူး။ အခက်အခဲတွေကို အဆင်ပြေအောင် နည်းလမ်းစုံသုံး ရှင်းနိုင်ပါသေးတယ်။ အဓိကအချက်က ညမှာ တက်တာပါ။

ပွဲခင်းထဲမှာပေါ့။ အနီးအနားနယ်တွေကျေးရွာတွေက ပရိသတ်တွေဟာ ပွဲခင်းထဲမှာပဲနေတာပါ။ တပိုးတပါးသွားတာကလွဲလို့ ပွဲခင်းထဲ အိပ်၊ ပွဲခင်းထဲ စား။ အကြိုညတွေကကျပ်ပေမယ့် ထိန်းနိုင်ခဲ့ပါတယ်။ ပြဿနာက တကယ်ပွဲကြီးညအရောက်မှာပါ။

သိန်းချီနေတဲ့ပရိသတ်ကိုထိန်းဖို့က ရာဂဏန်းမပြည့်တပြည့် လုံခြုံရေးအင်အား ဘယ်လိုမှမစွမ်းသာတော့ပါဘူး။ ပွဲခင်းဟာ ဘောလုံးကွင်းထက်သာပါတယ်။ ကြပ်ညပ်နေပြီး ဘေးပတ်လည်ဆိုင်ခန်းကိုယ်စီမှာ စပီကာကိုယ်စီနဲ့ဆိုတာလည်း ကြိုမြင်ယောင်ပေးထားပါ။ ပွဲကြီးည အစည်ကားဆုံးအချိန်မှာ ပွဲလန့်ပါတော့တယ်။ ကြပ်သပ်နေတဲ့ ပရိသတ်ခြေချစရာမရှိတဲ့ကြားကို နာမည်ကြီးဖျော်ဖြေရေးအဖွဲ့က ပွဲခင်းထဲဖြတ်ဝင်ပြီး စင်ပေါ်တက်ဖို့ကြိုးစားရာက စတာပါ။

ပိတ်ခဲနေတဲ့ပရိသတ်ဟာ ဝေါခနဲပြိုကျလာပါတယ်။ အော်သံဟစ်သံတွေကြောင့် အထိတ်တလန့်သိလိုက်ရတာကတော့ တယောက်နဲ့တယောက် တက်နင်းမိကုန်ကြပြီဆိုတာပါပဲ။ ကလေးတွေသေကုန်ပါပြီလို့ အသံကုန်အော်တာတွေလည်း ကြားနေရပါတယ်။

လုံခြုံရေးတွေ ချက်ချင်းထရပ်၊ ထိန်းကျောင်းဖို့ကြိုးစားကြပါတယ်။ သို့ပေမယ့် ကြပ်သိပ်နေတဲ့လူအုပ်ကို တိုးလို့မရပါဘူး။ ခက်တာက လူတိုင်း အော်ဟစ်နေကြတာပါ။ ဘယ်သူ့အသံကမှ မလွှမ်းနိုင်ပါဘူး။ ပိုခက်တာက ပွဲခင်းပတ်လည်က ဆိုင်ခန်းတွေကလည်း လော်စပီကာကိုယ်စီနဲ့ သံကုန်ဟစ်နေကြတဲ့အချက်ပါပဲ။ လူအုပ်ကြီးဟာ ထိတ်လန့်တကြား တွန်းကြဝှေ့ကြ၊ သေပါပြီ၊ ဖယ်ကြပါ၊ အော်ကြပေမယ့် စနစ်တကျဖြေရှင်းမှုမရခဲ့ပါဘူး။ ထိုင်မရ ထမရရှေ့နောက် ကြပ်ညပ်ပြီး ပိသူပိ ဖိသူဖိနေကြပါပြီ။

ဒီအချိန်မှာ ဗဟိုစင်မြင့်ပေါ် တာဝန်ရှိသူက တက်ထိမ်းပါတယ်။ အရင်ဆုံးငြိမ်ကြဖို့ ကြောက်လန့်တကြား ကစဉ့်ကလျားမလုပ်ကြဖို့ ပြောဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ အာရုံမရောက်ကြပါဘူး။ ပွဲခင်းပတ်လည်ဆိုင်ခန်းတွေမှာ လော်စပီကာကိုယ်စီ အသံကုန်ဟစ်နေတယ်ဆိုတာအစီ ရင်ခံခဲ့ပြီးပါပြီ။ ဗဟိုစင်မြင့်ကညွှန်ကြားတာလိုက်နာဖို့ထက် ပွဲခင်းပတ်လည်က​ "လော်" တွေကြောင့် ခက်ပါ့။ ဆိုင်တွေကလူတွေဟာ မိုက် ခွက်တွေဆွဲယူပြီးတပြိုင်နက်ဟစ်အော်စီမံနေကြလို့ပါပဲ။

"ဟိုနားကမတိုးနဲ့"
"ဒီဘက်ကရပ်နေ" စသဖြင့် ဘယ်နားကိုဆိုလိုမှန်းမသိ၊ ဘယ်ဘက်ကိုရည်စူးမှန်းမသိ၊ ပတ်ချာလည်​ "လော်" ပေါင်းစုံကအော်သမျှ ပရိသတ်ဟာ ဇဝေဇဝါဖြစ် တိုးမိတိုးရာတွေတိုး နင်းမိနင်းရာနင်းကုန်ကြပါပြီ။

ဗဟိုစင်မြင့်ဆိုတာ အားလုံးသော"လော်" ပိုင်ရှင်များဆိုင်များထက် အစစအရာရာသာတယ်ဆိုတာ သိကြမှာပါ။ လုံခြုံရေးကော်မတီ၊ ဆုံး ဖြတ်ခွင့်ရှိသူတွေ ကြိုတင်ဖွဲ့စည်းစီစဉ်ထားသလို တကွင်းလုံးကို အပေါ်စီးကမြင်နေရတာပါ။ ဒါကြောင့် ဗဟိုစင့်မြင့်ပေါ်က ထိမ်းဖို့ကြိုးစားနေကြတာပါ။

ခက်တာက "လော်" ပေါင်းစုံပိုင်ရှင်တွေပါ။ ဇီးသီးသည်၊ မုန့်လက်ဆောင်းသည်ကအစ "လော်" ပိုင်နေတဲ့ ဒီပွဲခင်းမှ ာလော်ပိုင်သမျှ အော်နိုင်ကြတော့ လန့်နေတဲ့ပွဲခင်းဟာ ဘယ်သူ့စကားနားထောင်ရမှန်းမသိတော့ပါဘူး။ စနစ်ကျတဲ့ဖြေရှင်းမှုကို မရတော့ပါဘူး။

အားလုံးကိုစီးမိုးမြင်နေရတဲ့၊ အားလုံးကြားနိုင်တဲ့အသံရှိတဲ့၊ တကယ်ကြိုတင်တာဝန်လည်းယူထားတဲ့ တခုတည်းသောလော်ပိုင်ရှင် ဖြေရှင်းတာကို ကြားရတာမဟုတ်တော့ ပွဲခင်းဟာ လှုပ်လေမြုပ်လေ ပိုရှုပ်လေ။ ရှင်းလေနင်းလေ အော်သံတွေပိုဆူလေ ဒီမြင်ကွင်းကို စိတ်နဲ့ မြင်မြင်ယောင်ကြမယ်ထင်ပါတယ်။

ဒီလိုမလုပ်နဲ့သေကုန်မယ်၊ ဒီဘက်တိုးလေ ဟိုဘက်ရွှေ့လေ၊ သေတော့မှာပဲ အဲသလို လော်ကိုယ်စီနဲ့အော်ဟစ်နေတာ မြင်ယောင်ကြားယောင်ကြည့်ပါ။ ထိန်းတာနဲ့မတူ လှန့်တာနဲ့ပိုတူလှပါတယ်။ ပွဲပိုလန့်ပါတယ်။

ရုပ်ဝတ္ထုတွေပေါများလွယ်ကူရလာတာနဲ့အမျှ လူတိုင်းလက်ထဲ "လော်" တွေရောက်လာတာဟာ စဉ်းစားစရာရှိလာပါတယ်။ မတရားမှုတွေဒုစရိုက်သမားတွေကို ဟန့်တားဖို့ ဖော်ထုတ်ဖို့ လော်နဲ့အော်ရမယ်။

မှန်ပါတယ်။ ကိုယ့်ကိစ္စကိုတွင်ကျယ်ဖို့ လော်တွေသုံးတာကလည်း မျက်စိမှိတ် မကန့်ကွက်ပါ။ ဒါပေမယ့် လူ့အဖွဲ့ အစည်း "ပွဲလန့်ပြီဟေ့" ဆိုရင်တော့ စနစ်ကျတဲ့ဖြေရှင်းမှု တကယ်လိုပါတယ်။ တတ်ကျွမ်းတဲ့သူတွေ တာဝန်ယူနိုင်တဲ့သူတွေနဲ့ ကြိုဖွဲ့ထားတဲ့အဖွဲ့ရဲ့ "လော်" ကို ဦးစား ပေးရပါမယ်။ တကွင်းလုံးကိုခြုံမြင်နေရတဲ့မျက်လုံးကို လေးစားရပါမယ်။

ခေါင်းအေးအေးထားပြီး စနစ်တကျဖြေရှင်းဖို့ တည်ငြိမ်စွာစည်းရုံးနိုင်ဖို့တော့ အဲဒီဦးစားပေးမိုက်ကိုင်သူမှာ အရည်အချင်းလိုတာပေါ့။ ပြီးတော့ လူပိန်းနားလည်အောင်ပြောတတ်ဖို့လည်း လိုပါတယ်။ ဘာသာရပ်ဆိုင်ရာ ဝေါဟာရတွေပြွတ်သိပ်နေရင် လူအုပ်ပိသေမယ့်သူကိုကွပ်ကဲဖြေရှင်းရာ မရောက်ပါဘူး။

ဒီကြားထဲ လော်ရှိသူအားလုံးက ကိုယ်မြင်ရာ၊ ကိုယ်ထင်သလို အော်နေကြရင်လည်း လူအုပ်ကြီးဟာ နဝေတိမ်တောင် ဇဝေ ဇဝါပိုဖြစ်ပါမယ်။
စေတနာဘယ်လောက်ကောင်းကောင်း ဉာဏ်မဦးစီးရင် အကျိုးဆက်မကောင်းနိုင်တာ့ အားလုံးအသိပါ။ အရေးအကြောင်းဆိုယ် "လော်" ပိုင်ရှင်ပြောတာ နားထောင်ရမလဲ ဘယ်သူက ဘယ်လိုတာဝန်ယူသလဲဆိုတာ ရှင်းနေ ပြတ်နေဖို့ လိုပါတယ်။

အထူးသဖြင့် လူ့အဖွဲ့အစည်းပွဲလန့်တဲ့အခါဘယ်​ "လော်" ကိုယုံရမှာလဲလို့ မေးစရာမလိုအောင် ရှင်းပြီးသားဖြစ်နေသင့်ပါတယ်။ ဖြစ်နေရပါမယ်။

မင်းကိုနိုင်
၃၁ ၃  ၂၀၂၀။

ပြည်သူ့အရေးဂျာနယ်ပါ ဆောင်းပါး ဖြစ်သည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar