မောင်မောင်စိုး - ဖုန်ကြားစင်း (ရှင်း)
(မိုးမခ) ဧပြီ ၁၊ ၂၀၂၂
ဒီနေ့ ဖုန်ကြားစင်း အသုဘ အခန်းအနားပြီးဆုံးပြီး ဂူသွင်းပါတယ်။ အများအာရုံစိုက်ခဲ့ကြရတဲ့ အသုဘအခန်းအနားတခုပါဘဲ။ ဖုန်ကြားစင်းရဲ့ MNDAA နဲ့ AA/TNLA တို့ဟာ ၂၀၁၅ ခုနှစ်က NCA ပါဝင်လက်မှတ်ထိုးဖို့ ငြင်းဆန်ခံခဲ့ရတဲ့အဖွဲ့တွေဖြစ်ပါတယ် ။ ခုတော့ သူတို့ သုံးဖွဲ့ရဲ့သဘောထားက NCA ဟာ အလုပ်မဖြစ်ဘူးလို့ဆိုပြီး NCA ထိုးဖို့ လက်မခံကြတော့သူတွေဖြစ်နေပါပြီ။ ၂၀၁၅ နဲ့ ၂၀၂၂ ကြားကွာခြားချက်တခုကတော့ ဒီအဖွဲ့သုံးဖွဲ့ရဲ့ အင်အားဟာ အဆမတန်ကြီးထွားတောင့်တင်းလာတာပါဘဲ။ ဖုန်ကြားစင်းဟာ ကိုးကန့်အဖွဲ့သာမက ကျန်နှစ်ဖွဲ့ အင်အားတောင့်တင်းလာရေးကိုလည်း ကူညီခဲ့တဲ့သူဖြစ်နေပါတယ်။ လူဦးရေ တသိန်းလောက်ဘဲရှိတဲ့ ကိုးကန့်အနေနဲ့ ကျန်တဲ့အင်အားစုတွေနဲ့ ပူးပေါင်းရမယ်၊ မဟာမိတ်ဖွဲ့ရမယ်။ မဟာမိတ်တွေကို အားကောင်းအောင်ကူညီရမယ်ဆိုတာ ဖုန်ကြားစင်းကောင်းကောင်းနားလည်ထားပုံပါဘဲ။
ဖုန်ကြားစင်းဘဝတလျောက်ကိုကြည့်ရင် အောင်မြင်မှုရော အရေးနိမ့်မှုရောတွေ့ရပါတယ်။ အနိမ့်အမြင့်အတက်အကျများသူတယောက်လို့ ဆိုရပါပါမယ်။ သူကိုကြိုက်သူရော မကြိုက်သူရောအားလုံးက ဖုန်ကြားစင်းကို ကိစ္စကြီးလုပ်နိုင်သူတဦးလို့ သတ်မှတ်ကြပါတယ်။ အားလုံးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိသူလို့ ဆိုကြပါတယ်။ ဒါတော့အမှန်ပါဘဲ လူ့အဖွဲ့အစည်းမှာ ဒီလိုလူမျိုးနည်းပါတယ်။
တပြည်လုံးအုပ်ချုပ်ခဲ့တဲ့ ဦးနုတို့ ဗိုလ်နေဝင်းတို့ အသုဘထက် ဖုန်ကြားစင်းအသုဘက အပုံကြီးခန်းနားပါတယ်။ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေတက်ရောက်ကြသလို တရုတ်ပြည်ယူနန်အစိုးရကိုယ်စားလှယ်လည်း တက်ရောက်တာတွေ့ရပါတယ်။ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ အရာရှိတွေ တက်တာလဲတွေ့ရပါတယ်။ NUG ကိုယ်စားလှယ်လို့လဲပြောတဲ့ KNDF ကိုယ်စားလှယ်တွေလဲ တွေ့ရပါတယ်။ထိပ်တိုက်တွေ့နေတဲ့ အင်အားစုတွေတက်တဲ့ အသုဘတခုဖြစ်ပြီး ရှုပ်ထွေးပြီး ပရိယာယ်များတဲ့ မြန်မာ့ပြည်နိုင်ငံရေးအခြေအနေကို ဖေါ်ပြနေပါတယ်။
လူဆိုတာ ကိုယ်သမိုင်းကိုယ်ရေးကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကိုယ်အသုဘတော့ ကိုယ်ကိုတိုင်ချလို့မရပါဘူး။ လူတယောက်ရဲ့ အသုဘအခန်းအနားဆိုတာ ကျန်ရစ်သူတွေရဲ့ ကိုယ့်အပေါ်တန်ဖိုးထားမှုအပြင် နိုင်ငံရေးအခြေအနေများနဲ့ သက်ဆိုင်ပါလိမ့်မယ်။
Photo credit : The Kokang
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar