မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၃၀ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၃၀ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ်လ ၃၀၊ ၂၀၂၂
◾️အချိန်က အဆုံးအဖြတ်ပေးခြင်းမခံရဖို့ အရေးကြီး
မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေး၊ လက်နက်ကိုင်တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖယ်ရှားရေးက တနှစ်နဲ့ ၂ လနီးပါးရှိလာပြီဖြစ်ပါတယ်။ ကုန်လွန်ဖြတ်သန်းခဲ့တဲ့ တနှစ်နဲ့ ၂ လကို ရှုထောင့်အမျိုးမျိုးကနေ ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် အသက်ဆုံးရှုံးရတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ လူငယ်တွေ၊ ပါတီအဖွဲ့အစည်းမှာ ပါဝင်ပြီး တက်တက်ကြွကြွလှုပ်ရှား ပါဝင်သူတွေ၊ သပိတ်ခေါင်းဆောင်တွေ၊ သာမန်ပြည်သူတွေ၊ PDF လက်နက်ကိုင်တွေ၊ စစ်ပွဲမှာ ထိခိုက်သေဆုံးကြရတဲ့ ဒေသခံအရပ်သားတွေ အားလုံးရဲ့ အရေအတွက်ကိုလည်း ကြည့်ပြီး နှမြောတသဖြစ်စရာ အသိအမှတ်ပြုမှတ်တမ်းတင်စရာ ဖြစ်ပါတယ်။
တဖက်မှာလည်း နိုင်ငံရေးအရ အဆင့်ဆင့် ပြောင်းလဲလာခဲ့ပြီး စုဖွဲ့မှု ဖွဲ့စည်းတည်ဆောက်မှုတွေ ရှိလာတာဘယ်လောက်ထိ ခရီးရောက်နေပြီလဲ ဘယ်လောက်ထိ ကျစ်လစ်အားကောင်းသလဲ ဘယ်လောက်ထိ ကျယ် ပြန့်သလဲ လမ်းကြောင်းမှန်ပေါ်ရော ရောက်နေပြီလား စတဲ့ရှုထောင့်တွေကနေလည်း ချဥ်းကပ် အကဲဖြတ်ရမယ်လို့ ထင်ပါတယ်။
ပြီးခဲ့တဲ့ တနှစ်ကျော် ကာလအတွင်း စစ်အာဏာသိမ်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသူ ၁ သောင်းကျော်ရှိလာပြီး၊ စစ်တပ်လက်ချက်နဲ့ အသက်ဆုံးရှုံးရသူ ၁၇၀၀ ကျော်ရှိပြီလို့ AAPP ရဲ့ ကောက်ယူမှတ်တမ်းတင်ထားတဲ့ စာရင်းတွေမှာ ဖေါ်ပြထားပါတယ်။ အခုသေဆုံးမှု ကိန်းဂဏန်းက လက်နက်ကိုင် တိုက်ပွဲတွေမှာ သေဆုံးကြရသူတွေမပါဝင်သလို စစ်တပ်ကို ထောက်ခံသူ၊ သတင်းပေးလို့ သံသယရှိသူ အစရှိတဲ့ အရပ်သား၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ မပါဝင်ပါဘူး။
နိုင်ငံတကာမှာ ပြင်းထန်တဲ့ စစ်ပွဲဖြစ်ပွားတဲ့ နိုင်ငံတွေ၊ ပိုမိုပြင်းထန် ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်တွေမှာ သေဆုံးမှုအရေအတွက်နဲ့တော့ မနှိုင်းယှဥ်သာပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဆိုရင်တော့ ဆယ်စုနှစ်များစွာအတွင်း အကျယ်ပြန့်ဆုံး အပြင်းထန်ဆုံး လက်နက်ကိုင် ပဋိပက္ခလို့ ဆိုရမှာ ဖြစ်ပါတယ်။
စီးပွားရေးအရ ဆုံးရှုံးမှု၊ ကလေးသူငယ်တွေ ပညာရေး အခွင့်အလမ်း ဆုံးရှုံးမှု၊ အများပြည်သူကျန်းမာရေး စောင့်ရှောက်မှု စနစ်ပျက်စီးရပ်ဆိုင်းသလောက်ဖြစ်နေတဲ့ ဆုံးရှုံးမှုတွေကို မှတ်တမ်းတင် စာရင်းကောက်ယူဖို့ မလွယ်ကူလို့ အရေအတွက်နဲ့ ကိန်းဂဏန်းနဲ့ မပြနိုင်ပေမယ့် အတော်လေး ဆိုးရွားစွာ ကျဆင်းပြိုလဲနေတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။
ဒီအရင်းအနှီးတွေကို ရေးပြခြင်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု တနှစ်ကျော်ကာလမှာ ဘယ် လောက် အကျိုးသက်ရောက်မှု အရင်းအနှီးတွေ ရှိခဲ့တယ်ဆိုတာကို မီးမောင်းထိုးပြလိုတာဖြစ်ပြီး စစ်အာဏာ ရှင်စနစ် ဖြုတ်ချရေးတိုက်ပွဲက ဘယ်လောက်မြန်ဆန်စွာ အောင်မြင်နိုင်မလဲ (သို့မဟုတ်) ရေရှည်သွားမယ့် တိုက်ပွဲလား အချိန်ဘယ်လောက်ကြာနိုင်သလဲဆိုတာ မျှော်လင့်မှန်းဆထားနိုင်ဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။
မနှစ်က သပိတ်တိုက်ပွဲတွေ အားကောင်းစဥ်မှာ စီဒီအမ်နဲ့ သပိတ်တိုက်ပွဲနဲ့ စစ်ကောင်စီကို ဖြုတ်ချဖို့ မျှော်လင့်ခဲ့ကြပြီး တိုက်ပွဲကို ရေတိုအတွင်း အောင်မြင်မှုရလိမ့်မယ်လို့ မှန်းဆမှုတွေရှိခဲ့လိမ့်မှာ ဖြစ်ပါတယ်။ နိုင်ငံရေးတက်ကြွမှု အရှိန်ရနေချိန်မှာ အားစိုက်တွန်းပြီး ဖိအားပေးပေမယ့်လည်း အကြမ်းမဖက် မြို့ပေါ် ဆန္ဒပြတဲ့နည်းလမ်းနဲ့ မဖြုတ်ချနိုင်ဘူးလို့ ယူဆချက်က လအနည်းငယ်အတွင်း ယုံကြည်လာကြကာ လက်နက်ကိုင်တိုက်ခိုက်ဖို့ ပြင်ဆင်လာကြတာ ဖြစ်ပါတယ်။ မြို့ပေါ်မှာ ပျောက်ကျား တိုက်ခိုက်မယ့် နည်းလမ်းနဲ့ ကျေးရွာတွေ (သို့မ ဟုတ်) တိုင်းရင်းသား လက်နက်ကိုင်ဧရိယာအခြေပြုပြီး ပျောက်ကြားစစ်ပွဲ နေရာယူစစ်ပွဲ စသဖြင့် တိုက်ခိုက်မယ့် လမ်းစဥ်တွေကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ပြီ ဆိုရင် ရက်ပိုင်း သီတင်းပတ်၊ လပိုင်းနဲ့တော့ အရှုံးအနိုင် ရလဒ်ပေါ်ထွက်ဖို့ မျှော်လင့်လို့မရတာ အမှန်ပဲဖြစ်ပါတယ်။ အင်အားစုစည်းတာ လေ့ကျင့်တာ လက်နက်ခဲယမ်း စုဆောင်းတာတွေတင် လနဲ့ချီကြာမြင့်နိုင်ပြီး တိုက်ပွဲတွေ ဖေါ်ဆောင်ရာမှာလည်း အချိန်အတိုင်းအတာတခုအထိ လိုအပ်မှာ ဖြစ်ပါတယ်။
စည်းစနစ်မကျသေးတာ၊ လက်နက်အင်အား အလုံအလောက်မရှိသေးတာ၊ လိုအပ်တဲ့ထောက်ပံ့ငွေ မလုံ လောက်တာတွေ ရင်ဆိုင်နေရပေမယ့်လည်း တနှစ်ကျော်ကာလအတွင်း မြို့ပြမှာ ပျောက်ကျားအနေနဲ့ ကျေး လက်တွေမှာ ကိုယ်ထူကိုယ်ထ လက်နက်ကိုင်တပ်တွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဦးဆောင်မှုနဲ့ အမည်အမျိုးမျိုးနဲ့ လက်နက်ကိုင်တပ်တွေ ပေါ်ထွက်လာပြီဖြစ်ပါတယ်။
သို့သော် လက်နက်ခဲယမ်းအလုံအလောက်မရသေးတာ၊ တဖွဲ့နဲ့ တဖွဲ့စုစည်းမှု ဦးဆောင်မှု တခုတည်းအောက် မဟုတ်တာ၊ စစ်ရေး အတွေ့အကြုံအားနည်းတာတွေက လတ်တလောရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုတွေ ဖြစ်နေပါတယ်။
လက်နက်ကိုင်တော်လှန်ရေးတရပ်က အချိန်ယူရမှာဆိုတာ အသေအချာဖြစ်သော်လည်း နိုင်ငံရေးနိုးကြားမှု အရှိန်မကျဆင်းခင်မှာ ထောက်ခံအားပေးတဲ့ လူထုအနေနဲ့ လူးသာလွန့်သာရှိတဲ့အခြေအနေမျိုးမှာ တိုက်ပွဲကို အနိုင်ရအောင် သို့မဟုတ် အခြေအနေတခုထိ ရောက်အောင်လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။
အဲလိုမဟုတ်ရင် တော်လှန်ရေးတိုက်ပွဲ အရှိန်နှေးသွားတာမျိုး၊ လူထုအနေနဲ့ စားဝတ်နေရေး အသက်ရှင်ဖို့ အတွက် ဆိုးရွားစွာ ရုန်းကန်ရှင်သန်ရတဲ့ အခြေအနေမျိုးမှာ နိုင်ငံရေးအပိုင်းကို ထောက်ခံပါဝင်နိုင်ဖို့ အားနည်းသွားတဲ့ အန္တရာယ်လည်း ရှိနိုင်ပါတယ်။ တနည်းပြောရရင် အချိန်တိုအတွင်း နိုင်အောင် တိုက်နိုင်ရင် တိုက်ဖို့နဲ့ မဟုတ်ရင် အချိန်ကြာကြာ တောင့်ခံနိုင်ဖို့ကို သေချာအောင် လုပ်ဖို့ဖြစ်ပါတယ်။
ရန်သူက အချိန်ကို ဝယ်ယူပြီး အကြပ်အတည်းက ထွက်ပေါက်ရသွားတာမျိုး မဖြစ်အောင် မိမိတို့ဘက်က အခြေအနေကို မှန်ကန်စွာ အကဲဖြတ်နိုင်ဖို့ အရေးကြီးကြောင်း နှိုးဆော်လိုက်ရခြင်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar