ကိုသန်းလွင် - စစ်ပြေးဒုက္ခသည်များ
ကိုသန်းလွင် - စစ်ပြေးဒုက္ခသည်များ
(မိုးမခ) ၃၀၊ ၂၀၂၂
( ၁ )
လူအများ နေရာရွှေ့ပြောင်းရခြင်းသည် နောက်ထပ်တဖန် ဖြစ်ပေါ်လာပြန်ပါသည်။
ရုရှား၏ အကြင်နာကင်းမဲ့သော နေရာမရွေး ဗုံးခွဲဖျက်ဆီးမှုများကို ရှောင်ရှားနိုင်ရန် နိုင်ငံပြင်ပသို့ယူကရိန်း ပြည်သူများ ထွက်ပြေးနေကြရသည်မှာ လူ ၃ သန်းကျော်သွားပါပြီ။ အခြားလူ ၂ သန်းကျော်မှာ နိုင်ငံအတွင်းတွင် အိုးအိမ်မဲ့နေရာရွှေ့ပြောင်းနေရပါသည်။ ၎င်းသည် ရုရှားတို့၏ ကျူးကျော်စစ်ကြောင့် စိတ်ထိခိုက်စရာကောင်းသော လူအများနေရာပြောင်းမှုဖြစ်ပြီး မိသားစုမှာတကွဲတပြားဖြစ်ကာ အိုးအိမ်ကို စွန့်ခွာ၍ ထွက်ပြေးနေကြရပါသည်။
သို့သော် လူအများ ဒုက္ခရောက်ရခြင်းမှာ ယခင်က မဖြစ်ခဲ့ဖူးသော အရာမဟုတ်ပါ။ ဘော့စနီးယားနှင့် ဟက်စီဂိုဗီးနားတွင် ၁၉၉၂ ခုက လူ ၁ သန်းမျှ အိုးအိမ်တို့ကို စွန့်ခွာ၍ ထွက်ပြေးကြပါသည်။ ၁၉၉၅ ခု စစ်ပြီးသွားသောအခါ လူဦးရေ၏ တဝက်ကျော်ကျော် နေစရာ ပျောက်သွားကြရခြင်း ဖြစ်ပါသည်။ ထိုအထဲမှ လူများစွာတို့မှာ မိမိနိုင်ငံတွင်းမှာပဲ ဖြစ်ပါသည်။ ၂၀ ရာစုတွင် ဥရောပတလွှားမှာ များလှစွာသော စစ်ပြေး၊ စစ်ရှောင် ဒုက္ခသည်များ၏ နေစရာဖြစ်လာခဲ့ပါသည်။
စစ်ကြီးဖြစ်စဉ်အတွင်းနေရာပျောက်၍ လုံခြုံမှုမရှိခြင်းမှာ ဆိုးရွားလှသော်လည်း ထိုသူများကို အကာအ ကွယ်ပေးမည့်သူများ ပေါ်လာခြင်းကြောင့် လူအများစိတ်သက်သာရာ ရခဲ့ကြပါသည်။ ထို့ပြင် လူပေါင်းများစွာကို နေစရာရှာပေးနိုင်ခြင်းမှာလည်း ဥရောပသားတို့ တီထွင်ချက်တခုဖြစ်နေပါသည်။ ဤသို့လူအများကိုအိုးအိမ်များကို စွန့်ခွာထွက်ပြေးရမှုမှာ ဆိုဗီယက်နိုင်ငံ ပြိုကွဲပြီးသည်မှ အကြီးမားဆုံးအဖြစ်အပျက်ပင် ဖြစ်ပါသည်။
( ၂ )
၂၀၂၀ ပြည့်နှစ်အကုန်တွင် ကမ္ဘာတဝန်းလုံး၌ လူ ၈၂ ဒသမ ၄ သန်းကျော်မျှ မိမိတို့နေရာမှ ရွှေ့ပြောင်း နေထိုင်ကြရပါသည်။ လွန်ခဲ့သော အဖြစ်ဆိုးများသည် လူတို့၏ဘဝကို ပြောင်းလဲရန်အခြေအနေများကို ဖြစ်ပေါ် စေခဲ့ပါသည်။ ယနေ့ ဥရောပတလွှားတွင် မြင်နေရသော ယူကရိန်းစစ်ပြေးဒုက္ခသည်များအား နေရာအနှံ့ ကြိုဆိုနေကြခြင်းကို တွေ့မြင်ရသောအခါ အနာဂတ်အတွက် စိတ်အားတက်ဖွယ် ဖြစ်ပါသည်။
စစ်ပြေးဒုက္ခသည် ဆိုသော စကားသည် မှတ်ဉာဏ်ဝယ် ခွဲမရနိုင်ဘဲ တွဲလွဲခိုနေတတ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်းက လူ ၁၀ သန်းခန့်မှာ ဂျာမနီမှ နှင်ထုတ်ခြင်းခံခဲ့ရပါသည်။ လူကြီး၊ မိန်းမနှင့် ကလေးငယ်များမှာ သူတို့နေထိုင်ရာ ဥရောပ အရှေ့အလယ်ပိုင်းကို စွန့်ခွာ၍ ထွက်ပြေးခဲ့ကြရပါသည်။ လူ သန်းတဝက်ခန့်မှာ ယူကရိန်း လူမျိုးများ၊ တစ်သန်းခန့်သော ပိုလန်လူမျိုးတို့မှာ ပိုလန်နှင့် ဆိုဗီယက်နယ်ခြား မျဉ်းကြောင်းပြန်လည်ဆွဲချိန်မှာ နေရာပျောက်ကြရပါသည်။
ပထမကမ္ဘာစစ်အပြီးတွင်လည်း အလားတူအဖြစ်မျိုး ကြုံခဲ့ကြရပါသည်။ စစ်မဖြစ်မီ၊ ဖြစ်ဆဲနှင့် စစ်ပြီးကာလများတွင် လူအစုလိုက်အပြုံလိုက် ဥရောပတွင် နေရာ ရွှေ့ပြောင်းကြရပါသည်။ စစ်အတွင်း လူ ၁၅ သန်းခန့် နေရာရွှေ့ပြောင်းခဲ့ရပါသည်။ နိုင်ငံရပ်ခြားမှ ကျူးကျော်လာမှုများကြောင့် ဘယ်လ်ဂျီယံလူမျိုးတို့သည် ၁၉၁၄ ခုနှစ်တွင် လည်းကောင်း၊ ဆားဗီးယားတွင် ၁၉၁၅ ခုနှစ်တွင် လည်းကောင်း ထွက်ပြေး တိမ်းရှောင်ကြရပါသည်။ ယနေ့ ယူကရိန်းတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် နှိုင်းယှဉ်ကြည့်နိုင်ကြပါသည်။ အိမ်ခြေရာခြေ မဲ့သွားကြသော လူဦးရေမှာ တနိုင်ငံလုံး၏ ငါးပုံ တစ်ပုံနှင့် ဆယ်ပုံ တစ်ပုံ အသီးသီးရှိကြပါသည်။
ဥရောပပြင်ပ အိန္ဒိယတွင်လည်း ပါကစ္စတန်နှင့် ခွဲရာတွင် လူဦးရေ ၁၄ သန်းမှ ၁၅ သန်းအထိ ရက်တိုတိုကလေးအတွင်း အိုးအိမ်ပျောက်ခဲ့ရပါသည်။ ပန်ဂျပ်ပြည်နယ်တွင် ၁၉၄၇ နောက်ပိုင်း ၃ လအတွင်း ဖြစ်ပွားခဲ့သော အိန္ဒိယပြည်ကို ခွဲလိုက်သည့်အတွက် လူ ၈ သန်းခန့်မှာ နယ်နိမိတ်မျဉ်းကြောင်းအသစ်ကို ကျော်ဖြတ်၍ ပြေးကြရပါသည်။
၁၀ စုနှစ်နှစ်ခုမျှအကြာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်ဟု ဖြစ်ပေါ်လာရသည့် ဖြစ်စဉ်အတွင်း လူဦးရေ ၃ သန်းမျှ ရက်သတ္တပတ်အနည်းငယ်အတွင်း ဒုက္ခရောက်ခဲ့ကြပါသည်။
ထိုကဲ့သို့ သမိုင်းက ဖြစ်ရပ်များက ကျွန်တော်တို့ ယနေ့အခြေအနေကို နားလည်နိုင်အောင် အကူအညီပေးပါသည်။ စစ်ပြေးဒုက္ခသည်များ၏ အရေအတွက်မှာ အဖြစ်အပျက်၏ အချို့တဝက်မျှသာ ဖြစ်ပါသည်။ ယခင်က ဖြစ်ပျက်ခဲ့သော လူထုအတွင်း ကြီးစွာဒုက္ခရောက်ရခြင်းကို ကူညီရန် လူသားတို့ ဝိုင်းဝန်းဆောင်ရွက်ကြပါသည်။ ၁၉၃၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သော စပိန်ပြည်တွင်းစစ်ကြောင့် စစ်ပြေးများရှိလာခဲ့ရာ ၎င်းတို့ကို စားစရာနေစရာနှင့် ခေတ္တခဏ ခိုမှီနိုင်မည့်နေရာများကို လူသားအချင်းချင်း စာနာစိတ်ဖြင့် ကူညီခဲ့ကြပါသည်။ ထိုအထဲတွင် ရုရှား တို့လည်း ပါခဲ့ပါသည်။
စစ်ပြေးဒုက္ခသည် ပြဿနာများမှာ များပြားလှသည့်အလျောက် ၎င်းတို့အတွက် တာရှည်ခံသော အင်စတီကျူးရှင်းနှင့် ပြသနာများကို ဖြေရှင်းပေးခြင်းများ ပေါ်ပေါက်ခဲ့ပါသည်။ ပထမဦးစွာ ရုရှားနှင့် ဥရောပအရှေ့အလယ်ပိုင်းတွင် ဖြစ်ခဲ့သော ပြဿနာက နိုင်ငံရေးနှင့် သံတမန်များလို စစ်ပြေးများကို ကာကွယ်ရန် စတင်ခဲ့ပါသည်။ ရုရှားတော်လှန်ရေးနှင့်အတူ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်က ကမ္ဘာ့အဖွဲ့အစည်း (League Of Nations) ကို ၁၉၂၁ ခုနှစ်တွင် (High Commission For Refugees) ကို ဖန်တီးစေခဲ့ပါသည်။ ၎င်းသည် စစ်ပြေးသူများကို အကာအကွယ်ပေးရန်ဖြစ်သည့် ကမ္ဘာ၏ဦးဆုံးအဖွဲ့အစည်း ဖြစ်ပါသည်။ ဥရောပနိုင်ငံ မဟုတ်သည့် ၁၉၃၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အီတလီတို့၏ အီသီယိုပီးယားနိုင်ငံသားတို့အပေါ်ဖိနှိပ်မှုကို မကူညီနိုင်ခဲ့ပါ။ သို့သော် သူတို့လုပ်နေကျလုပ်ငန်းစဉ်ကလွဲ၍ တခြားအလုပ်များကို လုပ်ကိုင်ပေးနိုင်ခဲ့ပါသည်။ ဥရောပတွင် ဖြစ်ခဲ့သော ရုရှားနှင့် အာမေးနီးယံ လူမျိုး ၂ သန်းကျော်တို့အတွက် ပတ်စပို့စ်များ ထုတ်ပေးနိုင်ခဲ့ပြီး စစ်ပြေးများအတွက် အသနားခံတင်နိုင်သည့် အစည်းအရုံးတခု ဖြစ်လာခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ လူတို့၏ တီထွင်ကြံဆလိုသော စိတ်ဖြင့် အင်စတီကျူးရှင်းအသစ်ကို နာဇီတို့၏ ဒဏ်ကိုခံရသူတို့အတွက် ဖန်တီးလာကြပါသည်။ အရှေ့ဥရောပတွင် စစ်ကြီးအပြီး၌ ပိတ်မိနေသောလူအများရှိရာ ၁၉၄၆ ခုနှစ်တွင် သူတို့သည် မိမိနေရပ်သို့ ပြန်ရန် ငြင်းဆိုကြသည်။ အကြောင်းမှာ သူတို့ဇာတိရပ်များသည် ကွန်မြူနစ်တို့လက်အောက်သို့ ကျရောက်နေ၍ ဖြစ်သည်။ အမေရိကန်၊ အင်္ဂလန်နှင့် ပြင်သစ်တို့က အပြည်ပြည်ဆိုင်ရာ စစ်ပြေးဒုက္ခသည်များအတွက် အသင်းတခု ထူထောင်လိုကြပါသည်။ မိမိတို့နေရပ်ကို ပြန်သွားပါက အစိုးရများ၏ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်းကို ခံရသည့်သူများကို ကာကွယ်ရန် ဖြစ်ပါသည်။
ယခင်က ဖွဲ့စည်းခဲ့သော စစ်ပြေးဒုက္ခသည် ကော်မရှင်အစား ၅ နှစ်အကြာ ၁၉၅၁ ခုနှစ်တွင် UNHCR ကို (United Nations High Commision For Refugees) ဖွဲ့စည်းလိုက်ကြပါသည်။ ထိုကော်မရှင်က လူတို့သည် မိမိနိုင်ငံသို့ ပြန်ရေး၊ မပြန်ရေးကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်ကြပြီး ၎င်းသည် ဤအဖွဲ့ကြီး၏ လက်သုံးစကား “Cornerstone” ဖြစ်လာခဲ့ပါသည်။
ဤသည်မှာ ပြည့်စုံရန် အဝေးကြီး လိုပါသေးသည်။ ဤအဖွဲ့ကြီးက သတ်မှတ်သည့် စစ်ပြေးဒုက္ခသည် ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်များကို ဖြတ်ကျော်ခဲ့သူများကိုသာ ရည်ညွှန်းပြီးနယ်စပ်ကို မဖြတ်ကျော်ရသေးပါက စစ်ပြေးဒုက္ခသည်များ မဟုတ်ကြပါ။ နယ်စပ်ကို မရောက်နိုင်ဘဲ ပြည်တွင်းမှာသာ အိမ်မှ ထွက်ပြေးရသူများမှာ အကျုံးမဝင်တော့ပါ။
စစ်ပြေးဒုက္ခသည်ဟု သတ်မှတ်ခံရခြင်းမှာ အလွန်ကျဉ်းမြောင်းသော အဓိပ္ပာယ်သတ်မှတ်ချက်များထားရှိပါသည်။ မကြာခင်က ဆီးရီးယားပြည်တွင်းစစ်ကို ရှောင်ပြေး ထွက်ပြေးကြသူ ၇ သန်းကျော်နှင့် အာဖဂန်နစ္စတန်မှ ထွက်ပြေးကြသူ ၃ သန်း၊ ရီမင်နိုင်ငံ၊ တောင်ဆူဒန်နိုင်ငံတို့မှ စစ်ပြေးရသူများမှာ စာရင်းမဝင်နိုင်ဘဲ ဖြစ်နေပါသည်။
( ၃ )
သို့သော် ယူကရိန်းအရေးကို တုံ့ပြန်မှုမှာ တမျိုး ဖြစ်သည်။ ယူကရိန်းတို့ကို ဥရောပတတိုက်လုံးမှ ကြိုဆိုကြသည်။ ဥရောပကောင်စီဝင်နိုင်ငံများက သူတို့နိုင်ငံများတွင် နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ကို ပေးကြသည်။ သူတို့နိုင်ငံအသီးသီးတွင် နေထိုင်စဉ်အတွင်း လူမှုရေး ရပိုင်ခွင့်များနှင့် ပညာသင်ကြားပိုင်ခွင့်တို့ကို ပေးမည်ဖြစ်သည်။ ထိုသို့ ချက်ချင်းရရှိလာသော အခွင့်အရေးများမှာ များစွာ ကြိုဆိုဖွယ် ဖြစ်ပါသည်။
ဆီးရီးယား စစ်ပြေးများကို ဆက်ဆံပုံနှင့် မနှိုင်းယှဉ်သာပါ။ ၎င်းတို့သည် ဂရိကျွန်းမှ စစ်ပြေးဒုက္ခသည်များစခန်းတွင် ပိတ်လှောင်ထားခြင်းခံရသည်။ ထို့အတူ ယူကရိန်း၏ အနောက်ဘက် ဘော်ဒါတလျှောက်၌ ထွက်ပြေးလာကြသော အာဖရိကနှင့် အာရှစစ်ရှောင်သူများမှာ ဒုက္ခကြီးမားစွာ တွေ့နေကြရသည်။
ဥရောပနိုင်ငံများမှ ခေါင်းဆောင်များသည် အကြမ်းဖက်မှုမှ ရှောင်ပြေးလာသော ဒုက္ခသည်များအပေါ်၌လည်း အလားတူ အကြင်နာကရုဏာထားသင့်သည်။ ယခု ယူကရိန်းအရေးကို ကူညီမှုများမှာ ဒုက္ခရောက်သူအားလုံးကို ကူညီရန်အတွက် အကူအညီ (Catalyst) သဖွယ် ဖြစ်သင့်ပါသည်။
ကိုသန်းလွင်
Ref: Europe has been here before. Peter Gatrell N.Y. Times March 15 2022.
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar