Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၉ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၁ လ ၂၉ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၃၀၊ ၂၀၂၂


မတ် ၂၉၊ ၂၀၂၂ - ဖက်ဆစ်များနဲ့ စျေးဆစ်ကြမလား၊ အဆုံးထိ တိုက်ပွဲလား

နွေဦးတော်လှန်ရေးကာလ ၁ နှစ် ၂လ နီးပါး ရောက်လာပါပြီ။ စစ်အုပ်စုရဲ့ NCA လမ်းကြောင်းဘက်ကနေ လှုပ်ရှားမှုတွေအထဲမှာ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် နိုင်ငံရေးပါတီအစုအဖွဲ့တွေကို အစည်းအဝေးလုပ်ဖို့ ဖိတ်ခေါ်တဲ့ သတင်းထွက်လာပါတယ်။ သတင်းတွေထဲမှာ ဖော်ပြထားတာက သည်လိုပါ။ 

“စစ်အုပ်စုရဲ့ NCA အလုပ်အဖွဲ့တွေထဲက ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲ ပြုလုပ်မယ်ဆိုပြီး နိုင်ငံရေးပါတီ ၉၂ ပါတီကို UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ ကနေ ဖိတ်စာ မတ် ၂၈ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၃၀ ရက်နေ့မှာ ဇွန်းမိတင်လုပ်မယ်လို့ သူတို့ထုတ်ပြန်တဲ့ စာအရ သိရပါတယ်။ ထုတ်ပြန်သူကတော့ နိုင်ငံရေးပါတီအစုအဖွဲ့၏ ဒုဥက္ကဋ္ဌကိုယ်စား ချိုချိုကျော်ငြိမ်းက လက်မှတ်ထိုးထားပါတယ်။ … (Radio NUG)”

လက်ရှိမှာ လွှတ်တော်မခေါ်နိုင်တဲ့ စစ်ကောင်စီက ခြေဥပြင်ဆင်ဖို့ NCA အကိုင်းထဲက UPDJC နိင်ငံရေးပါတီအစုကို ခွင့်ပြုတာက လိမ်ညာမှုသက်သက်ပဲလို့ အတိုက်အခံတဦးက ဆိုပါတယ်။ “ သူတို့  ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲက ကြည့်ရင်ကို ၂၀၀၈ ကို ပြင်လို့ရတဲ့ ပလက်ဖောင်းက တခုတည်းရှိတာ၊ အဲဒါ လွှတ်တော်လို့ဖော်ပြထားတယ်။ အဲဒါကြောင့် အခု စာက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စလို့ ပြောရင် လိမ်တာဖြစ်နေပြီ” လို့ သူက တုံ့ပြန်ထားပါတယ်။

သတင်းသမားတွ သုံးသပ်တာကတော့ - စစ်အုပ်စုနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ နိုင်ငံရေးအစုအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေ ပါဝင်တဲ့ NCA လုပ်ငန်းစဉ်တွေထဲကနေ အခုလို ခြေလှမ်းတွေ လှမ်းလာချိန်ဟာ CRPH NUG NUCC တို့ဘက်က ဖယ်ဒရယ်ပဋိဉာဏ် အပိုင်း ၁ နဲ့ ၂  ထုတ်ပြန်လာတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ စစ်အုပ်စုဟာ ခုချိန်ထိ ၂၀၀၈ ခြေဥထဲမှာ ပိတ်မိနေတယ်။ လက်ရှိ တော်လှန်ရေးအစိုးရနဲ့ မဟာမိတ်တွေအတွက်ကတော့ အခုပြည်သူ့ညီလာခံက အတည်ပြုပေးလိုက်တဲ့ လမ်းပြမြေပုံနဲ့ ဖယ်ဒရယ်ပဋိညာဉ် ၁နဲ့  ၂ က လက်တွေ့ ပိုကျတာ၊ တိုင်းရင်းသားတွေ နိုင်ငံရေးအစုအဖွဲ့အစုံ အင်အားစုံ ယူနစ်စုံ ပါဝင်နိုင်တာဖြစ်ပါတယ်။ လူထုအားလုံးပါဝင်နိုင်တဲ့ ညီလာခံ၊ ကိုယ်စားပြုမှုနဲ့ ဆန္ဒခံယူခြင်းတွေ ပါဝင်နေတာဟာ ၂၀၀၈ ခြေဥနဲ့ အခြေခံခြားနားချက် ဖြစ်ပါတယ်။

သို့ပေမဲ့ မြန်မာစစ်ကောင်စီဘက်ကို စေ့စပ်ဆွေးနွေး အဖြေရှာပေးချင်နေတဲ့ တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှ အာဆီယံအသင်းတို့ကလည်း မြန်မာအကျပ်အတည်းထွက်ပေါက် သူတို့ဘာသာရေး လမ်းပြမြေပုံကို ကိုင်စွဲနေဆဲဖြစ်ပြီး အနောက်အုပ်စု ဥရောပနဲ့ အမေရိကန်ကလည်း တိုက်ရိုက်ဝင်စွက်ဖက်တာ မလုပ်ဘဲ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ တရုတ်အစိုးရကိုယ်တိုင်က မြန်မာပြည်တွင်းမှာ ထိတွေ့ဆက်ဆံမှုတွေ လုပ်လာတယ်လို့ ဝေဖန်ခံလာရပါတယ်။

မြန်မာအရေး သုံးသပ်ရေးသားနေသူ ကိုမောင်မောင်စိုးက သူ့အမြင်ကို ဆိုရှယ်မီဒီယာမှာ အခုလို ရေးသားထားပါတယ်။ 

“မြန်မာ့အရေးနှင့်တရုတ်ခြေလှမ်းသစ် … 

 ၂၀၂၁ ခုနှစ် အထူးသံတမန် ဆွန်ကော့ရှန် မြန်မာပြည် လာပြီးနောက်ပိုင်း  မြန်မာအရေးနဲ့ပတ်သက်၍ တရုတ်တို့ ရှေ့ထွက်လှုပ်ရှားမှု မရှိတော့ပေ။ အာဆီယံ၏ နောက်ကွယ်၌သာ နေသည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ် ရုရှား ယူကရိန်းစစ်ပွဲဖြစ်ပြီးနောက်ပိုင်းဖြစ်သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်း၌ တရုတ်တို့ မြန်မာ့အရေးနှင့်ပတ်သက်၍  ရှေ့ပြန်ထွက်လာသည်၊ ပြန်လှုပ်လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က တွေ့ဆုံဆွေးနွေးလမ်းကြောင်းကို ရပ်ခံနေသည့် ပြည်သူ့ပါတီမှ ဦးကိုကိုကြီးနှင့် တွေ့ဆုံဆွေးနွေးသည်ကို တွေ့ရသည်။ နစက နိုင်ငံခြားရေးရာဝန်ကြီးကို မတ်လကုန်တွင် တရုတ်နိုင်ငံသို့ ဖိတ်ကြားသည်ကို တွေ့ရသည်။ ထွက်ပေါက်ပိတ်နေသော မြန်မာ့အရေးနဲ့ပတ်သက်ပြီး အချိန်ကာလကြာမြင့်သွားမည်ကို စိုးရိမ်ပြီး တရုတ်တို့ စိတ်နည်းနည်း လောလာပြီလော၊ သို့မဟုတ် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အခင်းအကျင်းအသစ်များကြောင့်‌လော၊ သို့မဟုတ် အာစီယံအနေနှင့် အဖြေရှာရန် မဖြစ်နိုင်တော့၍လော၊ သို့မဟုတ် ထိုအချက်အားလုံး ဆုံကျလာခြင်းကြောင့်လော ဆိုသည်ကိုတော့ မသဲကွဲ‌သေး‌ပေ။ သို့သော်လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ တနှစ်နီးပါးခန့် ငြိမ်သက်နေပြီး သတိကြီးစွာထား၍ ချဉ်းကပ်နေသည့် တရုတ်တို့ ခြေလှမ်းသစ်တခု စတင်လိုက်ပြီဟုဆိုလျင် မှားမည်‌တော့မထင်ပါ။” လို့ သူက ရေးသားထားပါတယ်။

ပြည်တွင်းစစ်အရှိန်မြင့်တက်နေပြီး PDF များ အင်အားကောင်း ခုခံစစ်ပြင်းထန်သည့် နေရာများ စစ်မျက်နှာစုံ ရင်ဆိုင်နေရချိန်မှာ စစ်ကောင်စီဘက်က ကြားခံအင်အားတွေ ထုတ်သုံးပြီး နိုင်ငံရေးအရှိန်ကို အားလျော့ကျအောင်လုပ်နေတဲ့ထုံးစံ ဖြစ်ပါတယ်။ ကြားခံအင်အားတွေဆိုတာက သူတို့ကို မလွန်ဆန်နိုင်တဲ့၊ အကျိုးစီးပွားချင်း တူညီကြတဲ့ နိုင်ငံရေးပါတီ၊ မီဒီယာ၊ စာပေအနုပညာ၊ တိုင်းရင်းသား၊ အစုအဖွဲ့တွေ ကို အသုံးချပြီး အာရုံတွေ ထွေပြားအောင် လုပ်တာမျိုး ဖြစ်ပါတယ်။ အဲသည်လိုအချိန်မျိုးမှာ စေ့စပ်ဆွေးနွေး အဖြေရှာရေးတို့ compromise စျေးလျော့ရေး စျေးဆစ်ခံပေးရေးတွေက အသံတွေ ကျယ်လောင်လာတတ်ပါတယ်။

ယူကရိန်းမှာ စစ်ရေးအရ အဆုံးအရှုံးတွေ များပြားလာတဲ့ ကျုးကျော်သူ ရုရှားက အခုချိန်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို တူရကီနိုင်ငံ ကြားခံပြီး ဆောင်ရွက်လာတာ တွေ့ရပါတယ်။ စေ့စပ်ကြရာမှာ ရုရှား လိုလားတဲ့ နယ်မြေတွေ ယူကရိန်းလက်အောက်ကနေ လွတ်မြောက်ဖို့၊ ခရိုင်းမီးယား တိုက်ရိုက်ကုန်းလမ်းကြောင်းပွင့်ဖို့ ကုန်းမြေတွေကို ရုရှားကို ပေးအပ်ဖို့ ဒါတွေ ရှေ့တန်းတင်လာတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ရုရှားက စစ်ရှိန်လျော့မယ်လို့ ဆိုပါတယ်။ နောက်တဆင့် သဘောတူကြရင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ကြမယ်တဲ့။ ယူကရိန်း ခေါင်းဆောင်ကတော့ နောက်တခါ စစ်မဖြစ်ဖို့ အာမခံရန်၊ အကာအကွယ်ပေးကြရန်၊ နျူကလီးယားကင်းစင်သည့်နိုင်ငံ၊ ကြားနေနိုင်ငံအဖြစ် ရပ်တည်သွားရန် စတဲ့ အချက်တွေ တောင်းဆိုမယ်လို့ ဆိုပါတယ်။ သေချာတော့ မဆုံးဖြတ်ကြသေးပါဘူး။ 

သမိုင်းမှာကတော့ ဟစ်တလာက အိမ်နီးချင်း နိုင်ငံငယ်တွေ သိမ်းတော့ ကျန်နိုင်ငံကြီးတွေက လက်ပိုက်ကြည့်နေခဲ့ကြဖူးပါတယ်။ နောက်ဆုံး ဟစ်တလာက ဥရောပတခုလုံးကနေ ရုရှား၊ အာဖရိကား နယ်ချဲ့စစ်ခြေဆန့်တော့မှ ကမ္ဘာစစ်ဖြစ်ပြီး ဇာတ်သိမ်းကြရတဲ့ သမိုင်းအစဉ်အလာရှိခဲ့ပါတယ်။ အခုကတော့ စစ်ကို ရှောင်ချင်တဲ့ အနောက်အုပ်စု အရင်းရှင်နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေက ကြားနေတဲ့ အဖြေကိုပဲ ရွေးကြလေမလား မသိပါ။ ငါတို့တသက် စစ်မဖြစ်ရင် ပြီးရော နောက်မျိုးဆက်ကျမှ ကမ္ဘာပျက်ချင် ပျက်ပစေလို့ မျက်နှာလွှဲနေကြလေသလား မသိပါ။

မြန်မာနွေဦးတော်လှန်ရေးကတော့ အစကတည်းက ကြွေးကြော်သံက အဆုံးထိ CDM၊ အဆုံးထိ တိုက်သွားမယ်။ စစ် ၃ စစ် အမြစ်ဖြတ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်လို့ ဆိုထားပါတယ်။ ဆက်လက် မှတ်တမ်းရေးပြီး စောင့်ကြည့်သွားကြရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar