Breaking News

ခွန်ဆိုင်း - တော်လှန်ရေးသမား ပရိုပိုဆယ်ရေးတတ်ဖို့ လိုပြီလား

ခွန်ဆိုင်း - တော်လှန်ရေးသမား ပရိုပိုဆယ်ရေးတတ်ဖို့ လိုပြီလား
(မိုးမခ) မတ် ၁၅၊ ၂၀၂၂

အမေရိကန်အစိုးရက မြန်မာပြည်ကို ၁၃၆ သန်း ကူညီမယ်ဆိုတဲ့အတည်ပြုသတင်းဟာ ပြည်သူတွေအတွက် ဝမ်းသာစရာပါ။ ဒီကူညီမှုဟာ အာဏာသိမ်းထားတဲ့စစ်တပ်နဲ့ ဘာမှမဆိုင်ဘူး။ NUG, NUCC, CRPH,  EROs, CDM အဖွဲ့တွေဆီကတဆင့်ကူညီမှာဆိုတော့ မြန်မာ့တော်လှန်အင်အားစုတွေအ‌ပေါ် ထင်ထင်ရှားရှား အသိအ မှတ်ပြုလိုက်ခြင်းတမျိုးလို့ပြောလို့ရပါတယ်။ ဒီအတွက် အားတက်စရာတွေဖြစ်ပေမယ့် ဒီငွေကြေးကို တာဝန် ခံရမယ့်သူတွေဖက်မှာလဲ တွေးတွေးဆဆ လုပ်စရာတွေ တပုံကြီးဖြစ်လာပါတယ်။ ကျွန်တော့်သဘောအတိုင်းဆို အမေရိကန်ပြည်သူတွေကို အခွန်ကောက်ရင်းရလာတဲ့ ဒီလိုငွေကြေးမျိုးထက် သူတို့လက်ထဲရောက်နေတဲ့ မြန်မာပြည်သူတွေပိုင်တဲ့ ဒေါ်လာသန်းတစ်ထောင်ကိုသာ လွတ်လွတ်ကျွတ်ကျွတ် ရလိုက်ချင်တာပါ။ ကိုယ့်ငွေ ကိုယ်သုံးပြီး ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဆိုတဲ့ တော်လှန်ရေးဦးစားပေး ခေါင်းစဉ်တခုတည်းဦးတည်ပြီး လွတ်လွတ်ကျွတ်ကျွတ် သုံးလိုက်ချင်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ ကျော် ၈၈ အလွန်လောက်ကလဲ အခုလို အကြမ်းမဖက်ခေါင်းစဉ် ငွေစာရင်းခေါင်းစဉ်အမျိုးမျိုးအောက်က ကူခဲ့တဲ့ ငွေကြေးတွေကြား တော်လှန်ရေးခရီးသွားအတူတူချင်း အဆင့်တွေကွဲ စိတ်ဝမ်းတွေကွဲခဲ့ကြဖူးတယ်။ တော်လှန်ရေးအဓွန့်ရှည်ပါစေ၊ နင်ပဲ ငဆတွေ ဖြစ်ခဲ့ကြဖူးတယ်။ ဒီငွေတွေသုံးရလို့ ပေစုတ်စုတ်တော်လှန်ရေးသမား အပျံစားအန်ဂျီအိုဖြစ်ဖူးတယ်။ ခေါင်းစဉ်တွေသတိထား ကြည့်လိုက်တဲ့အခါ အခုတော် လှန်ရေးကလဲ ပရိုပိုဆယ်ရေးတတ်ဖို့ လိုပြန်ပြီလားဆိုတဲ့မေးခွန်း ကျွန်တော့်ခေါင်းထဲရောက်လာပြန်ပါတယ်။ ကန့်သတ်ထားတဲ့ ပရိုပိုဆယ်ခေါင်းစဉ်အောက်ကို ရအောင်ဝင်ရင်း တော်လှန်လူငယ်တယောက် ချက်သမတနိုင်ငံ၊ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတွေရောက်၊ ပေးတဲ့  transitional justice သင်တန်းတွေတက် ဆာတီဖိကိတ်တွေယူ၊ အဲဒီမှာပဲ အာရုံနစ်နေမလား။ ရေသစ်မြေသစ် လူထုအံတုမှုက အဖြေအသစ်လား၊ အကြမ်းမဖက်တဲ့ ဝိုင်ယဉ်ကျေးမှုကို တခုတ်တရ သာယာသွားမလား။ ချင်းမိုင်ဟော်တယ်ခန်းမကြီးထဲ ဝင်လိုက်ကြ ထွက်လိုက်ကြ၊ ဘက်မလိုက်ရတဲ့ မီဒီယာစခန်းတွေဆီ တနှစ်တခါ မှန်မှန်ရောက်ကြ၊ ဆွေးနွေးငြင်းခုန် သဘောမတူခြင်းအရသာကိုသောက်ကြတဲ့အခါ သောင်ရင်းမြစ်ကိုမကူး၊ ဖလူးစခန်းမှာကျန်နေခဲ့တဲ့ ရဲဘော်တွေကို မေ့သွားမလား။ သူတို့မှာလိုက်တဲ့ နှုတ်ခမ်းနီရှာလို့ မတွေ့ ဖြစ်နေမလား။ နှစ်၇၀ ကျော် အမြစ်တွယ်ခွင့်ရလို့ ခိုင်သလိုထင်ရတာပါ။ ဒီတခါတော့ စစ်အာဏာရှင်စနစ်ကို တကယ်အပြတ်ဖြတ်ကြမယ်လေ။ အလှူ့ရှင်တွေဖက်က ဒီတခါမှာကော တကယ်စိတ်အားသန်သန်ဖြစ်ပါလေစ။ ပိုင်းပိုင်းဖြတ်ဖြတ် ဖြစ်ပါလေစ။ 

စစ်မြေပြင် လူနာကောက်ရတဲ့အခါမျိုးမှာတောင် အကျဉ်းအကြပ်ရောက်လာရင် လူနာအားလုံးကို ကောက်ခွင့်မသာ၊ ဦးစားပေးကောက်ခဲ့ရတာမျိုး ရှိစမြဲပါ။ ဒီလိုပဲ နွေဦးတော်လှန်ရေးတနှစ်ပြည့်လာတော့ ပြည်သူတွေရဲ့သုံးစွဲမှုအပိုင်းမှာ ဦးစားပေးသုံးစွဲရတဲ့အလုပ်တွေ တဖြေးဖြေးများလာမှာ သဘာဝကျကျပါပဲ။ ပထမပိုင်း ပြည်သူတွေ တက်တက်ကြွကြွ ကူကြတယ်ဆိုတာ သပိတ်တိုက်ပွဲဝင်တွေအတွက် မနက်စာတွေ  ညစာတွေ ဖွယ်ဖွယ်ရာရာ ဖြစ်ခဲ့တာပေါ့။ အအေးဗူး၊ ရေဗူးတွေလှိုင်လှိုင်ကမ်းခဲ့ကြတာပေါ့။ နောက်ပိုင်း သပိတ်တွေ အကြမ်းဖက် ဖြိုခွင်းခံရတဲ့အချိန် ဦးစားပေးကိစ္စက ဒိုင်းကာအဖွဲ့ဝင်တွေ ဖြစ်လာတယ်။ သူတို့ကို စစ်တပ်ကပစ်မှတ်ထားတယ်။ သူတို့ အထိအခိုက်နဲ‌နိုင်သမျှနဲရေး၊ သူတို့ အကာအကွယ်ဖြစ်ရေး၊ သူတို့ အသက်လုံခြုံရေး ဦးစားပေး ငွေကြေးသုံးစွဲရတယ်။ ဆန္ဒပြရင်း သေနတ်မှန်တဲ့ လူနာတွေအရေး၊ အသည်းအသန် အသက်လု‌ရတဲ့အရေး၊ စွန့်လွှတ်အသက်ပေးသွားတဲ့ ရဲဘော်ာ ရဲမေတွေရဲ့ ကျန်ရစ်ခဲ့တဲ့မိသားစုတွေအရေးဆိုတာတွေ ဆက် တိုက်အ‌ရေးကြီးလာတယ်။ သူတို့ကို ဂရုပြုစောင့်ရှောက်ကြဖို့၊ တခါ လစာမရ‌တော့တဲ့ စီဒီအမ်ဝန်ထမ်းမိသား စုတွေရဲ့ စားဝတ်နေရေး  ၃၆၈-/၊ သူတို့ကို စောင့်ရှောက်ကူညီကြဖို့၊ တခါ ထောင်ကျသွားတဲ့ ရဲဘော်များ ထောင်ဝင်စာတွေဖန်တီးပေးဖို့၊ အရေးပေါင်းစုံတွေ တခုပြီးတခု၊ စက်တင်ဘာနောက်ပိုင်းရောက်ချိန်မှာတော့ ဒီဒေးနဲ့အတူ ပထမဦးစားပေးဖြစ်လာတာက ခုခံတော်လှန်စစ်အတွက် တပ်ဦးက ရဲဘော်တွေလိုအပ်တာ အတိုအရှည်တွေ၊ အုန်းသီး၊ နာနတ်သီးတွေ၊ အခက်အခဲကကြီးလာလေလေ၊ တော်လှန်ရေးအတွက် အရင်းအနှီးတွေများလာလေလေ။ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ပြည်နယ်ကာကွယ်ဖို့ ပီဒီအက်ဖ်မျိုးဆက်လူငယ်တွေ အုံနဲ့ကျင်းနဲ့ တော်လှန်ရေးထဲခုန်ဝင်လာကြတယ်။ သူတို့လိုတဲ့အတိုက သိန်း ၃၀၊ အရှည်က သိန်း ၅၀၊ နောက်ပိုင်း သိန်း ၈၀ အထိ စျေးတက်တယ်။ ပြည်သူတွေအတွက်က သေ‌ရေးရှင်ရေးဆိုပေမယ့် ဒါကို တမင်ကုန်ကူးသူတွေအတွက် များများမြတ်ရေးဖြစ်နေမလား။ အကြပ်အတည်းဖြစ်လာတဲ့အခါ ကိစ္စအားလုံးကိုနိုင်နင်းအောင် မကူနိုင်တော့ပဲ ဦးစားပေးခေါင်းစဉ်တွေ ကာလအလိုက် ပြောင်းလာကြတယ်။ ဦးစားပေးရတာတွေပြောင်းသွားတိုင်း မူလပထမဦးစားပေးက တတိယ စတုတ္တနေရာကိုဆင်းသွားတိုင်း ကူကြရသူတွေမှာလဲ အသဲတွေ အကြိမ်ကြိမ်ကွဲရပါတယ်။ 

ဥပမာ - CDM ဆရာမတယောက်က သူ့အမေ တကယ်မမာမကျန်းဖြစ်လို့ ငွေကြေးအခက်အခဲတွေရှိလို့ သူ့ကိုကူညီကြဖို့ ဖဘမှာထောင်ထားတဲ့ စာမျက်နှာချက်ဘောက်ကနေ သူ့ Kpay အကောင့်လေး ပို့ရှာတယ်။  သူ့မှတ်ပုံတင်- သူ့ CDM နံပါတ်လေးတွေပြရှာတယ်။ သူ့ကို ကူညီနိုင်မလားပြောတဲ့အချိန် ကူညီသူတွေဖက်က နှုတ်ခမ်းနီ ၃ တောင့်နဲ့ ရှေ့တန်းထွက်နေတဲ့ရွာသားတွေကိစ္စက အ‌‌ရေးကြီးနေတယ်၊ သူတို့ရွာကို  ဖက်ဆစ်စစ်တပ်ရန်က ခုခံကာကွယ်နေတဲ့ တော်လှန်ရေးတပ်သားအသက်တွေ ပိုအ‌ရေးကြီးနေတယ်။ သူတို့  ပိုလုံခြုံအောင် တလုံးထိုးတွေ များများကိုင်နိုင်အောင်ထုတ်လုပ်ရတဲ့ အချိန်။ နှုတ်ခမ်းနီတစ်တောင့် ခြောက်ထောင်ကျပ်စျေးနဲ့ ရင်းနှီးရတဲ့အချိန်။ နောက်တန်းထက် ရှေ့တန်းသွားမယ့်သူတွေကို ပထမဦးစားပေးရတဲ့အချိန်။ တလလောက်ကြာသွားတော့ ဆရာမက သူ့အမေရဲ့ အသုဘဖိတ်စာလေးကို  ချက်ဘောက်ကနေပို့ပြီး စိတ်နာနာနဲ့  သူ့ စိတ်ရှိတိုင်း ရင်ဖွင့်ပါတော့တယ်။ ရှင်တို့မကူနိုင်ခဲ့လို့ ကျမအမေ ကွယ်လွန်ရတာတဲ့။ ပြောချင်တာတွေပြောပြီးရင် သူ ရင်ပေါ့သွားပါစေတော့။ ကိုယ့်အခက်အခဲတွေကို ဘာမှပြန်မပြောသာ။ တာဝန်ယူသူတွေ ကိုယ်စီ ကိုယ်စီမှာ စတိုရီတွေ အလုံအလောက်နဲ့ အသဲကွဲစရာတွေရှိခဲ့တယ်။ လက်နက်ကြီးကျည်စ ဗိုက်ပြတ်ရှဒဏ်ရာကို ဘယ်မှမသွားသာလို့ ရွာမှာကြိတ်ကုရင်း အသက်ပေးရတဲ့ရဲဘော်အတွက် ရွာသားတွေနဲ့ အတူတူ တိုးတိုးတိတ်တိတ်  အသဲကွဲကြမယ်။ တော်လှန်ရေး‌အဓွန့်မရှည်စေကြောင်း ဦးစားပေးကိစ္စဟာ ပီဒီအက်ဖ်တွေမဟုတ်ဘူးလား။ အီးအာအိုတွေ မဟုတ်ဘူးလား။ တော်လှန်ရေးမှာ ခေါင်းစဥ်တိုင်းအရေးကြီးတယ်ဆိုပေမယ့် တော်လှန်ရေးရဲ့ ပင်မရေစီးကြောင်းကို အားကောင်းမောင်းသန်စေချင်တယ်။ 

၈၈ တုန်းက တပါတီအာဏာရှင်စနစ်တော်လှန်ရေးမှာ တောထဲမှာကျန်ခဲ့တဲ့ တော်လှန်ရေးတပ်သားတွေ၊ ဒုက္ခသည်စခန်းမှာကျန်ခဲ့တဲ့ တော် လှန်ရေးတပ်သားတွေ၊ ခံတွင်းအချဉ်ပြေ ဆေးပေါ့လိပ်တောင် သောက်စရာမရှိတဲ့အချိန်။ အသက် ၅၀ ကျော် တော်လှန်ရေးသမားတယောက်၊ ယူဂျီတယောက် မဲဆောက်ရောက်တဲ့အချိန် သူ့ဦးနှောက်အကန့်တချို့ထိခိုက်ခဲ့ပြီးပြီ။ ရေကြည်အိုင်မှာ သစ်သားမျဉ်းလုံးနဲ့အချက်များစွာ သူ့ခေါင်းကို အရိုက်ခဲ့ရတယ်လို့ ပြောတယ်။ ခင်ဗျား အီးမေးလ်သုံးတတ်မှဖြစ်မယ်၊ ပတ်စ်ဝဒ်ကို ဒီလိုအလွယ်မှတ်ပါဆိုပေမယ့် သူက  ဘာအာရုံမှ စူးစိုက်လို့မရဘူး။ တခုခုတွေးတာနဲ့ ခေါင်းကိုက်လာတယ်ဆိုတဲ့ အခြေအနေ။ ဒီလိုတော်လှန်‌ရေးသမား ပရိုပိုဆယ် ဘယ်လို  ‌‌ရေးမလဲ။ ပရိုပိုဆယ်‌က နိုင်ငံရေးကိုဦး‌ဆောင်ပြီး တော်လှန်ရေးကနောက်တန်းရောက်သွားတာမျိုးတော့ မဖြစ်သင့်ဘူး။ အားလုံးက ပရိုပိုဆယ်ခေါင်းစဉ်အောက်ကို အာရုံရောက်သွားပြီး အသွင်ကူးပြောင်းကာလ တရားမျှတမှုအကြောင်း၊ လူမျိုး အသားအရောင် လိင်ခွဲခြားမှုအကြောင်း၊  ကျားမတန်းတူညီမျှရေးအကြောင်း လူ့အခွင့်အ‌ရေးကြေငြာစာတမ်းအကြောင်း ထောင်းလမောင်းချေရင်း။ အချက်အလက်တွေစနစ်တကျစုဆောင်းရင်း၊ နိုင်ငံတကာရောက်နေတဲ့ အမတ်တွေ၊ နိုင်ငံခြားတိုင်းပြည်တပြည်မှာ အစည်းအဝေးတက်ရင်း ပြည်တွင်းနဲ့ ဝေးသွားတဲ့ကာလတွေ ရှိဖူးတယ်။ ပြည်သူ့မီဒီယာတွေလဲ အောင်မြင်ခဲ့ဖူးတယ်။ တော်လှန်ရေးကိုတိုင်းရင်းသားတွေဆီမှာချန်ခဲ့။ ပြည်တွင်းပြန်မဝင်ရင် ဒိုနာတွေက ကူညီတာတွေရပ်မယ်ဆိုလို့ ပြည်တွင်းကိုဝင်ခဲ့ရတာမျိုး။ စစ်တပ်ကို အမြစ်မပြတ်နိုင်ခဲ့တော့ ဆယ်စုနှစ်တခုအကျော်မှာ မီဒီယာတွေလဲ ပြန်ထွက်ပြေးရတယ်။ အန်ဂျီအို စီဘီအိုတွေလဲ ပြည်တွင်းမှာ မရပ်နိုင်ကြတော့ဘူး။ 

ဒီတခါတော့ အဆုံးထိသွားမယ်လို့ နွေဦးတော်လှန်ရေးက တိုက်ပွဲခေါ်ထားခဲ့ပြီ။ NUG, NUCC, CRPH, EROs, CDM သူတို့ အားလုံးဆီမှာ တော်လှန်ရေးအောင်မြင်ဘို့သာ အဓိက။ ကိစ္စအားလုံးရဲ့ပထမလို့ သန္ဓိဌါန်ချထားခဲ့ကြပြီ။

စစ်ကိုင်းတိုင်းကို ဖုန်းအင်တာနက်တွေဖြတ်ထားတဲ့အချိန် ဗိုလ်နဂါးရဲ့ခါးမှာ  ဂြိုလ်တုဖုန်းတလုံးလောက် မလိုဘူးလား။ တော်ဝင်နဂါးတပ်မှူးတွေဆီမှာ Satellite Phone တလုံးစီမလိုဘူးလား။ စစ်ကောင်စီလွှတ်လိုက်တဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ရွာတွေဆီမရောက်ခင် ရွာသားတွေ ကြိုရှောင်တိမ်းလို့ရအောင်ပေါ့။ ဒီမောဆို စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ကယ်ဆယ်ရေးအသင်းတွေလက်ထဲမှာကော ဆက်သွယ်ရေးစက်တွေ မလိုဘူးလား။ စစ်ရှောင်စခန်းတွေပေါ် စကစ ဗုံးမကြဲခင်၊ လက်နက်ကြီးကျည်တွေမကျခင် လွတ်ရာကို ရှောင်နိုင်ကြအောင်၊ ဘေးအန္တရာယ်ကျနေရင်လဲ အဖြစ်မှန် အချက်အလက်အပြည့်အစုံကို သတင်းဌါနတွေ ဒေတာစုဆောင်းတဲ့အဖွဲ့တွေဆီ အချိန်မီသတင်းပို့နိုင်တာပေါ့။ ထန်တလန်က CBO တွေကိုလဲ မိုင်းရှာကရိယာတွေ ဝယ်မ‌ပေးသင့်ဘူးလား။ စကစတပ်တွေက ရွာသားတွေ သွားတတ်လာတတ်တဲ့နေရာတွေ၊ အလုပ်လုပ်တဲ့ တောင်ယာတွေထဲ မိုင်းထောင်ထားတတ်လို့  ရွာထဲမဝင်ရဲ တောင်ယာခင်းထဲ မသွားရဲဖြစ်နေတဲ့ ထန်တလန်သားတွေအတွက် မလိုဘူးလား။ ဒီလို တကယ်လိုတာမျိုးကို EROS တွေက ပရိုပိုဆယ်ရေးရမလား။ CBOs တွေ ရေးရမလား။  NUG- MOD က ရေးရမလား။

ဒီမိုကရေစီရေး၊ စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရေး၊ အမျိုးသမီးနဲ့ ကလေး သူငယ်များအရေး၊ စိုက်ပျိုးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ချပေးတဲ့ခေါင်းစဉ်တွေတော့ အများကြီး (လက်နက်ကိုင်တာနဲ့ မပတ်သက်ရဘူး)။ 

မတ်လ ၁၁ ရက်နေ့ အမေရိကန်က ဘတ်ဂျက်တွေအတည်ပြုပြီး မတ်လ ၁၃ ရက်နေ့မှာတော့ NUG ရဲ့ ကာကွယ်‌ရေးဝန်ကြီး ဦးရည်မွန်က အခုအထိ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် မြန်မာပြည်သူတွေကူညီထားတဲ့ ငွေ သန်း ၃၀ ရထားခဲ့ပြီးပြီ။ ငွေကြေးရဲ့  ၈၅ ရာခိုင်နှုန်းကို ပီဒီအက်ဖ်တွေ လနတပ်ဆင်‌ရေးနဲ့ထုတ်လုပ်ရေးမှာ သုံးထားတယ်။ ဘယ်ပြည်ပနိုင်ငံကမှ အကူအညီတပြားတချပ် မရသေးဘူးလို့ ပြောလိုက်ပါတယ်။  

မြန်မာအ‌ရေး စိတ်ပါလက်ပါကူညီနေတဲ့ ချက်နိုင်ငံသား အိုက်ဂေါကလဲ နွေဦးတော်လှန်‌ရေးမှာ နိုင်ငံခြားအကူအညီဆိုတာ ၂၀ ရာခိုင်နှုန်းပဲ အရေးပါတယ်။ ကျန်တာ မြန်မာပြည်သူတွေကြိုးစားရမှာလို့ သုံးသပ်ပါတယ်။ 

ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့ ရဲဘော်စိတ် ငါတို့မဟာမိတ်တွေအကူအညီနဲ့ ပီဒီအက်ဖ်တွေ မာမာချာချာဖြစ်ရေးသာ ပထမဦးစားပေး။ ပရိုပိုဆယ်ကတော့ ‌ရေးတတ်သူတွေ ရေးရန်ဖြစ်ပါတယ်။ 

ခွန်ဆိုင်း 
၁၅-၃-၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar