ကျော်မင်းထွန်း (New York) - မျိုးသုဉ်းသတ္တဝါ
(မိုးမခ) မတ် ၁၁၊ ၂၀၂၂
(၁)
သူတို့နဲ့ သဟဇာတမဖြစ်ရင်..
အင်္ဂလန်ကို ပညာတော်သင်မသွားရဘူး
အထူးကုသမားတော်ကြီး မဖြစ်ဘူး
ရာထူးမတက်တော့ဘူး။
သူတို့နဲ့ သဟဇာတမဖြစ်ရင်..
ခရိုနီလို ကန်ထရိုက်ခွင်တွေမရဘူး
ကျွန်းပင်တွေခိုးခုတ်ခွင့် မရဘူး
အမေရိကန်ဒေါ်လာ မဝင်ဘူး။
(၂)
သူ့ပြည်သူနဲ့ သဟဇာတမဖြစ်တဲ့အခါ
ဂျာမဏီမှာ "ဟစ်တလာ” ဆိုတာ
ပျောက်ကွယ်သွားဖူးတယ်
အာဏာရှင်မျိုးသုဉ်းသွားဖူးတယ်။
သူ့ပြည်သူနဲ့ သဟဇာတမဖြစ်တဲ့အခါ
အီရတ်မှာ”ဆဒမ်ဟူစိန်” ဆိုတာ
နွားပြာလည်လိမ်ဖြစ်သွားဖူးတယ်
အာဏာရှင်မျိုးသုဉ်းသွားဖူးတယ်။
သူ့ပြည်သူနဲ့ သဟဇာတမဖြစ်တဲ့အခါ
လစ်ဗျားမှာ “ကဒါဖီ” ဆိုတာ
သဒ္ဒါမညီဖြစ်သွားဖူးတယ်
အာဏာရှင်မျိုးသုဉ်းသွားဖူးတယ်။
(၃)
ကမ္ဘာနဲ့ သဟဇာတမဖြစ်ရင်တော့
ဒိုင်နိုဆောကြီးတွေလည်း
ပျောက်ကွယ်သွားရတယ်
အင်အားကြီးပေမယ့် မျိုးသုဉ်းသွားရတယ်။
မြန်မာပြည်သူနဲ့ သဟဇာတမဖြစ်ရင်တော့
အာဏာရှင်စစ်ကောင်စီဆိုတာ
မကြာမီ မျိုးသုဉ်းပျောက်ကွယ်ရတော့မယ့်
ဒိုင်နိုဆောကြီးပေါ့။ ။
ကျော်မင်းထွန်း (New York)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar