မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၁၀ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) မတ် ၁၁၊ ၂၀၂၂
◾️ဆာဆာကာဝါရဲ့ ချင်းမိုင်ခရီးစဉ်နဲ့ ပြည်တွင်းက တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်ခံရမှုတွေ
ခုလ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံလာရောက်ဖို့ရှိတဲ့ အာဆီယံရဲ့ မြန်မာအထူးကိုယ်စားလှယ်ဖြစ်သူက မြန်မာ့အရေးမှာ ကြားဝင်ကူညီပေးဖို့ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါကို အကူအညီတောင်းခံခဲ့ပြီးနောက် သီတင်းပတ်အတွင်းမှာပဲ ဆာဆာကာဝါက RCSS၊ KNPP၊ KNU နဲ့ PPST အဖွဲ့တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထဲ ပါရှိပါတယ်။
သတင်းဖေါ်ပြမှုတွေအရတော့ ပဋိပက္ခဧရိယာတွေမှာ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးကို အဓိကဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်နေတဲ့ အဓိက လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးအရဦးဆောင်မှုနေရာမှာရှိတဲ့ NUG တို့နဲ့ ဆွေးနွေးမှုမျိုးကိုတော့ အလှမ်းဝေးနေသေးတဲ့သဘောတွေ့ရမှာပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအထဲ အင်အားကြီးမားတဲ့ အဖွဲ့တွေဖြစ်တဲ့ RCSS၊ KNU၊ KNPP တို့လိုနဲ့ တွေ့ဆုံရာမှာ လက်ရှိဖြစ်ပွားနေတဲ့ဒေသတွေမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့အရေးကို ဆွေးနွေးခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
ကြားဝင်ဆောင်ရွက်သူတွေအနေနဲ့ နိုင်ငံရေး အာဏာဆိုင်ရာ သဘောထားအခြေခံရပ်တည်ချက်တွေနဲ့ပတ်သက်လို့ ကြားဝင်စေ့စပ် လုပ်ဆောင်နိုင်တဲ့အနေအထားမျိုး လောလောဆယ်မှာ မတွေ့ရသေးတာလည်း ဖြစ်ပါတယ်။ တခုထည်းသော ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံအနေနဲ့ အဲဒီလိုနိုင်ငံရေးပြဿနာကို ကြားဝင်ညှိနှိုင်းဆောင်ရွက်ဖို့ကြိုးစားရာမှာ သဘောတူညီမှု အချက် ၅ ချက် ယမန်နှစ်ဧပြီလကတည်းက ထွက်ပေါ်ခဲ့ပေမယ့် အခုချိန်ထိ အကောင်အထည်မဖေါ်နိုင်သေးတဲ့သဘောကြောင့် နိုင်ငံရေးပြဿနာမှာ အဓိကပါဝင်ဦးဆောင်နေကြတဲ့အဖွဲ့တွေအကြား သဘောထားရပ်တည်ချက်ကွာဟမှုက ကြီးမားနေဆဲ ဖြစ်တာတွေ့ရမှာပါ။
ဆာဆာကာဝါဟာ စစ်အာဏာမသိမ်းမီ ရခိုင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့ AA နဲ့ စစ်တပ်အကြားက တိုက်ခိုက်မှုတွေကို ကြားဝင်ညှိနှိုင်းခဲ့ဖူးပြီး အဲဒီကာလကစတင်ခဲ့တဲ့ စာရွက်မှာ ရေးသားထားတာမဟုတ်တဲ့ နှုတ်သဘောနဲ့ အပစ်ရပ်မှုက အခုချိန်ထိ ရခိုင်ပြည်နယ်မှာ တည်ရှိနေဆဲ ဖြစ်ပါတယ်။
ဒီသာဓကတွေကြောင့် မစ္စတာဆာဆာကာဝါက နှစ်ဘက်လုံးနဲ့ ထိတွေ့စကားပြောနိုင်တဲ့သူ အလွတ်သဘော ပြောဆိုဆွေးနွေးညှိနှိုင်းနိုင်တဲ့ သူအဖြစ်နဲ့ အာဆီယံကလည်း မျက်စေ့ကျကာ ကူညီဆောင်ရွက်ဖို့ ကမ်းလှမ်းတာဖြစ်နိုင်ပါတယ်။
သို့ပေမယ့် အမှန်တကယ် မြေပြင်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့က ပဋိပက္ခတွေ ကိုနိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ကတော့ မျှော်လင့်ချက် ရောင်ခြည်မပေါ်နိုင်သေးတာလည်း တွေ့ရမှာဖြစ်ပါတယ်။
အဲဒီအစား လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး အရပ်သားတွေရဲ့ အသက်ရှင်နေထိုင်နိုင်ရေးအတွက် ရိက္ခာ ဆေးဝါး အမိုးအကာ စတာတွေ ကူညီပေးနိုင်ဖို့က လတ်တလောမှာ အရေးကြီးတဲ့လုပ်ငန်းအဖြစ် စဉ်းစားမှတ်ယူလုပ်ဆောင်နေကြတဲ့သဘောလို့ ယူဆရပါတယ်။
တဖက်မှာ သံတမန်ရေး ဆွေးနွေးမှုတွေ ဖြစ်နိုင်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ ဆွေးနွေးနေကြစဉ်မှာပဲ မြန်မာနိုင်ငံထဲမှာတော့ ဖမ်းဆီးခံထားရသူတွေထဲက တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမား၊ လူငယ်တချို့ကို ပြစ်ဒဏ်ချမှတ်လိုက်တဲ့သတင်းတွေ ဖတ်ရှုနေရပါတယ်။ စစ်အာဏာသိမ်းတဲ့နေ့ကတည်း ဖမ်းဆီးခံခဲ့ရတဲ့ ၈၈ မျိုးဆက်က ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးကို ထောင် ၂ နှစ် ချမှတ်ခဲ့ပြီး ထားဝယ်မြို့မှာ ယမန်နှစ်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တဦးကို ပုဒ်မ၄ မျိုးလောက်နဲ့ စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာလည်း စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ ယခင်အန်အယ်လ်ဒီလက်ထက် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာခက်အောင်ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) နဲ့ ဒဏ်ငွေချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါက်တာခက်အောင်အနေနဲ့ သဘာဝဘေးစီမံလို ပုဒ်မမျိုးနဲ့ ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ချမှတ်ခံရပြီးဖြစ်သလို အဂတိလိုက်စားမှုပုဒ်မတွေနဲ့လည်း စွဲဆိုခံထားရတာဖြစ်ပါတယ်။
ခုရက်အတွင်း အသတ်ခံရမှုတွေ ၊ ကျေးရွာမီးရှို့ခံရမှုတွေ အနေနဲ့တော့ ကလေးမြို့နယ်မှာ အရပ်သား ၂ ဦးသေဆုံးခဲ့ရတဲ့အကြောင်း ဒီနေ့သတင်းတွေမှာ ဖေါ်ပြထားကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ယခင်နေ့တွေက သတင်းတွေပါပြီးဖြစ်တဲ့ ပေါက်မြို့နယ် အင်းငယ်ထောင့်ကျေးရွာက ၄ နှစ်အရွယ်သမီးနဲ့ အမေဖြစ်သူ သေဆုံးရတဲ့အဖြစ်အပျက်အပြင် ကျေးရွာသူ ကျေးရွာသား ၂၉ ဦးအထိ ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။
အခုလို တိုက်ပွဲတွေ ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံရတဲ့ သတင်းတွေ အပြင် အခြားသတင်းတပုဒ်ကတော့ ဗြိတိန်နိုင်ငံမှာ ယမန်နှစ်ကတည်းက စစ်ကောင်စီကို သစ္စာမခံတော့ဘူးလို့ အသိပေးကြေညာခဲ့တဲ့ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ကို သံအမတ်နေအိမ်ကနေ ဖယ်ရှားပေးဖို့ ဗြိတိန်အစိုးရက အသိပေးလာတဲ့အကြောင်း သတင်းဖြစ်ပါတယ်။ သံတမန် လုပ်ထုံးလုပ်နည်းအရ ဗြိတိန်နိုင်ငံဘက်မှာ ဖိအားပေးမှုတွေရှိလာလို့ အခုလို လုပ်ဆောင်ရတယ်လို့လည်း သတင်းတွေက ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar